Thursday, 18 December 2014

1st SNOW *****

December 18, 2014 4 Comments
ဒီဆောင်းရဲ့ ပထမဆုံးနှင်းအနေနဲ့ မနေ့က ည ၁၀ နာရီလောက်မှာ နှင်းပွင့်တွေ တဖွဲဖွဲစကျလာခဲ့တယ်..။ မျှော်လင့်ထားတဲ့အတိုင်း ပထမဆုံးနှင်းကျတဲ့အချိန်မှာ အားလုံး အော်ဟစ်လိုက်တဲ့အသံက အခန်းထဲမှာ တိတ်တိတ်လေးစာဖတ်နေသူကို လန့်သွားစေခဲ့တယ်..။ ဒါပေမယ့် ဘာကြောင့်အော်ကြသလဲဆိုတာ သေသေချာချာ သဲသဲကွဲကွဲမသိခဲ့ပါဘူး..။ ညီမလေးတစ်ယောက်က Viber ကနေ အစ်မ နှင်းတွေစကျနေပြီလို့ ပြောတော့မှ ပြတင်းပေါက်ကို ဖွင့်ကြည့်တဲ့အခါ ပြတင်းပေါက်ဘောင်မှာ နှင်းဖတ်ကလေးတွေ ကပ်နေတာကို တွေ့ခဲ့ရတယ်...။ အေးစက်စက်လေတွေနဲ့အတူ နှင်းပွင့်တချို့လည်း မျက်နှာကို လာမှန်လို့ပေါ့ .....။
ဒါပေမယ့်လည်း တစ်ညလုံး တဖွဲဖွဲကျနေခဲ့ပေမယ့် ပမာဏနည်းတာကြောင့် မနက်ရောက်တဲ့အခါ ကျမတွေ့ဖူးခဲ့တဲ့ ဥရောပက နှင်းတွေလို ထုအထူကြီးဖြစ်မနေပါဘူး...။ ဒီမြို့လေးမှာက ပုံမှန်အားဖြင့် နှင်းကျတာ နည်းတယ်လို့ပြောကြတယ်...။ ဂျပန်က အခြားမြို့တွေမှာတော့ နှင်းတွေ တော်တော်ထူထပ်အောင် ကျနေကြပြီလေ....။

နှင်းကျနေပေမယ့် ရာသီဥတုကတော့ အရင်နေ့ကထက်တော့ ပိုအေးမနေခဲ့ပါဘူး...။ အပူချိန် ၃ ဒီဂရီလောက်ဆိုတာက နွေးနွေးထွေးထွေးဝတ်ထားရင် ကျမအတွက် ပုံမှန်လို နေလို့ရတဲ့အပူချိန်မျိုးပါ...။  အခုဆောင်းမှာ ကျမကြိုက်နေတဲ့ အနွေးထည်တွေက ကိုရီးယားမင်းသမီးတွေ အရင်က ဝတ်လေ့ရှိကြတဲ့ Long Coat စတိုင်မိုက်မိုက် ခပ်ထူထူတွေ မဟုတ်တော့ပြန်ဘူး...။ ပေါ့ပေါ့ပါးပါးရှိလှတဲ့  Ultralight warm Jacket အတိုတွေကို ကြိုက်လို့ အဲဒါမျိုးတွေပဲ ၀တ်ဖြစ်နေတာ..။ အထဲက Extra Heattech တစ်ထည်ရယ်၊ အပေါ်က ခါးရှည်ရှည်အကျီင်္ ဒါမှမဟုတ် ဂါဝန်တစ်ထည်ရယ်ဆိုရင် အပေါ်ပိုင်းအတွက်က ကျမအတွက် တော်တော်နွေးနေပြီ...။

