Thursday, 17 May 2012

Pls don't wake me ♪ ♫ ♥

May 17, 2012 10 Comments

 ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အိပ်မက်တွေ…… အဲဒီအိပ်မက်တွေကြောင့်… ညရောက်ရင်… သူမအိပ်ပျော်မှာကြောက်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ …။ နေ့လည်အချိန်တွေမှာ… ဇွတ်အတင်းမေ့ပစ်ဖို့ ကြိုးစားထားလို့….. မေ့နေသယောင် ရှိနေတတ်ပေမယ့်… ညရောက်လို့ အိပ်မောကျလာပြီဆိုရင်တော့… အဲဒီအိမ်မက်တွေပဲ… သူမရဲ့ညတွေကို လွှမ်းမိုးချုပ်ကိုင်လာခဲ့တာ…. သူနဲ့လမ်းခွဲခဲ့ပြီး တဲ့အချိန်ကတည်းကပဲ ဖြစ်ခဲ့ပါသည်..။

ဖတ်ခဲ့ဖူးတဲ့စာတစ်ခုအရဆိုရင်တော့.. တစ်ယောက်ယောက်က ကိုယ့်ကိုသတိရနေခဲ့တယ်ဆိုရင်.. သူ့ကို အိမ်မက်ထဲမှာ… အလိုအလျောက်တွေ့လာရတတ်သတဲ့..။ ဒါပေမယ့်.. နေ့စဉ်ရက်ဆက်.. သူမရဲ့အိမ်မက်တွေထဲ… သူ့ကိုတွေ့ရတာကတော့ အဲဒီအဆိုကို ပြောင်းပြန်ဖြစ်သွားစေနိုင်ပါလိမ့်မည်..။ ဘာကြောင့်လဲဆိုတော့.. သူက သူမကို နေ့စဉ်ရက်ဆက်တိုင်း သတိရနေမည့်သူတစ်ယောက်မဟုတ်တာ အသေအချာ.. ဖြစ်နေသောကြောင့်ပင်..။ 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
သူ့ကိုမေ့ပစ်လိုက်နိုင်ပါပြီဟု အပေါင်းအသင်းသူငယ်ချင်းများကြား….. ထင်မှတ်ခံခဲ့ရပေမယ့်…. တခါတရံ ဒါမှမဟုတ်.. အမြဲလိုလို.. အကြောင်းမတိုက်ဆိုင်ပါပဲ…. သတိရနေတတ်တာ… သူမတစ်ဦးတည်းသာ အသိဆုံးဖြစ်ပါလိမ့်မည်…။ တချိန်တုန်းက…. သူနဲ့သူမကြားမှာ.. ဂဏန်း ၇ လုံးသာခြားထားခဲ့ပြီး… သတိရချိန်တိုင်း… အဲဒီဂဏန်းလေးများပေါ် ထိတွေ့လိုက်ရုံဖြင့်…. ကြင်နာစွာပြောတတ်သော သူ့စကားသံများကို ကြားခဲ့ရစမြဲဖြစ်ခဲ့ဖူးသည်…။ အခုတော့ တချိန်တုန်းက အကြောင်းအရာများ၊ ပြန်လည်မရနိုင်တော့သော အမှတ်တရများကို… ညလယ်အိပ်မက်ဆိုးများအဖြစ်… သူမပိုင်ဆိုင်နေ ရပြီ ဖြစ်ပါသည်….။ 

အိပ်မက်တွေထဲမှာ…. မရိုးသော အကြောင်းအရာများအဖြစ်… နှစ်ယောက်အတူရှိစဉ်အချိန်တုန်းကအတိုင်း… သူ့ရဲ့ ကြင်နာသောစကားသံများ… ၊ တိုးညှင်းညင်သာသော ဂစ်တာထိခတ်သံများ၊ ရှတတသီချင်းဆိုသံများကို သူမကြားနေရစမြဲဖြစ်ခဲ့တိုင်း….။ နိုးထလာတဲ့အချိန်တိုင်းမှာ… အိပ်မက်တွေပါဆိုတာလက်ခံနိုင်ဖို့… လက်ရှိဘ၀ထဲမှာ … ပြန်လည်ရှင်သန်နိုင်ဖို့.. သူမအတော်ကြိုးစားရလေ့ရှိတတ်ပါသည်…။ 

ပြန်မရနိုင်တော့တဲ့.... အရာတစ်ခုကို... မိုက်မိုက်မဲမဲပြန်လည်တောင့်တနေမိတာမဟုတ်ပေမယ့်... မသိစိတ်တစ် ခုကြောင့်...... ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရများစွာကို.... . မေ့ဖျောက်ရခက်နေမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့် မည်.....။  အမှတ်တရများစွာက အိပ်မက်များအဖြစ်.. ယခုအချိန်ထိ.. ထပ်ကြပ်မကွာ ဘ၀မှာလိုက်ပါနေသလိုပဲ... အလွမ်းတွေကလည်း ကဗျာတွေအဖြစ်....။ ကြားထဲမှာ... အတင်းအကြပ်မွေးမြူထားရသော အမုန်းများက... အင်အားများအဖြစ်.. မခံချင်စိတ်များအဖြစ်..... ။ အချစ်တွေကတော့..... တမင်ဖန်တီးထားနိုင်ခဲ့သော ရယ်စရာဟာသများအဖြစ်.... စသဖြင့်.... စသဖြင့်...။ အနည်းဆုံးတော့..... အချိန်အတိုင်းအတာတစ်ခုကိုေ ကျာ်လွန်ဖြတ်သန်းပြီးတဲ့နောက်မှာ..... နာကျည်းမှုများကို.... ဟာသတစ်ဖန်ပြန်ပြောနေနိုင်ပြီဆိုပေမယ့်.... ကွဲအက်သွားတဲ့မှန်တစ်ချပ်က... ဘယ်လိုမှ အက်ရာဖျောက်ဖျက်နိုင်မှာမဟုတ်ဘူးဆိုတာကိုတော့... သူမဘယ်သူ့ကိုမှ... မပြောပြဖြစ်ခဲ့ပါ....။ 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဖြစ်နိုင်ရင်တော့..... နိုးထခွင့်မပေးပဲ.... အိပ်မက်တွေထဲမှာပဲ.... ရှင်သန်နေစေဖို့... မသိစိတ်တစုံတရာက တောင်းဆိုနေမှန်းကို သူမ မသိကျိုးကျွန်ပြု၍ လက်တွေ့မှာတော့ အဲဒီအိပ်မက်တွေကို သူမအလွန်မုန်းမိပါသည်..။
 ♥ ♥ ..................................................... ♥ ♥

