ဟိုးတလောက ကောင်မလေးတစ်ယောက် Youtube မှာ သီချင်းဆိုလိုက်တာ ရက်ပိုင်းလောက်အတွင်း ကြည့်တဲ့သူတွေ သိန်းကျော်သွားသတဲ့....။ အဲဒီလိုပဲ Facebook မှာ အချို့ စာတိုပေစရေးတဲ့သူတချို့မှာ သူငယ်ချင်းက ၅၀၀၀ လောက်နဲ့ Follower သောင်းပေါင်းများစွာရှိပြီး စာလေးတစ်ခုရေးလိုက်တာနဲ့ လူအတော်များများ သဘောကျပြီဆိုရင် တစ်ရက်တည်းနဲ့ ဖတ်သူပေါင်း သိန်းဂဏန်းလောက်ထိရောက်သွားနိုင်အောင် အချို့ Social network တွေက စွမ်းဆောင်နိုင်တယ်လေ..။
ဒါပေမယ့်လည်း Blog လေးတစ်ခုမှာ ၃ နှစ်နီးပါးလောက် ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ တိတ်တိတ်ကလေး စာရေးနေတဲ့စာရေးဝါသနာပါသူတစ်ယောက်အတွက်တော့ Post ပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကုန်လွန်ပြီးခဲ့တဲ့အခါမှာတော့ Readers counter မှာ ဖတ်သူပေါင်း တစ်သိန်းကျော်ပြီဖြစ်တဲ့အကြောင်း ဂဏန်းလေးတွေ တွေ့လာရတယ်...။ အဲဒီဂဏန်းတွေထဲမှာ ကိုယ်တိုင်ဝင်ဖတ်လို့ Counter number တွေတိုးလာတာက ဘယ်လောက်တောင် များလိုက်မလဲဆိုတာတော့ မတွေးချင်ခဲ့ဘူးလေ..။ အနည်းဆုံးတော့ ကိုယ်ရေးတဲ့စာတွေကိုဖတ်သူ တစ်သိန်းကျော်ဖြစ်သွားပါလား ဆိုတဲ့ ပီတိလေးတစ်ခုကို လွတ်လွတ်လပ်လပ် ခံစားစေချင်မိတာလည်း ပါတာပေါ့ ...။
အချို့သူတွေအတွက်တော့ ဖန်တီးမှုလေးတစ်ခုတည်းနဲ့တင် ရက်ပိုင်းလောက်အတွင်း သိန်းဂဏန်းလောက်အထိ လူသိများအောင် လုပ်နိုင်ချိန်မှာ ကျမအတွက်တော့ ခံစားချက်တွေ၊ အချိန်တွေ၊ ဝါသနာတွေ စသဖြင့် အရင်းအနှီးတချို့နဲ့ ဖန်တီးခဲ့တဲ့ Blog လေးတစ်ခုဟာ အသိအမှတ်ပြု ခံရမှု နည်းခဲ့ပါတယ်...။ ဒါပေမယ့် ဒါကလည်း ကျမရဲ့ ရွေးချယ်မှုပဲ ဖြစ်နေခဲ့တာကိုး .......။ စာရေးတာဝါသနာလည်းပါတယ်၊ ကိုယ်စာရေးတာကို လူအများအသိအမှတ်ပြုတာလည်း ခံချင်တယ်ဆိုရင် ဒီခေတ်မှာ Social network တွေကတဆင့် အများသိအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတာပဲလေ..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် အေးအေးလူလူ စာပဲရေးချင်လို့ ကျမ ဘာမှ မလုပ်ခဲ့ပါဘူး...။ ဖတ်မယ့်သူမရှိလဲ ရေးနေရတာကိုပဲ ကျေနပ်နေတာဆိုတော့ ဂဏန်းတွေဟာ ကျမအတွက်တော့ ဘာမှ အရေးတကြီးမရှိလှပါဘူး.....။