ကျောင်းသွားတဲ့အချိန်မှာ နေထွက်နေပြီမို့ နှင်းတွေ အရည်ပျော်စပြုနေပြီ ....။ ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် နှင်းတွေမြင်ရင်ကို စိတ်လှုပ်ရှားတာလေ...။ အဲဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နှင်းတွေရှိတဲ့နေရာကို တစ်ခေါက်လောက်ပြန်ရောက်ချင်လိုက်တာဆိုပြီး တမ်းတခဲ့ဖူးတယ် ...။ ကံကောင်းတော့ ကံတရားက နှင်းတွေရှိတဲ့ မတူညီတဲ့နေရာတစ်ခုဆီကို ကျမကို နောက်ထပ်တစ်ကြိမ် ရောက်စေခဲ့ပါတယ်...။ အရင်တစ်ခေါက်ကထက် လတော်တော်ကြာ ကုန်ဆုံးနေထိုင်ရမယ့် နေရာတစ်ခုက အရင်တစ်ခါနေခဲ့တဲ့မြို့လေးလိုပဲ အေးချမ်းတဲ့နေရာတစ်ခု ဖြစ်နေပြန်တယ်....။ အရင်လိုပဲ အားလုံးလိုလို စက်ဘီးနဲ့ သွားလာလှုပ်ရှားလေ့ရှိတဲ့ နေရာလေးတစ်ခုဖြစ်နေပြန်ပါတယ်....။ အစားအသောက်တွေ၊ လူတွေ၊ ဓလေ့ထုံးစံ၊ ဘာသာစကားတွေ ပြောင်းလဲသွားပေမယ့် ကျောင်းဝန်းထဲက အဆောက်အဦတွေကတော့ အရင်နေခဲ့တဲ့မြို့လေးနဲ့ အနည်းငယ်ဆင်တူပါတယ်.။ တိုက်ဆိုင်တာက အရင်တက္ကသိုလ်တုန်းက South Uni, North Uni, Central Uni စသဖြင့် ကျောင်းကို ငါးနေရာခွဲထားတာမှာ ကျမတက်ရတဲ့ကျောင်းက North Uni မှာ ရှိတာပါ..။ အခုတက္ကသိုလ်မှာတော့ Main Campus, North Campus, South Campus စသဖြင့် အခေါ်အဝေါ်ရှိပြီး ကျမတက်ရတဲ့ကျောင်းက North Campus မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြန်ပါတယ်...။






ကျောင်းကိုရောက်တော့ အိတ်ကိုအခန်းထဲမှာချထားခဲ့ပြီး နှင်းတွေရှိတဲ့ နေရာမှာ ဓါတ်ပုံတချို့ရိုက်ဖြစ်တာပါပဲ ...။ အခြားသူတွေလည်း ရိုက်နေကြတာပါ...။ ဒီမှာက တစ်ဆောင်းတွင်းကို ၂ ခါ ၃ ခါလောက်ပဲ နှင်းကျတာလို့ ဂျပန်သူငယ်ချင်းတစ်ယောက်ကပြောပြပါတယ်...။ အခုပထမဆုံးကျတဲ့နှင်းက တော်တော်ထူတယ်လို့လည်း သူကပြောသေးတယ်..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ..... ပထမဆုံးနှင်းကျတဲ့အမှတ်တရပို့စ်တစ်ပုဒ်ပဲဆိုပါတော့.....။

*******************************************

Thanks for visiting ;-) ;-)