Christian Rock Band ဖြစ်တဲ့ Skillet ရဲ့ နာမည်ကြီးအယ်လ်ဘမ် Awake ထဲက Don't wake me ဆိုတဲ့ သီချင်းကို ခံစားရေးဖွဲ့ထားပါတယ်..။ အဲဒီအယ်လ်ဘမ်ထဲက သီချင်းအတော်များများကို ကြိုက်လို့ နားထောင်ဖြစ်တယ်..။ ဒီသီချင်းကိုတော့ အကြိုက်ဆုံးပါပဲ..။ သီချင်းကြိုက်သူများ ခံစားနိုင်စေဖို့ youtube ကနေ သီချင်းလင့်ကို ထည့်ပေးထားပါတယ်..။ သီချင်းတွေကို ခံစားပြီး... ဒီလိုမျိုးဇာတ်လမ်းလိုလို ဘာလိုလိုရေးဖွဲ့ချင်တာကလည်း ကျမရဲ့ ၀ါသနာတစ်ခုပါပဲ..။ ဝေမျှခွင့်ရတဲ့အတွက်.. အရာအားလုံးကို ကျေးဇူးတင်ပါတယ်..။

~~~~~~~~~~~~~~~~~~~~~~~~~
17-05-2012
Thank you all with Love ! :-*****



Tuesday, 15 May 2012

အချစ်ဦးပုံပြင် ♫ ♪ ♥

May 15, 2012 10 Comments

 ♥ ♥ ♥
ချစ်ခဲ့ဖူးပေမယ့်
မေ့ခဲ့ရတယ်….။
မေ့ခဲ့ရပေမယ့်
သတိရနေတတ်တယ်…။
သတိမရချင်ပေမယ့်
လွမ်းနေတတ်ခဲ့တယ်…။
တွဲလက်တွေ ခိုင်ခိုင်မြဲ
သက်ဆုံးထိ ချစ်ကြမယ်လို့
ကတိပြုခဲ့ဖူးတယ်…။
လမ်းခွဲကြစို့လို့ မပြောပဲ
ကိုယ်စီလမ်းတွေလျှောက်…
တစ်ယောက်တစ်နေရာစီ…ဝေးခဲ့ရတယ်….။
 ♥ ♥ ♥
မုန်းပစ်သင့်တဲ့အရာပေမယ့်
လုံလောက်တဲ့အကြောင်းရင်းလည်းမရှိ
ဒီလိုနဲ့ပဲ ~~~~~~~
တချို့တချို့တွေ…
ကိုယ်စီ အချစ်သစ်နဲ့
ကိုယ့်လမ်းကိုဖောက် မျဉ်းပြိုင်နှစ်ကြောင်းလို
လျှောက်နေကြပေမယ့်
အချစ်ဦးကို ပြန်မှန်းဆ
တမ်းတနေကြဆဲသူတွေလည်း တွေ့ခဲ့ဖူးတယ်…။
 ♥ ♥ ♥
ဒီလိုပါပဲလေ…..
အချစ်ဦးပုံပြင်တွေသာ မရှိခဲ့ရင်
ကဗျာတွေလည်း မလှပ
သံစဉ်တွေလည်း မဆွေးမြေ့
ဇာတ်လမ်းတွေလည်း… မခိုင်မာ….။
လောကကြီးမှာ..
အချစ်ဦး/အချစ်ဟောင်းဆိုတာ….
ကဗျာဆရာတစ်ယောက်….
အနုပညာခံစားတတ်သူတစ်ယောက်အတွက်တော့
အကောင်းဆုံးကုန်ကြမ်းတစ်ခုပါပဲ…။
 ♥ ♥ ♥
အဟောင်းဆိုတာ…. သုံးလို့မှမရတော့တဲ့နောက်
အသုံးမ၀င်တော့တဲ့နောက်တော့
နေရာယူထားတာ မိုက်မဲလွန်းပါတယ်…။
အသစ်ဆိုတာလဲလှယ်ဖို့အတွက်
တွယ်တာပေမယ့်လည်း…..
မျက်စိစုံမှိတ် စွန့်ပစ်သင့်တယ်..။
တကယ်တော့
အချစ်ဟောင်းဆိုတာ….
သုံးမရတော့တဲ့.. နာရီပျက်တစ်လုံးလိုပဲ….
လက်ပေါ်မှာ..သူရှိနေသ၍
အချိန်ကြည့်ဖို့လည်း အသုံးမ၀င်
အသစ်အစားထိုးဖို့လည်း နေရာမရှိ
သေချာတာတော့
သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ…။
♥ ♥ ♥ ................................................ ♥ ♥ ♥

နားထောင်မိတဲ့ ကြိုက်မိတဲ့ သီချင်းလေးတစ်ပုဒ်ကို ခံစားရေးဖွဲ့ထားပါတယ်..။
စန္ဒီမြင့်လွင် ဆိုထားတဲ့ "ချစ်နေတုန်းပဲ" ဆိုတဲ့ သီချင်းလေးက ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူဟောင်းအပေါ်မှာ.. အချစ်မပြတ်နိုင်ပဲ... ပြန်တမ်းတချစ်နေဆဲပဲဆိုတဲ့ အကြောင်းကို ဆိုထားတာက.. သီချင်းထဲက ကောင်မလေးကို ကိုယ်ချင်းစာမိစေတယ်....

15-05-2012
Thank You all, With Love ! 

Sunday, 13 May 2012

♥ အဖေ့ရဲ့ချစ်သူ ♥

May 13, 2012 11 Comments

သူမ….
ဘ၀မှာ..တစက်ကလေး မညည်းမညူပဲ
ကိုးလလွယ်..ဆယ်လဖွား ကျမကို မွေးဖွားပေးခဲ့တယ်…။
အလှတွေ ပျက်ချင်ပျက်ပါစေ
သမီးကျန်းမာရွှင်လန်းဖို့ဆိုပြီး…. ချစ်ခြင်းအပြည့်နဲ့
၅ နှစ်အရွယ်လောက်အထိ နို့ချိုတိုက်ကျွေးခဲ့တယ်..။
လက်ရေးဝိုင်းဝိုင်းလေးတွေ ရေးတတ်ဖို့
ကျမလက်ကိုဆုပ်ကိုင်…
 ကြင်ကြင်နာနာ သင်ပြပေးတဲ့ လက်ဦးဆရာဖြစ်ခဲ့ပါတယ်..။
သူမ…..
ကျမအတွက်….
ဘ၀မှာ… အလှကြီးမဟုတ်ပေမယ့်
မဆိုးတဲ့ရုပ်ရည်တစ်ခုကို ပိုင်ဆိုင်စေခဲ့တယ်..။
ညဏ်အကောင်းဆုံးမဟုတ်ပေမယ့်..
ခပ်တုံးတုံးမိန်းကလေးတစ်ယောက်မဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်..။
ကလက်တက်တက်မိန်းကလေးမဟုတ်ပေမယ့်
မထုံတက်တေး အေးစက်စက်မိန်းကလေးတစ်ယောက် မဟုတ်အောင် ပုံဖော်နိုင်ခဲ့တယ်…။

အခက်အခဲတွေကို ရှောင်လွဲနေမယ့်အစား
ထိပ်တိုက်ရင်ဆိုင်ရဲအောင် အားအင်တွေ သူမပေးခဲ့တယ်…။
ညည်းညူအားငယ်နေမယ့်အစား
ပျော်ရွှင်တက်ကြွသူတစ်ယောက်ဖြစ်နိုင်အောင်… လမ်းပြပေးခဲ့တယ်..။
ငိုသံတွေထက် ရယ်သံတွေပဲ လွှမ်းနိုင်အောင်
သူမ စွမ်းဆောင် လမ်းပြပေးနိုင်ခဲ့တယ်..။
မချမ်းသာပေမယ့်.. မဆင်းရဲတဲ့ ဘ၀တစ်ခုကို အတူတကွ ဖြတ်သန်းစေခဲ့ပါတယ်..။

မိဘကို ချစ်တတ်တဲ့သားသမီးတစ်ယောက်အဖြစ်
သူမကိုသူမ စံနမူနာပြု
အဘွားအပေါ်မှာလည်း.. တာဝန်ကျေသူတစ်ယောက်ဖြစ်ပြန်ပါတယ်..။
အမေ့ကို အရမ်းချစ်တယ်..
အမေ့လို သမီးကောင်းတစ်ယောက်အဖြစ်
ပြန်လည်ပြုစုဖို့…. အမေဂုဏ်ယူနိုင်ဖို့
အဝေးတစ်နေရာမှာ… အလွမ်းတွေကို ခေတ္တမျိုချ
သမီးကြိုးစားနေပါတယ်….။ 
 13-05-2012
With Love!
 ~~~~~~~~~~~~~~~~~~~~~~~~~~