မနေ့က ကျောင်းမှာ reading club လုပ်တဲ့နေ့ဖြစ်ပြီး မနေ့က ကျမက ဦးဆောင်ဆွေးနွေးရမယ့်သူအဖြစ် တာဝန်ကျခဲ့ပါတယ်...။ paper တစ်စောင်ကို ကျမစိတ်ဝင်စားတဲ့အကြောင်းအရာကို ရွေးချယ်လို့ရပြီး အားလုံးကို တစ်ပတ်ကြိုတင်ပြီး ပေးပို့ကာ ဖတ်စေခဲ့ပါတယ်..။ လောလောဆယ် ကျမစိတ်ဝင်စားနေတာ Social ပိုင်းနဲ့ ပတ်သက်တာဆိုတော့ အဲဒါနဲ့ဆိုင်တာပဲ ဖတ်ဖြစ်ခဲ့တယ်...။ အဲဒီစာတမ်းမှာ အဓိကပြောချင်တာက ဒေသခံတွေအတွက် development project တစ်ခုနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်တဲ့သူတွေ အမျိုးအစားအများကြီးရှိတဲ့အထဲမှာ ဘယ်သူက သြဇာသက်ရောက်မှုအများဆုံးဖြစ်သလဲ၊ ဘယ်လို သြဇာအာဏာမျိုး ရှိသလဲဆိုတာရယ်၊ အဲဒီစီမံကိန်းကြောင့် ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာမျိုးကို လေ့လာထားတာပါ..။
အဲဒီမှာ ကျမအဓိက စိတ်ဝင်စားတာက Power လို့ခေါ်တဲ့ မြန်မာမှုပြုရင် သြဇာလို့ ခေါ်လို့ရတယ်ထင်တယ်..။ အဲဒီ Power analysis လုပ်ပုံလုပ်နည်းကို သဘောကျတာပါ..။ စာရေးသူက ပါဝါကို ၃ မျိုး ခွဲခြားပြပါတယ်..။
သူပြောတဲ့ ပါဝါ ၃ မျိုးမှာ ပထမတစ်မျိုးက Coercion လို့ခေါ်တဲ့ တစ်သွေးတစ်သံတစ်မိန့်ပုံစံမျိုးပေါ့..။ လူတွေက သူ့အပေါ်မှာ ဆန့်ကျင်ကောင်းဆန့်ကျင်မှာဖြစ်ပေမယ့်လည်း လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အမိန့်မျိုးနဲ့ ခိုင်းစေတဲ့အခါ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ..လိုက်လုပ်စေတဲ့ အမိန့်အာဏာမျိုး ဖြစ်ပါတယ်..။ နောက်တစ်ခုက Coercion လိုမျိုး အမိန့်အာဏာနဲ့ အတင်းအကြပ်စေခိုင်းတာမျိုးတော့မဟုတ်ဘူး..။ ဒါပေမယ့် တစ်ဖက်လူရဲ့ စိတ်ကို ပြောင်းလဲသွားအောင် တံစိုးလက်ဆောင်တွေနဲ့ စွဲဆောင်ပြီး သိမ်းသွင်းတာမျိုးပေါ့..။ အဲဒီအခါ တစ်ဖက်လူက ဖီဆန်ချင်ကောင်း ဖီဆန်မှာဖြစ်ပေမယ့်လည်းပဲ မက်လုံးတွေကို မက်မောပြီး လိုက်လျောတာမျိုးဖြစ်ပါတယ်.။ သူတို့ ၂ ခု က ဆင်တူတယ်ဆိုရာမှာ တစ်ဖက်လူက ဖီဆန်ချင်ပေမယ့် တစ်သွေးတစ်သံတစ်မိန့်နဲ့ အတင်းအကြပ်ဖြစ်စေ၊ မက်လုံးပေးပြီးဖြစ်စေ သူ့ရဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပါဝါ အမျိုးအစားမျိုးဖြစ်ပါတယ်..။