Tuesday, 16 December 2014

Countryside ##

December 16, 2014 3 Comments
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီလိုအချိန်လောက်က မြန်မာပြည်ပြန်ရောက်နေခဲ့ပြီလေ...။ ၂၀၁၃ စက်တင်ဘာလထဲမှာ ဂျာမနီကနေ မြန်မာပြည်ကို ပြန်လာတယ်...။ အောက်တိုဘာမှာ အလုပ်ပြန်ဝင်ပြီးတော့ ၂၀၁၃ အောက်တိုဘာလကနေ နောက်တစ်နှစ် ဇန်နဝါရီလအထိ ၄ လ လောက်က ကျေးလက်ဒေသတွေဘက်ကို ခဏခဏ ခရီးထွက်တဲ့အလုပ်ကို လုပ်ဖြစ်တယ်...။ အများဆုံးသွားဖြစ်ခဲ့တာက ရှမ်းပြည်နယ်ဘက်ကိုပါ ...။ လျှပ်စစ်မီးမရှိ၊ အင်တာနက်လိုင်းမမိ၊ ရေရှားပါးတဲ့ တောင်ပေါ်ရွာလေးတွေဆိုပါတော့ ..။ ခရီးထွက်ဖြစ်ချိန်တိုင်း Landscape ပုံတွေ အများဆုံးရိုက်ဖြစ်တယ်....။ ကိုယ့်ပုံကိုယ်ရိုက်ဖို့ အာရုံမရလောက်အောင် သဘာဝရှုခင်းတွေမြင်လိုက်ရရင် အဲဒါတွေကို သဘောကျမဆုံး ငေးမောပြီး ဓါတ်ပုံတွေ ရိုက်ဖြစ်တာပါပဲ ...။ အခုမှ ပြန်နောင်တရမိတာက ဘာကြောင့် ဒီလောက်လှတဲ့ ရှုခင်းတွေကြားမှာ လူပါရောပါပြီး မရိုက်ဖြစ်ခဲ့တာလဲဆိုပြီးတော့ပေါ့ ...။ အခုဆို Facebook မှာ တချို့တင်ထားတဲ့ Prewedding photos တွေမှာဆိုရင် အဲဒီလို တောင်ပေါ်နေရာလေးတွေမှာ ရိုက်တာတွေက သဘာဝအလှတွေနဲ့ ပိုကြည့်ကောင်းသလို ထင်မိလို့ပါ ..။






သွားခဲ့တာ ခဏခဏဆိုတော့ ဓါတ်ပုံတွေက အများကြီးပဲ...။ ဒါပေမယ့် မြန်မာပြည်မှာတုန်းက အင်တာနက်က အဲလောက် အခြေအနေမပေးတော့ Blog မှာ မတင်ဖြစ်ခဲ့ဘူးလေ..။ ဒီနေ့မှ ဓါတ်ပုံတွေပြန်ကြည့်ရင်း ဒီပုံလေးတွေ Share ချင်တာရယ်၊ Post တစ်ခုလောက်ရေးချင်တာရယ်၊ ဘာရေးရမှန်းမသိ.. အာရုံမရတာရယ်ကြောင့် ရှိတဲ့ပုံတွေ တင်တော့တာပေါ့ ..။ အပေါ်ကပုံတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ရိုက်ထားခဲ့တာ..။ ပန်းနှမ်းခင်းတွေ..။ တကယ်က အပြင်မှာ မြင်ရတာက ဓါတ်ပုံထဲကထက် ပိုလှတယ် ...။ ကင်မရာက သိပ်မကောင်းလို့သာ ဒီလောက်ပဲ ပုံထွက်တာ..။ ကင်မရာကလည်း ဝယ်မယ်ဆိုပြီး ခုထိ ကောင်းကောင်းကန်းကန်း မဝယ်ဖြစ်သေးဘူး ....။

ရွာကလေးက နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာပေါ့ ...။ ရွာသူရွာသားအားလုံးလိုလိုက ဓနုတွေများကြတယ်..။ ဒါပေမယ့် ဓနုစကားတော့ သိပ်မပြောတတ်ကြဘူးတဲ့..။ ဗမာစကားပဲ ပြောတာများပါတယ်...။ အဲဒီနိုဝင်ဘာလမှာ နေကြာရိုင်းလို့ခေါ်တဲ့ အပေါ်က ဓါတ်ပုံထဲက ပန်းလေးတွေလည်း လှိုင်လှိုင်ပွင့်တယ်...။ လမ်းတစ်လျှောက်မှာ နေကြာရိုင်းတွေကို မြင်နေရခြင်းက ပန်းခင်းလမ်းကို သွားနေရသလို ကြည်နူးမှုကို ခံစားမိစေတယ်...။ အဲဒီအချိန်ကာလ နေကြာရိုင်းတွေကို အမှတ်တရအဖြစ် ဝတ္ထုတိုအပိုင်းတစ်ပုဒ်တောင် ဖန်တီးဖြစ်ခဲ့ပါသေးတယ်...။ Link >> Here