Photo credit goes to clipartclipart.com

Friday, 11 May 2012

♥ သစ်တစ်ပင်ရဲ့ဆန္ဒ ♥

May 11, 2012 11 Comments

သူတို့ဘ၀အေးချမ်းဖို့… ငါ့အရိပ်တွေနဲ့ မိုးပေးထားခဲ့ဖူးပေမယ့်
သူတို့အနွေးဓါတ်ရဖို့
ငါ့ဘ၀လောင်ကျွမ်းပေးခဲ့ရပြန်တယ်…။
သူတို့တွေရဲ့ဘ၀တွေ လှပစေဖို့
စားဝတ်နေရေး အဆင်ပြေစေဖို့
ငါ့ဘ၀ငါ့အသက်တွေ စတေးခဲ့ရတယ်…။
လှပတဲ့ အသွေးအသားတွေရဖို့ဆိုပြီး…
ဓါတ်ခွဲခန်းတွေမှာ.. လိင်မဲ့နည်းပညာတွေသုံး..
ငါ့ဘ၀မျိုးတုံးအောင်လည်း… လုပ်တတ်ကြသေးတယ်..။
ရလာတဲ့ မျိုးမစစ် Hybrid တွေကို အမည်အမျိုးမျိုးပေး….
မူရင်းမျိုးစိတ်တွေထက် နေရာပိုပေးတတ်ကြသေးတယ်..။ 
တိုးလာတဲ့လူဦးရေတွေအတွက်..
နေစရာနေရာတွေရဖို့.. ငါတို့ပိုင်နက်တွေထဲ ကျူးကျော်..
တိုက်တာအဆောက်အဦတွေ တခါတရံ ဖန်တီးတတ်ကြသေးတယ်..။
ဘာပဲဖြစ်ဖြစ်… သူတို့ခြံဝင်းထဲမှာတော့
အနံ့မွှေးတဲ့ ပန်းပင်တွေ..
အရသာရှိတဲ့ သစ်သီးတွေကို မွေးထုတ်ပေးနိုင်တဲ့ အသီးပင်တွေပဲ
နေရာပေးတတ်ကြ.. ချစ်ခင်ယုယကြင်နာတတ်ကြပြီး
လတ်တလော ဘာမှမပေးနိုင်တဲ့သစ်ပင်တွေကိုတော့
မဆိုင်သလို လျစ်လျူရှု….
သစ်ပင်ဆိုတာ သစ်တောထဲမှာပဲ ရှင်သန်ကြတာပါဆိုပြီး
ဥပေက္ခာပြု.. အိမ်ခြံဝင်းထဲ တယုတယ စိုက်ပျိုးဖို့တော့
တချို့တွေ မေ့နေတတ်ကြပြန်ပါသေးတယ်..။ 
ငါတို့ဘ၀တွေအတွက် နေစရာနေရာရှားလာပြန်တော့
တောတွေပြုန်းလို့.. ငါတို့မရှိတော့လို့
ကမ္ဘာကြီး ပိုမိုပူနွေးလာတာဆိုပြီး.. ညည်းညူတတ်ကြပြန်ပါတယ်..။

သူတို့နေ့စဉ်ဘ၀တွေ သက်သောင့်သက်သာပိုရှိဖို့
စက်မှုလုပ်ငန်းတွေချဲ့ထွင်.. မှန်လုံအိမ်ဓါတ်ငွေ့တွေ ပိုထုတ်အောင် ဖန်တီး
ပြီးမှ မရှုနိုင်မကယ်နိုင်.. ရာသီဥတုဖောက်ပြန်မှုတွေဖြစ်..
ကမ္ဘာကြီး ပူနွေးမှုပြဿနာကြီးမားလာတော့မှ
ငါတို့ဘ၀တွေကို သတိရကြပြန်တယ်…။