နောက်အမျိုးအစားတစ်ခုက ယုံကြည်မှုပါ...။ တစ်ဖက်လူကို အတင်းအကြပ်စေခိုင်းလို့လည်းမဟုတ်ဘူး၊ ဘာမှလည်း မက်လုံးမပေးပဲ သူ့ကိုယုံကြည်တာတစ်ခုနဲ့တင်.. ဖီဆန်မှုမရှိဘဲ လိုက်နာဆောင်ရွက်တဲ့ သြဇာမျိုးပါ...။ ကျမတို့ဆီမှာဆိုရင်တော့ ပထမ ၂ မျိးကို အာဏာပါဝါလို့ခေါ်ပြီး Trust ကိုတော့ သြဇာပါဝါလို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်...။
အဲဒါနဲ့ ကျမရေးတဲ့အကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်ချင်တာလည်းဆိုရင် ကျမက အရာအားလုံးကို အရိုးရှင်းဆုံး၊ သဘာဝအကျဆုံး၊ အမှန်ကန်ဆုံးကိုပဲ ကြိုက်ပါတယ်..။ ဥပမာ စကားပြောတာကအစ စိတ်ထဲကမပါဘဲ အခြားသူသဘောကျလောက်အောင် ရွှန်းရွှန်းဝေ ပေါက်ပေါက်ဖောက်နေတတ်တာမျိး၊ ကိုယ့်ရဲ့ သဘာဝအလှအပကိုဖုံးလွှမ်းသွားအောင် Over makeup ပြင်ဆင်တာမျိုး၊ အလုပ်တစ်ခုကို အရိုးရှင်းဆုံးလုပ်လို့ရပေမယ့် စကားတစ်ခုကို အရိုးသားဆုံးပြောလို့ရပေမယ့် လူတွေအထင်ကြီးအောင် တန်ဆာဆင် ဖွဲ့နွဲ့ပြီး ကွေ့ဝိုက်ပြောနေတာမျိုး စသဖြင့် အများကြီးရှိပါသေးတယ်...။ အဲဒါမျိုးတွေကို ကြိုက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး..။
ကျမစာရေးတယ်ဆိုတာမှာလည်း စိတ်ထဲက မပါဘဲနဲ့ ခင်မင်မှုအရဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ မကောင်းတတ်လို့ဖြစ်စေ လာဖတ်နေရမှာမျိုးကို ကျမက အားနာတတ်ပါတယ်..။ အဲဒါကြောင့် ကျမရေးတဲ့စာတွေကို သူငယ်ချင်းတွေကို ငါတော့ ရေးပြီးပြီ.. ဖတ်ကြည့်ကြည့် ဘာညာနဲ့ Coercion သဘောမျိုးလည်း မတိုက်တွန်းဘူး...။ ဘာမက်လုံးမှလည်း မပေးဘူး....။ ဖတ်ချင်ရင် ရအောင်ရှာပြီး ဖတ်ချင်သူက ဖတ်လိမ့်မယ်ဆိုတဲ့ Trust တစ်ခုတည်းပေါ်မှာပဲ ပုံအပ်ထားပါတယ်..။ အဲဒီအခါ အတင်းအကြပ်လည်း မတိုက်တွန်း၊ ဘာမက်လုံးမှလည်း မပေးထားတဲ့ နေရာတစ်ခုမှာ တမင်ဘဲဖြစ်စေ၊ မျက်စေ့လည်လမ်းမှားပြီး ရောက်လာတာပဲဖြစ်စေ၊ ကျမကို ခင်မင်လို့ပဲဖြစ်စေ ရောက်ရှိဖတ်ရှုသူများအားလုံးကို ကျမက တန်ဖိုးထားပါတယ်...။ အားလုံးဟာ စိတ်ထဲက အရင်းခံနဲ့ပဲ ဘာအနှောင်အဖွဲ့မှမရှိဘဲ trust တစ်ခုတည်းနဲ့သာ ဖတ်ကြသူများဖြစ်လို့ အခုမြင်ရတဲ့ တစ်သိန်းကျော်သော ဂဏန်းများဟာ Net value တွေသာဖြစ်ပါတယ်...။