မြို့ပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဟန်ဆောင်မျက်နှာဖုံးနဲ့လူတွေ၊ ရှုပ်ထွေးများပြားလှတဲ့ အလုပ်တွေကြားမှာ ရွာလေးတွေကို ရောက်သွားပြီဆိုရင် အနည်းနဲ့အများတော့ စိတ်ထဲမှာ ငြိမ်းချမ်းသွားခဲ့တယ် ...။ ရွာသူရွာသားတွေရဲ့ ရိုးသားမှုတွေဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ဟန်ဆောင်မှုမရှိ ထင်ဟပ်နေခဲ့တယ် ...။ အချို့တော့လည်း မြို့နဲ့ အကူးအသန်းများသူဆိုရင်တော့ ရွာသားလူလည်ပုံစံမျိုးတော့ ရှိတာပေါ့လေ...။ ဒါပေမယ့် အများစုက ရိုးသားသူသာများကြပါတယ်.....။ ရှမ်းဆန်စေးစေးနဲ့ ထမင်း၊ အသားမပါတဲ့ ဟင်းပွဲတွေဟာ ကျမအတွက်တော့ စားသောက်ဆိုင်ကြီးတွေထက် ပိုပြီး အရသာတွေ့စေတယ်ထင်မိပါတယ်..။ ကျမကြိုက်တတ်လို့ ခဏလာတဲ့အချိန်တိုင်းချက်ကျွေးတတ်တဲ့ အိမ်ရှင်အဒေါ်ရဲ့ ဟင်းထုပ်၊ မုန်ညင်းဆော၊ ပဲပြုတ်ကြော်၊ အသားတုကြော်၊ ကြက်ဥကြော်စတာတွေဟာ အသားမပါ၊ ဆီနည်းနည်းနဲ့ တကယ်ကို အရသာရှိလှပါတယ်..။ ဟင်းထုပ်ကိုသုပ်ပြီးကျွေးတာကို တော်တော်ကြိုက်ခဲ့လို့ လုပ်နည်းမေးခဲ့ပြီး အိမ်မှာ ပြန်လုပ်ကျွေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တွေ၊ စာတွေကြားထဲ အခုထက်ထိ မလုပ်ဖြစ်ခဲ့ပါဘူး..။

တကယ်ဆို အိမ်မှာက ဟင်းထုပ်လုပ်ချင်ရင် ရဲယိုရွက်တွေလည်း အဆင်သင့်ရှိတယ်လေ...။ ဒါပေမယ့် Time Management ညံ့တဲ့ကျမဟာ အချိန်မပေးနိုင်လောက်အောင် ညံ့ဖျင်းလွန်းလှတယ်လေ..။


 ဒီရဲယိုပင်တွေက အိမ်မှာ အဖေစိုက်ထားတဲ့အပင်တွေ..။ တစ်ရက်လောက်မှ အိမ်က Home Garden အကြောင်း စာတစ်ပုဒ်လောက် ရေးရဦးမယ်..။
 ++++++++++++++++++++++