အော်… လောကကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို ဖယ်ရှားပေးနိုင်တာဆိုလို့
ငါတို့ပဲ ရှိတယ်ဆိုတာ… သူတို့တွေပဲ ရှာရှာဖွေဖွေသိကြပြန်တာကိုး..။
 အဲဒါနဲ့ပဲ အကြီးမြန်သစ်ပင်တွေစိုက်လိုစိုက်
အပင်တွေမြန်မြန်ကြီးအောင် သက်တမ်းတိုတိုနဲ့.. သစ်သားတွေထုတ်နိုင်အောင်
အမျိုးမျိုးသော နည်းလမ်းတွေကို အသုံးချ
ငါတို့ဘ၀တွေကို.. ချယ်လှယ်ကြပြန်ပါတယ်..။
လောကကြီးမှာရှိတဲ့.. သက်ရှိတွေထဲ
ငါတို့လည်း တစ်မျိုးအပါအ၀င်ပဲဆိုတာ
သူတို့ သတိမထားမိတာလား… သိသိနဲ့ပဲလား
ငါတော့ သေချာမပြောတတ်ပါဘူး..
ငါက စကားပြောတတ်တဲ့ သက်ရှိမှ မဟုတ်ခဲ့ပဲ..။
သစ်ပင်တွေသာ…. စကားပြောတတ်ခဲ့မယ်ဆိုရင်
သူတို့ကို… သက်တမ်းစေ့ရှင်သန်ခွင့်ပေးဖို့
သူတို့ရဲ့နေရင်းဒေသတွေ မပျောက်ပျက်ဖို့
သူတို့ကို မှီခိုနေရတဲ့ တောရိုင်းတိရိစ္ဆာန်လေးတွေ
 နေစရာစားစရာ မရှားပါးဖို့အရေး
ငါတို့အသက်တွေ ချမ်းသာပေးပါ….
ပန်းပင် သီးပင်တွေလိုပဲ.. ငါတို့ကို ခြံဝင်းထဲ တယုတယ ပြုစုမှုပေးပါ
သက်တမ်းစေ့ရှင်သန်ခွင့်ပေးပါ ဆိုပြီးများ
တောင်းဆိုကြလေမလား…..။

~~~~~~~~~~~~~~~~~~~~~~~
 (အပီအပြင် ခံစားရေးဖွဲ့ထားပါသည် ^_^)
ဓါတ်ပုံများမှာ ကိုယ်တိုင်ရိုက်ပုံများရော.. Google Image မှ ကူးထားသော ပုံများနှင့် Facebook မှ ရသော ပုံများကို အသုံးပြုထားပါသည်..။ အားလုံးကို ကျေးဇူးတင်ပါသည်..။ :D

Tuesday, 8 May 2012

အာဖရိကန်ညစာ ~~~~~

May 08, 2012 12 Comments
အားလုံးပဲ မင်္ဂလာပါရှင်..... ^V^
ပြီးခဲ့တဲ့ စနေနေ့က အတန်းထဲက အာဖရိကန်သူငယ်ချင်းတွေက သူတို့ရဲ့ ရိုးရာ အစားအစာတွေကို သူငယ်ချင်းတွေအားလုံးကို သိအောင်ကျွေးချင်လို့ဆိုပြီး... ညစာဖိတ်ကျွေးတာ သွားခဲ့ပါတယ်...။ အတန်းထဲမှာက အာဖရိက က ၄ ယောက်ပါတယ်..။ ယောက်ျားလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက်ပါ..။ ၂ ယောက်က ဂါနာက၊ တစ်ယောက်က ဇင်ဘာဘွေကနဲ့ နောက်တစ်ယောက်က တန်ဇန်နီးယားက ဖြစ်ပါတယ်..။ သူတို့ကဖိတ်တော့... Typical African Food မှ ငါတို့က လာစားမှာနော်လို့ပြောတော့ သူတို့အာဖရိကမှာ.. နေ့စဉ်စားလေ့စားထရှိတဲ့ အစားသောက်တွေပဲ ချက်ထားပါမယ်ဆိုပြီး အာမခံပါတယ်..။ အဲဒါနဲ့ပဲ စားခဲ့တဲ့ အာဖရိကန်ရိုးရာ အစားအစာများကို ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်..။
ဒါက အားလုံးစုထည့်ထားတဲ့ ကျမစားခဲ့တဲ့ ပန်းကန်ပါ..။  ဟင်းက ၃ မျိုး.. ထမင်းက တစ်မျိုး..။

၎ ယောက်ရှိတာမှာ... ကလေးမက ကောင်းကောင်းမချက်တတ်တော့... သူတို့အစားအစာ သိက္ခာကျမှာစိုးလို့ဆိုပြီး မချက်ပဲ အချိုရည်ပဲ တာဝန်ယူပြီး... ကောင်လေး ၃ ယောက်က ချက်ကြပါတယ်..။ သူတို့ချက်တာ သူတို့အမေတွေချက်တာကို အမှီလိုက်နိုင်ပါတယ်ဆိုပြီး.. ပြောကြတာပဲ..။ ဒင်နာလဲ ကျွေးရသေးတယ်.. ကျမအင်တာဗျူးတာလဲ သူတို့ဖြေရပါသေးတယ်...။ ဘယ်လိုချက်တယ်..၊ ဘာတွေပါတယ်.. စသဖြင့်... စပ်စုကြည့်မိတာပါ..။ တစ်ခုရှိတာက သူတို့ အလှအပမကြိုက်ကြဘူးထင်တယ်.... အစားအသောက်တွေကို လှလှပပ စားချင်စဖွယ်ဖြစ်အောင်လည်း မပြင်ထားကြဘူး.. :) အိုးခွက်ပန်းကန်တွေ မပြည့်စုံတာလည်း ပါမှာပေါ့လေ.. ကျမဆီမှာတောင် .. တစ်ယောက်စာပဲရှိတယ်... :D
အဲဒါကြောင့် ဓါတ်ပုံတွေက စားချင်စဖွယ်တော့ ဖြစ်မှာမဟုတ်ဘူး.. ဒါပေမယ့် ဗဟုသုတအနေနဲ့ပေါ့နော်....။ ကျမလည်း အရင်က အာဖရိကန်တွေ ဘာတွေစားကြလဲဆိုတာ သိတာမဟုတ်ဘူးလေ.. သူတို့ဒီလို ဖိတ်ကျွေးမှပဲ သူတို့ဆီမှာ ဒီလိုစားပါလားလို့ သိရတာ....ကျမတို့ အာရှက စားသောက်ပုံချင်း ဆင်တူသလိုမျိုး သူတို့လဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အစားအသောက်စားပုံချင်း ဆင်တူကြပါတယ်..။
ဒါက ကျမတို့ ဆန်ကို ထမင်းချက်ပြီး အခြေခံအစာအဖြစ်စားသလိုမျိုး... သူတို့က Maize Flour လို့ခေါ်တဲ့ ပြောင်းဖူးမှုန့်ကို ကျိုထားတာပါ... Ugali (အူဂါလီ) လို့ခေါ်ပါတယ်တဲ့..။ ချက်တော့ ရေနဲ့ပြောင်းဖူးမှုန့် ဘယ်လိုအချိုးနဲ့ထည့်လဲမေးတော့.. အတိအကျမသတ်မှတ်ထားဘူးတဲ့..။ မီးဖိုပေါ်မှာ ရေကိုတည်ထားပြီး ရေမဆူခင်မှာပဲ နည်းနည်းပူလာပြီဆိုရင် အမှုန့်တွေကို ထည့်ကျိုပါတယ်..။ ခပ်ပျစ်ပျစ်အနေအထားလောက်ရောက်တဲ့အထိ ပြောင်းဖူးမှုန့်လိုရင် ထည့်လိုက်၊ အဆက်မပြတ် ကျိုလိုက် နဲ့ နောက်ဆုံး ဒီအနေအထားရောက်လာတာပါပဲ..။ ပြီးတော့ သပ်သပ်ရပ်ရပ်တစ်ခုခုထဲ ပြောင်းထည့်စရာ မရှိလို့ ထင်ပါတယ်... ဒီအိုးအတိုင်းပဲ စားပွဲပေါ်မှာ ချပါတယ်..။ 
 အူဂါလီကို ဘယ်လိုလှလှပပပြင်ဆင်တတ်ကြသလဲဆိုတာ သိချင်လို့ အင်တာနက်ထဲကနေ ရှာကြည့်ထားတဲ့ပုံပါ..။ သူငယ်ချင်းတွေ ပြင်ထားတဲ့ပုံနဲ့များ ကွာပါ့ :D

ဒါက ဟင်းတစ်မျိုး...။ ပြောင်းဖူးစေ့တွေရယ်.. ပဲတွေရယ်.. မုန်လာဥနီတွေထည့်ပြီး ချက်ထားတာတဲ့..။ ဒီဟင်းက တန်ဇန်းနီးယားက ဟင်းဖြစ်ပါတယ်.။သူတို့ဆီမှာ အသားသိပ်မစားကြဘူးတဲ့.. ။ အခုလည်း ဟင်း ၃ မျိုးက အသားလုံးဝ မပါပါဘူး.. ။ ပြီးတော့ ဆီနည်းနည်းပဲ ထည့်တယ်.. ဟင်းခတ်အမွှေးအကျိုင်တွေ မထည့်ပါဘူး..။ အဲဒါတော့ ကြိုက်တယ်။ ကျမက ဟင်းကို အနံ့တွေ အရမ်းထည့်ထားရင် မစားတတ်ဘူး...။
ဒီဟင်းက ဂါနာက တစ်ယောက်ချက်တဲ့ဟင်း .. အသီးအရွက်တွေအားလုံးရောပြီး.. ချက်ထားတယ် ပြီးတော့ သူကကျတော့ အရောင်တင်မှုန့်တွေ အရမ်းထည့်တာပဲ.. ရုံပတီသီးသေးသေးလေးတွေလည်း ပါတယ်...။

ဒါကလည်း တန်ဇန်းနီးယားက ငါးသေးသေးလေးတွေကို ချက်ထားတဲ့ဟင်းပါ.. သူတို့ဆီမှာ ထမင်းစားတိုင်း မပါမဖြစ်ချက်စားတဲ့ဟင်း ဖြစ်ပါသတဲ့..။ ငါးလေးတွေကတော့ စားကောင်းတယ်..။ သူက အခြောက်ခံပြီး အများကြီး သယ်လာခဲ့တာတဲ့.။ 

 အားလုံးစုပြီး ထည့်လိုက်တော့ ဒီလိုပုံဖြစ်သွားပါလေရော... ။ ဇင်ဘာဘွေကတစ်ယောက်က ဒါတွေကို လက်နဲ့စားတယ်.. သူတို့ဆီမှာလည်း လက်နဲ့ပဲ စားကြတာများတယ်တဲ့..။

သူများဖိတ်ကျွေးတာ သွားစားတာ တစ်ခုခုတော့ ယူသွားဦးမှ ဆိုပြီး.. ရေခဲမုန့်တစ်ဗူးပဲ ယူသွားပေးတယ်. မြန်မာလို သစ်ကြားစေ့လို့ခေါ်မယ်ထင်တယ် အဲဒါနဲ့ လုပ်ထားတဲ့ ရေခဲမုန့်..။

^^ ပြီးပါပြီ ^^

***********************************************************
ဘာမှ မထူးခြားတဲ့ ကျမရဲ့ဘလော့ဂ်ကို အလည်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..။


Sunday, 6 May 2012

۩ ချစ်သူရဲ့..အဘွား ۩

May 06, 2012 9 Comments