ဘာပဲဖြစ်ဖြစ်ပေါ့လေ......... စာရေးတာကတော့ ပျော်စရာဝါသနာတစ်ခုပါပဲ ...။ လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်စေသလို အသိပညာ ဗဟုသုတတွေလည်း တိုးပွားစေပါတယ်..။ ဘာကြောင့်လဲဆိုရင် စာရေးတဲ့အခါ အကြောင်းအရာတစ်ခုခု ထည့်ရေးချင်တယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး အမှန်ကန်ဆုံးဖြစ်အောင် စာတွေရှာဖတ်ပြီး confirm လုပ်ရသေးတာမျိုးလည်း ရှိတယ်လေ...။ ကိုယ့်အတွေ့အကြုံတွေလည်း ဝေမျှခွင့်ရတယ်၊ တစ်ခုခု စိတ်ထဲမှာ ခံစားနေရတာရှိရင်လည်း ခံစားချက်တစ်ခုအဖြစ် ဖန်တီးပြီး စာရေးပြီး ဖြေဖျောက်လို့ရတယ်....။ အများကြီးပါပဲ ...။ အရေးကြီးဆုံးတစ်ခုက စာရေးရတာကို ကျမပျော်တယ်....။ နောက်ဆုံးအဖြေက ဒါပါပဲ :D :D

.png)

5 comments:
တစ်သိန်းတောင် ကျော်သွားပြီလား၊ အဲဒီတစ်သိန်းထဲမှာ ကျွန်တော်လဲ ပါတယ်နော် :D :D :D
ဟုတ်တယ်တိမ်လွှာ.. စာရေးနေတဲ့အချိန်လေးအတွင်းမှာ စိတ်လဲအေးချမ်း တည်ငြိမ်တယ်။ အာရုံ စူးစူးစိုက်စိုက်နဲ့ တသမတ်တည်းရှိသလို ကိုယ်ရေးလိုက်တဲ့စာမှာ စာလုံးပေါင်းကအစ မှားသွားလေမလားလို့ စိုးရိမ်ပြီး စာလုံးပေါင်းကို စစ်မိတယ်။ တီတင့်ကတော့ ကိုယ့်ကို ပို့စ်တင်ရင်ပြောပါနော်ဆိုတဲ့ သူတွေလောက်တော့ အသိသွားပေးတယ်... :P
ဟယ် တစ်သိန်းပြည့်သွားပြီ။Bravo!Congrats!(^_^)
အသူလဲ အသူဘလော့ဂ်ကိုရင်းနှီးသူဘယ်သူ့ကိုမှမပြောထားမိဘူး။အဓိကကတော့ မဖြူပြောသလိုပဲ.ကိုယ့်စာတွေကို ရင်းနှီးမှုနဲ့အားနာပြီးဖတ်တာထက် သူတို့အမှတ်မထင်တွေ့ပြီးကြိုက်ရာကနေ ဒါအသူရေးတာပါလားလို့သိပြီးကြိုက်သွားတာမျိုးလိုချင်တယ်။အဓိကကတော့ စာရေးရတာကိုပျော်တာပေါ့နော့်။
မနေ့ကထိကို ပို့စ်ထဲcommentမတွေ့တာကိုစိတ်ပျက်နေသေးတာ။ခုတော့အမစာဖတ်ပြီး စိတ်ချမ်းသာသွားပြီ။ထပ်လဲကြိုးစားအုန်းမယ်။
မဖြူဘလော့ဂ်လေး သက်ကျော်ရာကျော်ရှည်ပြီး စာဖတ်သူတွေတိုးပွားပါစေ။
ချစ်တဲ့
@Ahthu
congrats ပါ sis ရေ
Congrats Snow :)
Post a Comment