Friday, 12 December 2014

Eating after Eating ^^

December 12, 2014 2 Comments
ဒီတစ်ပတ်ရဲ့ သောကြာနေ့ ရောက်လာပြန်ပါပြီ .....။
ဒီနေ့တော့ နည်းနည်းစိတ်ရှုပ်စရာနဲ့ တွေ့လာတယ်ပေါ့လေ...။ research အတွက် ဖေဖော်ဝါရီမှာ မြန်မာပြည်ပြန်ချင်တာကို Sensei နဲ့ ဆွေးနွေးတဲ့အခါ ဌာနမှာ ဒီတစ်နှစ်အတွက် Budget မရှိတော့လို့ နောက်ဘဏ္ဏာရေးနှစ်မှ field research တွေ လုပ်လို့ရမှာတဲ့ ..။ ဒီမှာက မြန်မာနိုင်ငံလိုပဲ Budget Year က နောက်နှစ် မတ်လမှာပြီးတာပါပဲ ..။ ဒီက တက္ကသိုလ်တွေမှာ တစ်ခုထူးခြားတာက ကျောင်းသားတွေ Field research သွားချင်ရင် Lab က ဘက်ဂျက်ချပေးရတယ်။ သူတို့ဆီမှာ project တွေလုပ်နေတာလည်းရှိသလို ကျောင်းကရတဲ့ Fund ထဲကနေ ကျောင်းသားတွေကို ခွဲပေးတာမျိုး ပေါ့ ..။အဲဒီကရတဲ့ငွေက မလောက်ဘူးထင်ရင် အချို့တော့ အပြင်က Fellowship လျှောက်ကြတာမျိုးလည်း လုပ်လေ့ရှိပါတယ်..။ ဘယ်သူမှတော့ ကိုယ့်အိတ်ထဲက စိုက်ပြီးသွားတာမျိုး လုပ်လေ့မရှိပါဘူး ..။ research လုပ်ပြီးရင် paper publication လုပ်တဲ့အခါ lab ရော ကျောင်းရော ဆရာရော နာမည်ရတာဆိုတော့ ဒါဟာ ကျောင်းသားတစ်ယောက်တည်းရဲ့ အကျိုးအတွက်မဟုတ်ဘဲ အားလုံးအတွက် အကျိုးရှိတာကြောင့်လည်းဖြစ်သလို ဒီတက္ကသိုလ်ရဲ့ ထုံးစံတစ်ခုဖြစ်တာကြောင့်လည်း ပါပါတယ်..။

ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီမှာ ပြန်လို့မရဘူးဆိုတာ သိလိုက်ရတော့ စာတောင် ဆက်မလုပ်ချင်တော့လောက်အောင် စိတ်ညစ်သွားတယ်..။ ပြန်ဖို့အတွက် အသည်းအသန်ကို စိတ်ထဲမှာ ပြင်ဆင်ပြီးနေပြီလေ.... :( :( စိတ်ညစ်ညစ်နဲ့ အတန်းတစ်ခုသွားတက်ပါတယ်..။ အတန်းက စုစုပေါင်းမှ ကျောင်းသူ (၃) ယောက်ပဲတက်တော့ အလိုလိုနေရင်း Special Class ဖြစ်သွားတော့တာပေါ့ ..။ ဆရာနဲ့ သူ့အမျိုးသမီးနဲ့ အတူတူသင်ပေးကြတာ ...။ သဘောကောင်းတဲ့ ဆရာနဲ့ ဆရာမအတန်းကို အခုမှ ဒုတိယအကြိမ်မြောက်သွားတက်တာပါ ..။ အဲဒီမှာ စာသင်ပြီးတော့ သူတို့သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင်ရတဲ့ ဂျပန်လိမ္မော်သီးနဲ့ ယိုနဲ့ လက်ဆောင်ပေးတယ် ..။ လိမ္မော်သီးက Japan လို Yuzu လို့ခေါ်ပြီး သူတို့ဂျပန်ရိုးရာအရဆိုရင်  ရေချိုးရင် ထည့်ချိုးရတယ်တဲ့.. ။ ရေနွေးထဲမှာ အသီးကိုစိမ်ပြီး အရည်ညှစ်ပြီး အနံ့မွှေးမွှေးထွက်စေရပါမယ်တဲ့ ..။ အဲဒါနဲ့ ရေချိုးပြီးရင် ဆောင်းတွင်းမှာ အအေးဒဏ်ကို ခံနိုင်တယ်၊ အသားအရေကြမ်းတာကို နူးညံ့စေတယ်၊ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကိုကြည်လင်လန်းဆန်းစေတယ်တဲ့ ..။ ပုံမှန်အားဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ Yuzu နဲ့ ရေချိုးလေ့ရှိကြပြီး အဲဒါကို ဂျပန်စကားနဲ့ Yuzuyu လို့ ခေါ်ပါသတဲ့ ..။