 ဒီနေ့ ထိုအရပ်မှာရှိတဲ့ လူတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်..။ မတွေ့တာကြာနေတဲ့ ကာလအပိုင်းအခြား တစ်ခုကြားမှာ… သူဘာတွေလုပ်နေခဲ့လဲ.. ဘယ်သွားနေခဲ့လဲ… ဘယ်သူတွေနဲ့ အတူရှိနေခဲ့သလဲ.. စသဖြင့်..စသဖြင့်.. မမေးစဖူးမေးခွန်းပေါင်းများစွာကို မေးရင်း… အမြဲတမ်းဖြောင့်နေတတ်တဲ့ စိတ်ကို ကောက်ဖြစ်ခဲ့တယ်….။
ဒါပေမယ့်.. သူ့ဆီက ကျမစိတ်မကောင်းဖြစ်စေမယ့် စကားတစ်ခွန်း ဖွင့်ပြောလာခဲ့တယ်…။ သူ့အဘွားဆုံးသွားတာ မနေ့ကဆိုရင် ၈ ရက်ပြည့်ပြီးသွားခဲ့ပြီတဲ့..။ ကျမတစ်ကယ်ဝမ်းနည်းခဲ့ပါတယ်.. ဘာကြောင့်လဲဆိုရင် အဘွားက ကျမရဲ့အဘွားအရင်းလိုပဲ ကျမကို သိပ်ချစ်ခဲ့တယ်…။ ကျမနဲ့အဘွားနဲ့စတွေ့ကြတာက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကျော်လောက်က သူနဲ့မတွေ့ခင် တွေ့ခဲ့ကြတာ..။ အဲဒီတုန်းက သူမရဲ့အသက်က ၉၀ ကျော်ကာစရှိပြီး…  ကလေးစိတ်ပေါက်နေတဲ့ သူငယ်ပြန်ရောဂါရှိသူတစ်ယောက်ပါ..။ 

ကျမက ငယ်ငယ်ကတည်းက အမေ့ရဲ့အမေဖြစ်တဲ့ ကျမအဘွားအရင်းရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး… အဲဒီအဘွားအရင်း ဆုံးခဲ့တာက အခုဆိုရင် ၇ နှစ်လောက် ကြာ သွားခဲ့ပြီ..။ အဖေ့ဘက်က အဘွားကတော့ ကျမငယ်ငယ်ကတည်းက ဆုံးသွားခဲ့တာ ဆိုတော့ သိပ်မမှတ်မိလိုက်ဘူး..။ ကျမအဘွားအရင်းဆုံးတဲ့ အချိန်တုန်းက အဘွားကို အရမ်းချစ်ခဲ့ပေမယ့် မျက်ရည်မကျခဲ့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ အဘွားမသေခင် ကျမတို့မောင်နှမတွေ အားလုံးရော.. မိဘတွေရော အဒေါ်တွေရော အားရအောင် ပြုစု ခဲ့ကြရပြီး .. အဘွားက အေးအေးဆေးဆေး စိတ်ချမ်းချမ်းသာသာ ဆုံးသွားခဲ့တယ်..။ အဲဒီအတွက် အားလုံးအဘွားအတွက် ကျေနပ်ခဲ့ကြပါတယ် … အဲဒီညတုန်းက အဘွားရဲ့ဘေးတစ်ဖက်မှာ ကျမနဲ့အဖေက အိပ်နေခဲ့ကြပြီး တစ်ဖက်မှာက ကျမရဲ့မောင်လေးရယ် အဒေါ်ရယ်က အိပ်နေခဲ့ကြရာက မနက်အစောကြီးမှာ.. အဒေါ်က အဘွားကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်..။ အဒေါ်က ၀မ်းနည်းနေတာကို ငိုမချပဲနဲ့ တင်းခံပြီးတော့ အတွင်းထဲကနေ ကြိတ်ငိုနေတာကို ကျမက မသိခဲ့ပဲ အဘွားဆုံးနေတာကိုလည်း မသိပဲ.. အိပ်နေတာကို ဘာလို့ထိုင်ကြည့်နေတာလဲဆိုပြီး စကားပြောလိုက်ရာက အဖေရော မောင်လေးရော နိုးလာခဲ့ကြပြီး.. ကျမငယ်ငယ်ကတည်းက အရမ်းချစ်တဲ့ အဘွားကို အပြီးတိုင်ဆုံးရှုံးခဲ့ရတယ်.. .။ အဘွားဆုံးချိန်မှာ အသက်က ၈၄ နှစ်ရှိပြီး.. သတိလွတ်တာတွေ သူငယ်ပြန်တာတွေ ဘာမှမဖြစ်ခဲ့ဘူး… ။ မဆုံးခင် တစ်လလောက်အထိ ကျမကြိုက်တဲ့ ကန်ဇွန်းဥတွေပြုတ်ကျွေးခဲ့တုန်း.. ကောက်ညှင်းထုတ်လှလှလေးတွေ လုပ်ကျွေးနေဆဲပါ..။ ဒီနေ့တော့ ချစ်သူရဲ့အဘွားဆုံးတယ်ဆိုတာကို သိလိုက်ရတော့ ၀မ်းနည်းတာရော.. ကျမရဲ့အဘွား ကို ပြန်သတိရ တာရော ပေါင်းပြီး မျက်ရည်ကျခဲ့မိတယ်..။ 

ချစ်သူကလည်း… သူ့အဘွားရဲ့အချစ်ဆုံးမြေးအငယ်ဆုံးပါ..။ အဘွားက သူငယ်ပြန်နေလို့ တစ်ခြားမြေးတွေကို မမှတ်မိပေမယ့် သူ့ကိုတော့ လူရော နာမည်ရော အသေအချာမှတ်မိတယ်..။ သူပြောတာကတော့ အဘိုးနဲ့ အရမ်းတူတဲ့သူ့ကို အဘွားက ငယ်ငယ်ကတည်းက သိပ်ချစ်ခဲ့တာတဲ့.. အဲဒါကြောင့် တခြားသားသမီးတွေနဲ့ အတူမနေပဲ သူ့မိဘတွေ ဘယ်ပြောင်းပြောင်း သူတို့နဲ့ပဲ လိုက်နေခဲ့တာ…။ တခါတလေ ကလေးတစ်ယောက် လို လျှောက်သွားတတ်တဲ့အဘွားကို သူ့သားက အမြဲစောင့်ကြည့်နေရတယ်…။ တခြားသူတွေနဲ့ ဆိုရင်.. ကလေးတစ်ယောက်လို ရန်လိုနေတတ်တဲ့အဘွားက ကျမကိုတော့ အရမ်းချစ်တယ်..။ သူ့မြေးကို ကပ်စေးနည်းတဲ့အဘွားက ကျမကခေါ်သွားမယ်လို့ စရင် မခေါ်သွားနဲ့တဲ့. သမီးပဲ ဒီအိမ်ကိုလိုက်နေဆိုပြီး ပြန်ပြောလေ့ရှိလို့ .. အဘွားကသိပ်တော့ မသိရှာဘူးနော်လို့တောင် သူ့ကို စနောက်မိသေးတယ်..။ သူကတော့ကျမကိုပြောပါတယ်.. ဘယ်သူ့ကိုမှ မယုံတဲ့အဘွားကို ဘာတွေကျွေးပြီးပေါင်းထားသလဲတဲ့ မြေးအရင်းထက်တောင် ကျမကိုပိုချစ်ပြနေတယ်ဆိုပြီး ပြောလေ့ရှိတယ်..။ 

အဲဒီကတည်းက သူကအဝေးမှာ။..ကျမရယ်..ကျမမိသားစုရယ်.. သူ့မိသားစုရယ်ကတစ်မြို့တည်းမှာ….။ တခါတလေ အလုပ်ကိစ္စနဲ့တစ်ရက်လောက်ကမန်းကတန်းရောက်လာတတ်ပြီး… ဘယ်မှလည်း မသွားဖြစ်..ဘာမှလည်း မပြောဖြစ်ပဲ အဘွားနဲ့ပဲ အချိန်တွေကုန်ပြီး သူပြန်ပြန်သွားခဲ့ရတယ်..။ ပြီးရင်တော့ ဖုန်းထဲကနေပဲ ..အဲတုန်းက ဘယ်ကိုသွားချင်တာ..ဘာညာသာရကာလျှောက်ပြောတတ်တယ်..။ ဒီနေ့ သူ့ကိုကြည့်ရတာ ၀မ်းနည်းနေဆဲပဲ ရှိနေသေးတယ်…။ အဘွားဆုံးတာကို သူမသွားလိုက်ရဘူးတဲ့.. တာဝန်တွေက သူ့ပခုံးပေါ်မှာ ရှိနေခဲ့တယ်လေ..။ ကျမကို မုန့်လေးတွေ လာလာပေးတတ်တဲ့.. ပြီးတော့ တရားခွေတွေကို တစ်မျိုးပြီးတစ်မျိုးဖွင့်ပြခိုင်းတတ်တဲ့ အဘွားက ကျမအဝေးရောက်နေတဲ့အချိန်မှာ ဆုံးသွားခဲ့တော့ ကျမလည်း သူနဲ့ထပ်တူဝမ်းနည်းခဲ့တယ်..။

 မြေးနဲ့ အဘိုးအဘွားတွေကြားမှာရှိတဲ့ မေတ္တာသံယောဇဉ်ကို ကျမကကောင်းကောင်းသိနေခဲ့သူပဲလေ..။ မိဘတွေကတော့ သားသမီးတွေကို အမြင့်ကိုရောက်စေချင်လွန်းလို့ စာကြည့်ဖို့ အပေါင်းအသင်းမမှားဖို့.. စသဖြင့် ဂရုဏာဒေါသတွေနဲ့... ပြောဆိုနေတတ်ကြပေမယ့်... အဘိုးအဘွားတွေက မြေးတွေမျက်နှာညိုးမှာ... မပျော်မရွှင်ဖြစ်မှာကို ပူပန်နေတတ်သူများပါ..။ ငယ်ငယ်တုန်းက အဘိုးအဘွားတွေရဲ့ရင်ခွင်ထဲကြီးပြင်းခဲ့ကြပြီး သူတို့စေတနာမေတ္တာအပြည့်နဲ့ လုပ်ကျွေးတဲ့ ဗမာမုန့်တွေကိုစား..အိပ်ရာဝင်ပုံပြင်တွေကို နားထောင်နေခဲ့ကြ တဲ့ မြေးတွေက ကြီးပြင်းလာကြတော့ ပညာရေးတွေ ဘ၀ရှေ့ရေးတွေကိုပဲ ဦးစားပေးပြီး အဘိုးအဘွားတွေကို လျစ်လျူရှုသလိုဖြစ်တတ်ကြပါတယ်..။ မရှိတော့တဲ့အချိန်အခါရောက်ရင်.. တခြားအဘိုးအဘွားတွေကိုတွေ့ရင် ကိုယ့်ရဲ့အဘိုးအဘွားတွေကို ပြန်ပြောင်းသတိရပြီး ၀မ်းနည်းတတ်ကြတယ်..။ ကျမနဲ့ ကျမမောင်လေး ကတော့ ကျောင်းကနေပြန်ရောက်ရင် အဘွားဆီပဲ ပြေးသွားတတ်ကြတယ်.. အဘွားကိုစနောက်တယ်.. စကားတွေပြောကြပြီး အဘွားနဲ့ အချိန်တွေကို သေဆုံးချိန်ထိ ကုန်ဆုံးစေခဲ့လို့.. အဘွားဆုံးချိန်မှာ.. တာဝန်ကျေတဲ့မြေးတွေအဖြစ်နဲ့.. ကျမတို့နှစ်ယောက် မျက်ရည်မကျခဲ့ကြခြင်းပါ..။ အခုချစ်သူကတော့.. သူ့ရဲ့တာဝန်တွေရယ်.. အဘွားနဲ့အဝေးကြီးမှာရောက်နေခဲ့တာရယ်ကြောင့်... သူ့ကိုသူတာဝန်မကျေခဲ့ဘူးလို့ ခံစားမိပြီး ပိုဝမ်းနည်းနေပုံရတယ်....။

အဘွားကောင်းရာသုဂတိလားပါစေ.. အဘွားအတွက် ဆုတောင်းပေးပါတယ်..။ 
~~~~~~~~~~~~~~~~~~~~~~~
Photo credit- primoclipart.com

Friday, 4 May 2012

ဂျာမနီတောထဲသို့တစ်ခေါက် ~~~~~

May 04, 2012 19 Comments


ဒီနေ့ သောကြာနေ့ဆိုတော့ စာရေးမယ်လို့ စဉ်းစားပါတယ်.. ဒါပေမယ့် ရေးချင်တဲ့အကြောင်းအရာက တစ်ခု အခုရေးမှာက တစ်မျိုးဖြစ်နေတယ်..။ စာရေးတယ်ဆိုတာ လွယ်တဲ့အလုပ်တစ်ခုမဟုတ်မှန်း အခုမှပဲ သေချာသိတော့တယ်.. စိတ်ထဲမှာ ဘာမှမရှိပဲ.. ရှင်းနေတဲ့အချိန်မျိုး.. အားနေတဲ့အချိန်မျိုးမှပဲ စာကောင်းကောင်းရေးလို့ရတာပဲနော်..။ အဲဒါကြောင့် အခုတလောတော့ ကျမရေးချင်တဲ့ပုံစံမျိုးတွေ မရေးနိုင်တာ ကြာနေခဲ့ပြီ..။ ကျမရေးချင်တာက ၀တ္ထုတိုလေးတွေ... ဗဟုသုတရစေမယ့် အတွေးအခေါ်လေးတွေ.. အက်ဆေးတွေ၊ ကဗျာတွေရေးချင်တာ..။ ကျမအခုတလော တင်ဖြစ်နေတဲ့ ခရီးသွားတဲ့ဓါတ်ပုံတွေ၊ ကျမဘယ်သွားတယ်..ဘာလုပ်တယ်စတာမျိုးတွေ ရေးချင်တာမဟုတ်ပါဘူး..။ ဒါပေမယ့် အဲလိုမျိုးမှ ပို့စ်မတင်ရင်လည်း စာအေးအေးဆေးဆေးရေးဖို့ ဦးနှောက်မအားတာနဲ့ပဲ ကျမဘလော့ဂ်က ဘာမှ အသစ်တင်ဖြစ်မှာမဟုတ်တာနဲ့ပဲ ကြုံရာကျပန်းပို့စ်တွေ တင်ဖြစ်နေခြင်းပါ..။