ဒီမှာရောက်နေခဲ့တာ ၁ လ ကျော် ကြာနေပြီဖြစ်ပေမယ့် ဂျပန်ထမင်းဟင်းစစ်စစ်ကို ဆိုင်မှာ သွားမစားဖူးသေးဘူး..။ အဲဒါအပြင် Sushi လည်း တစ်ခါမှ မစားဖြစ်သေးဘူး ..။ထမင်းဗူးတွေတော့ ၀ယ်စားဖူးပါတယ် ..။အရသာက ချိုသလိုလို ပေါ့သလိုလို သိပ်မကြိုက်ဘူး ..။ ဂျပန်စာဆိုလို့ ခေါက်ဆွဲပြုတ်တွေတော့ တခါတလေ စားဖြစ်တယ် ..။ ready-made ၀ယ်စားရင်တော့ ဈေးမကြီးပေမယ့် ဆိုင်မှာကတော့ ပုံမှန်အတိုင်းဈေးကြီးတာပဲပေါ့ ...။ ဒီမှာဆိုးတာက Tax က 8% ပေးရတယ်လေ ..။ ဂျာမနီမှာဆိုရင် နှစ်ရှည်ခံတဲ့ပစ္စည်းမှ 2.5% လောက်ပေးရတာ ..။ အစားအသောက်တွေဆို ပိုတောင် လျော့သေးတယ်..။ 0.8% လားပဲ သိပ်တော့ မမှတ်မိတော့ဘူး ...။ ဂျပန်ကတော့ ဒါတောင် နောက်ဆိုရင် အခွန်ကို 10% ထိ တိုးကောက်ဦးမယ်ဆိုပဲ ... -_- -_-
 ဒီခေါက်ဆွဲက Udon လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပေါ့ ...။ ပုံစံက မြန်မာနိုင်ငံက နန်းကြီးနဲ့ ဆင်တူပေမယ့် အရသာကတော့ တော်တော်နူးညံ့တယ် ...။ ကျမကတော့ ခေါက်ဆွဲကြိုက်တဲ့သူဆိုတော့ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကြိုက်ပါတယ်..။ အဲဒါကို သူငယ်ချင်းတစ်ယောက်က အုဒုံးစားရင်လေ... စိတ်ထဲမှာ ဘာကောင်ကြီးမြင်လာတယ်.. ဘာညာသာရကာ လာလာပြောရင် တော်တော်စိတ်တိုတယ် ..။ Go to hell လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ချင်တာ ။ သူကအရင်ကတည်းက အဲလိုပဲ နန်းကြီးစားရင် ဘာဖြစ်တယ်..။ နန်းပြားစားရင်ဘာဖြစ်တယ်..။ မစားရဲဘူးနဲ့ ပြောနေကျ ..။ ဒီနေ့ နည်းနည်းစိတ်ရှုပ်လို့ သူပြောတာတွေ သတိရပြီး ပေါက်ကွဲတာ :) :)

ဒါကတော့ ဂျပန်ခေါက်ဆွဲထဲမှာ နာမည်ကြီး Soba ဆိုတဲ့ ခေါက်ဆွဲ အညိုရောင်လား အစိမ်းရောင်လား သေချာတော့မသိ။ ထင်တာတော့ ရေညှိရောင်ထင်တာပါပဲ ..။ ဒါပေမယ့် ရေညှိကထုတ်တာတော့ မဟုတ်ပါဘူး..။ ဂျုံအမျိုးအနွယ်အပင်က ထုတ်တာပါပဲ ...။ ဂျပန်မှာ အယူအဆတစ်ခုက မစားတဲ့အချိန်ပဲဖြစ်ဖြစ် စားပြီးရင်ပဲဖြစ်ဖြစ် တူကို အဲလိုတင်ထားရလေ့ရှိပါတယ်..။ ပန်းကန်ထဲ တူစိုက်ထားတတ်တာက Funeral မှာပဲ ထားလေ့ရှိတာပါတဲ့ ..။
ဒါကတော့ အကြိုက်ဆုံးအစားအစာ မြန်မာမုန့်ဟင်းခါးး <3 <3 အသိအစ်မတစ်ယောက်လာတော့ လက်ဆောင်ပေးသွားတာနဲ့ စုပြီးးချက်စားကြတာ..။