ဒီနေ့ ဂျာမနီက သစ်တောထဲကို လေ့လာရေးသွားတယ်...။ တိုင်းတယ်.. တွက်ချက်တယ်.. ဆွေးနွေးတယ်.. လေ့လာတယ်.. ပြီးတော့ပြန်လာတယ်..။ တခုကောင်းတာက တောထဲထိ ကားသွားလို့ရတော့ အဝေးကြီးလမ်းလျှောက်စရာမလိုတော့ မပင်ပန်းဘူးပေါ့လေ.. :) ကျမကတော့ မြန်မာနိုင်ငံမှာတုန်းက တခါမှ မလေ့လာဘူးတဲ့ အအေးပိုင်းအပင်တွေကို လေ့လာခွင့်ရတာ တကယ်ပျော်ခဲ့ပါတယ်...။ အရင်က နာမည်ပဲ ကြားဖူးပြီး.. တခါမှ မမြင်ဖူးခဲ့ပါဘူး.. ။ ကျမလိုပဲ သစ်တောသစ်ပင်တွေကို ကြည့်ရမြင်ရတာ စိတ်ချမ်းသာတဲ့သူများ.. ခံစားနိုင်စေဖို့ ဝေမျှခြင်းဖြစ်ပါတယ်..။ အပင်တွေအားလုံးကတော့ နွေရာသီရောက်လာလို့ စိမ်းစိမ်းစိုစိုတွေ ဖြစ်ကုန်ကြပါပြီ။

ဒီအပင်တွေက Norway Spruce လို့ခေါ်တဲ့သစ်ပင်ကြီးမျိုးတွေပါ.. ။ ခရစ်စမတ်သစ်ပင်တွေနဲ့တူပါတယ်..။ ဒါပေမယ့် စိုက်ပြီးရင် သစ်ထုတ်ဖို့အတွက်က နှစ် ၁၀၀ စောင့်ရတော့ ကြီးထွားနှုန်းနှေးတယ် လို့ ပြောလို့ရပါတယ်..။ ကျွန်းတောင်မှ နှစ် ၈၀ ပဲစောင့်ရပြီး အခု ကျွန်းစိုက်ခင်းတွေဆိုရင် နှစ် ၄၀ ခုတ်ပတ်တွေနဲ့တောင် တွက်ချက်စိုက်ပျိုးနေကြပါပြီ..။ အခု စိုက်ခင်းက သက်တမ်း ၅၅ နှစ်ရှိပြီ..။

ရွက်အုပ်ထိပ်ပိုင်းထိပုံကို လိုချင်လို့ တော်တော်ကြိုးစားပြီး ရိုက်လိုက်ရတယ်

ဒီပုံကိုတော့ တော်တော်ကြိုက်တယ်.. ရိုက်ထားတာ ပန်းချီကားလိုလိုဘာလိုလိုနဲ့ :)
ပြီးတော့ နောက်စိုက်ခင်းတစ်မျိုးကို ဆက်သွားကြပါတယ်..။ 
ဒီစိုက်ခင်းကကျတော့ Beech လို့ခေါ်တဲ့သစ်ပင်ကြီးမျိုးပါပဲ.. သူက ပိုပြီးတော့ အကြီးနှေးတယ်.. နှစ် ၁၄၀ ကြာမှ သစ်ထုတ်ကြတယ်..။ 

တောထဲရောက်ရင် ဒီလိုပုံလိုချင်လို့ နောက်လန်လဲကျမတတ်ရိုက်ထားရတဲ့ပုံပါ :)
မလွဲရင်မလုပ်ဘူး.. တခုခုဆိုလွဲရမှ ကျေနပ်တဲ့ပုံပဲ.. အရင်တစ်ပတ်က လေ့လာရေးသွားတော့ အေးမှာပဲဆိုပြီး Boots စီးတယ်.. ရောက်တော့ စက်ရုံထဲမှာ သွားရတာဆိုတော့ ရာသီဥတုက ပူလာတဲ့အခါ မနေတတ်တော့ဘူး.. အဲဒါနဲ့ ဒီတစ်ပတ်တော့ အဲလိုမဖြစ်အောင်ဆိုပြီး တမင် Sandals စီးလာတဲ့အခါကျတော့ တောထဲမှာ အေးအေးနဲ့၊ သစ်ရွက်ဆွေးတွေနဲ့ ရှတတအပင်သေးသေးလေးတွေနဲ့ ဒီဖိနပ်နဲ့က အဆင်ကိုပြေလို့ :)

အေးအေးလူလူ စိတ်ပါလက်ပါ နေ့လည်စာစားရင်း နေဆာလှုံနေကြတာ
ကျမနဲ့အရမ်းခင်တဲ့ အင်ဒိုက သူငယ်ချင်းနဲ့ နယ်သာလန်က သူငယ်ချင်း- သူတို့ ၂ ယောက်တီးတိုးတီးတိုးနဲ့ တခုခုတိုင်ပင်နေကြပုံရတယ် :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြော်ငြာများ :D

ဘုရားကို ပူဇော်ဖို့ ၀ယ်ဖြစ်ခဲ့တဲ့ ပန်းစည်း.. ဒီအရောင်လည်း လှတယ်နော် :)

အိမ်ပြန်ရောက်တော့ စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲ.. ဒါတောင် နည်းလမ်းမကျမှာစိုးလို့ စာအုပ်ထဲကအတိုင်း သေချာဖတ်ပြီး အတိအကျပြင်ဆင်ထားတာပါ :)

 ပြီးတော့ မ၀တာနဲ့ပဲ အစိမ်းကြော်ထပ်လုပ်စားတယ်. ထမင်းကျက်တဲ့အထိ မစောင့်နိုင်လို့ ဒတိုင်းပဲ စားတယ် :D

နွေရာသီရောက်ရင် စီးဖို့ဆိုပြီး ဒီကိုလာတုန်းက သက်ဆိုင်သူတစ်ယောက်က လက်ဆောင်ပေးလိုက်တဲ့ရွှေရောင်ဖိနပ်ကလေး :)
ဒီရောက်ကတည်းက အေးတာနဲ့ပဲ တခါမှ မစီးဖြစ်ခဲ့သေးဘူး.. အခုတလောတော့ နည်းနည်းပူလာပြီဆိုတော့ ဒီဖိနပ်လေး ထုတ်ကြွားလို့ရပြီ၊ ဈေးသိပ်မကြီးပေမယ့် စေတနာတွေကတော့ တော်တော်တန်ဖိုးရှိပါတယ် :D :D
(မှတ်ချက်.. ဖိနပ်ပုံတင်မိတာ အားလုံးကိုတောင်းပန်ပါတယ်နော်.. အပျော်သဘောနဲ့ပါ.. ဒါပေမယ့် ကျမကတော့ ဖိနပ်ဆိုပြီး နိမ့်ကျတဲ့စာရင်းထဲ ဘယ်တော့မှ မသွင်းပါဘူး... သူတို့တွေမရှိရင် ကျမတို့ဘ၀တွေလည်း အဆင်ပြေမှာ မဟုတ်ဘူးလေ.. အဲဒါကြောင့် ကျမကတော့ လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ တန်ဖိုးထားပါတယ်)
******************************************************
 Happyyyyyyyyyyyy Weekend to you all !!!!!!!!!