ဒီမှာတော့ အပြင်မှာ တခါတလေ စားဖြစ်ရင် တရုတ်ဆိုင်ပဲ စားဖြစ်ကြတာများတယ်..။ တရုတ်ဟင်းတွေက အနည်းဆုံးတော့ မြန်မာတွေနဲ့  အစပ်တည့်နေပြီးသားလေ...။
တချို့ဆိုင်တော်တော်များများတော့ လက်ဖက်ရည်ချိုရောင်းတာတွေ့တယ် ..။ ဒါပေမယ့် မြန်မာမှာလို နို့ဆီနဲ့ ခပ်ပျစ်ပျစ်ဖျော်ထားတာမျိုးမဟုတ်ဘဲ Milk Tea ဆိုပြီး နွားနို့နဲ့ပဲ ကျဲကျဲဖျော်ထားတာမျိုးပါ ...။

ဒါလည်း တရုတ်ဆိုင်က ဟင်းတွေပဲ ..။ ဒီမှာရတဲ့ ပေါက်ဆီ၊ ဝက်သားပေါင်း၊ ဖက်ထုပ်တွေက တော်တော်စားကောင်းတယ်..။ ဂျုံသားက မြန်မာပြည်က အသားတွေလိုမဟုတ်ဘဲ အိနေပြီး အပြင်ဂျုံ သားကကို စားလို့ကောင်းနေတာ ..။ ဆိုင်တွေမှာ အဲလိုပေါက်စီတွေရောင်းရင် ဂျပန်ရိုးရာ အစပ်တစ်မျိုးဖြစ်တဲ့ Wasabi လို့ခေါ်တဲ့ Sauce တစ်မျိုးပေးလေ့ရှိတယ်...။ Wasabiက ကျန်းမာရေးအတွက်ကောင်းတယ်ပြောပေမယ့် စားလိုက်ရင် ငရုတ်သီးလိုစပ်တာမျိုးမဟုတ်ဘဲ ခေါင်းတွေပါ ချာချာလည်ပြီး မွှန်သွားတာကြောင့် ကျမက စားရမှာ တော်တော်ကြောက်သူပါ ..။ ပထမဆုံးစားဖူးတာက ဂျာမနီမှာတုန်းက ဂျပန်ဆိုင်တစ်ခုမှာပေါ့..။ Sushi ထဲမှာ အဲဒါပါတာကို တစ်ခါမှလည်း မစားဖူးတော့ မသိပဲ စားလိုက်မိတာ ခေါင်းတစ်ခုလုံး ချာချာလည်သွားလို့ အစာအဆိပ်သင့်တာမျိုး ဖြစ်တာထင်ပြီး အလန့်တကြားဖြစ်ဖူးခဲ့တယ်..။ အဲဒီနောက်ပိုင်း မစားရဲတော့တာ ..။

မနေ့က တရုတ်ဆိုင်တစ်ခုသွားစားမလို့ သွားကြရင်းကနေ သွားတဲ့ဆိုင်က ပိတ်ထားတော့ ဂျာမာန်ဆိုင်တစ်ခုမှာ သွားစားဖြစ်တယ် ...။ မစားတာကြာပြီဖြစ်တဲ့ ဂျာမာန်အစားအစာကို ပြန်စားဖြစ်တာပေါ့လေ.။ ဒါပေမယ့် ပုံစံက ဟမ်ဘာဂါထဲထည့်တဲ့ ပုံစံတွေကို ပြန်ဆန်းသစ်ပြီး ဟင်းပွဲပုံစံပြောင်းထားပြီးတော့ ထမင်းနဲ့ စားရတာပါ ..။ ဂျာမာန်စာကို ဂျပန်စတိုင်လ်ပြောင်းထားတဲ့သဘောပေါ့ ..။
Ketchup ကလည်း ဂျာမန်တံဆိပ်၊ ပြီးတော့ ဂျာမနီမှာ စားလေ့ရှိတဲ့ သခွားသီးသေးသေးလေးတွေကို အချဉ်တည်ထားတာမျိုးလည်း ပါပါတယ်..။