Tuesday, 1 May 2012

ကျမကိုချစ်သော ♥ ကျမကချစ်သော

May 01, 2012 20 Comments
အဲဒီလူတစ်ယောက်ပေါ့…………….

ကျမဖုန်းမက်ဆေ့ခ်ျတွေ နှိပ်နေတာမြင်တိုင်း…. ကျမလက်ထိပ်တွေထိခိုက်မှာ စိုးရိမ်နေတတ်တယ်….။
နားနားကပ်ပြီး ဖုန်းအကြာကြီးပြောတဲ့အခါတိုင်း… ကျမဦးနှောက်တွေထဲ….. လှိုင်းတွေ စီးဆင်းသွားမှာ စိုးရိမ်နေတတ်ပြန်တယ်…။ ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံးထိုင်နေတတ်တဲ့ကျမအတွက်… မျက်လုံးတွေထိခိုက်မှာ.. မျက်မှန်ပါဝါတွေထပ်တိုးရမှာကို… ပူပန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်..။ 

ကျမအတွက် သူကအရေးကြီးဆုံးလူတစ်ယောက်ဟုတ်မဟုတ်ဆိုတာ သူသေချာမသိပေမယ့်.. သူ့ဘ၀အတွက်တော့ ကျမက မျှော်လင့်ချက်တစ်ခုဖြစ်နေတယ်..။
ကျမရဲ့အပြုံးတွေဟာ…. သူ့အတွက်ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာ.. သူ့ရဲ့ရယ်မယောင်မျက်လုံးတွေကတဆင့် ဘယ်သူမဆို အဓိပ္ပာယ်ဖော်နိုင်ပါတယ်….။

တခါတခါ….. ကျမကြိုက်တတ်တဲ့ဟင်းတွေ… အစားအသောက်တွေကို စိတ်ပါလက်ပါ ချက်ပြုတ်တတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပြန်ပါသေးတယ်..။
အတူတူဈေးဝယ်သွားတိုင်းလည်း…. ကျမ၀ယ်သမျှမညည်းမညူ အကုန်အကျခံငွေရှင်းပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်..။ စားသောက်ဆိုင်မှာ…. ၀ယ်စားလေ့ရှိတိုင်းလည်း…. သူပဲဒိုင်ခံငွေရှင်းတတ်သူလည်း ဖြစ်ပြန်ပါတယ်…။

တခြားသူတွေနဲ့ဆိုရင် ရုပ်တည်ကြီးနဲ့လို့အထင်ခံရတဲ့သူက ကျမအတွက် ရယ်စရာဟာသများကို ပြောပြတတ်၊ လုပ်ပြတတ်သူလည်းဖြစ်ပါတယ်….။
လိုချင်တာတစ်ခုခုရှိရင် ပုတီးစိပ်သလို တတွတ်တွတ်ရွတ်တတ်တဲ့ ကျမအတွက် ကျမလိုချင်သမျှကို မဖြစ်မနေဖြည့်ဆည်းပေးတတ်သူလည်း ဖြစ်ပြန်ပါတယ်….။
ကျမရဲ့အောင်မြင်မှုတွေကို တွေ့ရှိရင် သူ့သူငယ်ချင်းတွေကြားမှာ… ငွေကြေးအကုန်အကျခံပြီး…. ဂုဏ်ယူဝံ့ကြားနေတတ်ပြန်ပါသေးတယ်..။

ကျမ မကြိုက်လို့ဆိုပြီး အရက်သောက်တတ်တဲ့အကျင့်ကို စွန့်လွှတ်ထားပေမယ့်… ကျမ မကြိုက်တဲ့ဆေးလိပ်ကိုတော့ အခုအချိန်ထိ သောက်နေဆဲသူတစ်ယောက်လည်း ဖြစ်ပါတယ်…။

ကျမမတောက်တခေါက်ရေးတတ်တဲ့ ကဗျာတွေ အက်ဆေးတွေကို စိတ်ဝင်တစားဖတ်ရှုလေ့ရှိပြီး…. စာရွက်အပိုင်းအစလေးများကို အမှတ်တရ သိမ်းထားပေးတတ်ပြန်ပါတယ်…။ အဲဒီစာရွက်အပိုင်းအစလေးတွေကို ပြန်မြင်ရင် ရှက်တတ်တဲ့ကျမကို စာတွေရေးဖို့ စာတွေဖတ်ဖို့ တွန်းအားပေးတတ်သူလည်း ဖြစ်ပါတယ်…။

အမြင်ကို ပျံသန်းဖို့ တောင်ပံတွေတပ်ပေးခဲ့ပြီး…အသိုက်ထဲကနေ ပျံသန်းသွားတဲ့ ငှက်ကလေးကို သတိရလွမ်းဆွတ်နေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်….။ အဲဒီငှက်ကလေးက လောကကြီးထဲမှာ ပျံသန်းရင်း ပညာစုံရင် အသိုက်ကလေးထဲကို ပြန်လာမယ်ဆိုတာ…. သူသေချာသိပေမယ့်… နောက်ထပ်လေ့လာရမယ့် လောကကြီးထဲက သင်ခန်းစာတွေအတွက်….. ဆက်လေ့လာနေဖို့တော့ သူ့အလွမ်းတွေ သူ့အတ္တတွေကို မျိုချပြီး…. လိုအပ်တဲ့အတောင်ပံတွေကို … ဆက်တပ်ပေးဖို့.. သူအမြဲအဆင်သင့်ရှိနေပြန်ပါတယ်…။ 

ဖေဖေ့ကို ကျမအရမ်းချစ်ပါတယ်….။ ကျမအဖေက အဲဒီလိုလူတစ်ယောက်ပါ…။ မိဘတိုင်း သားသမီးကို ချစ်တဲ့အချစ်ဆိုတာတော့ စာဖွဲ့ပြလို့ မမှီနိုင်ဘူးဆိုတာ သိပေမယ့်… ဒီတစ်ခါတော့ အဖေ့ရဲ့ကျမအပေါ်မှာ ထားတဲ့အချစ်တွေကို စာတစ်ပုဒ်အဖြစ် ဖန်တီးဖြစ်ခဲ့တယ်..။ ဒါပေမယ့် ကျမရေးဖွဲ့ထားတာထက် ကျမအဖေရဲ့အချစ်တွေက ပိုတယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်..။ 
♥  ♥ ............................................... ♥  ♥ 

လာရောက်ခံစားဖတ်ရှုပေးသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် ♥

Follow Us @soratemplates