အစားအသောက်တွေကတော့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့အခါ ဘယ်နေရာပဲဖြစ်ဖြစ် စားချင်ရာတော့ ရတာပါပဲ ..။ ဘယ်နေရာပဲရောက်ရောက် ကျမက အစားအသောက်ကို အလွယ်တကူကျင့်သားရသွားတတ်တာကြောင့် အစားအသောက်နဲ့ ပတ်သက်ရင် စိတ်မညစ်ရပါဘူး..။ ဒီကထုံးစံ အစားအစာတွေပဲ အလွယ်တကူစားဖြစ်နေတာကြောင့် မြန်မာပြည်ကနေ သယ်လာတဲ့ အခြောက်တွေတောင် ဘာမှမစားဖြစ်သေးဘူး ..။ အချိန်အများကြီးပေးပြီး ချက်ပြုတ်မစားနေချင်တာကြောင့် လွယ်တာပဲ ပြင်ဆင်စားသောက်နေတာကြောင့်လည်း ပါပါတယ်..။ ဂျပန်ဆိုတာကလည်း ချက်စားစရာမလိုအောင် အသင့်စားဗူးတွေက မျိုးစုံရောင်းနေတဲ့ နေရာလည်း ဖြစ်တာကိုး..။

 ဒီရာသီမှာ အကြိက်ဆုံးအသီးပေါ့ ...။ ခဏခဏစားဖြစ်နေပါတယ်...။

စိတ်ရှုပ်တဲ့အခါ ကုထုံးတစ်ခုရှိပါတယ်..။ အဲဒါကတော့ အစားအစာတွေခဏခဏစားခြင်းပါပဲ ..။။ အခြားသူတော့မသိ ..။ At least it works for me :) :)

Wednesday, 10 December 2014

ပြန်ဆုံတဲ့ တစ်နေ့ +++

December 10, 2014 2 Comments
(၁)
ကိုယ့်ကို လေဆိပ်မှာ လာကြိုမှာလား မ .” မောင်က မေးတော့ အားနာတဲ့လေသံတစ်ချို့တစ်ဝက်နဲ့ ကျမပြန်ပြောမိပါသည်..။ “မောင်ရောက်မယ့်ရက်မှာ ကျမ အားမှာမဟုတ်ဘူးမောင်ရဲ့ .. ခရီးသွားနေမှာ ..။ တကယ်လို့ မသွားဖြစ်ရင်တောင် ရန်ကုန်ထိ တစ်ယောက်တည်း လာကြိုဖို့ အိမ်က ခွင့်ပြုမှာ မဟုတ်ဘူး..။ တခြားအကြောင်းပြပြီး လာဖို့လည်း ကျမက ညာပြောတတ်တဲ့သူမဟုတ်မှန်း မောင်သိတယ်မလား..”

“မေးကြည့်တာပါကွာ.. မ မလာနိုင်ဘူးဆိုတာ ကိုယ်သိပြီးသားပါ” လို့ မောင်က စိတ်ထဲ ဘယ်လိုမှ မခံစားရသလို ပြန်ပြောခဲ့ပါသည်…။ “ဒါပေမယ့် ရောက်ရောက်ချင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်မြင်ချင်တဲ့သူက မ ပဲ သိလား” လို့ဆိုတော့ ကျမလဲ စိတ်မကောင်းပါ ..။ တကယ်လည်း ကျမ အလုပ်မအားသလို အားတယ်ဆိုရင်တောင်မှ နယ်ကနေ ရန်ကုန်ကို တကူးတကသွားဖို့ မိဘတွေဆီက ခွင့်ပြုချက်ရမှာ မဟုတ်ဘူးဆိုတာ ကျမ သိနေပြီးသားလေ..။ မိန်းကလေးတစ်ယောက် စောင့်ထိန်းရမယ့် သိက္ခာတရားတွေ အပြည့်အ၀ စောင့်ထိန်းဖို့ .. အိနြေ္ဒသိက္ခာရှိဖို့.. ဘာသာတရားကိုင်းရှိုင်းဖို့ စသဖြင့် ယခုအရွယ်ထိ သွန်သင်ဆုံးမနေဆဲဖြစ်တဲ့ မိဘနှစ်ပါးထံမှာ သူစိမ်းယောက်ျားလေးတစ်ယောက်ကို အဝေးကြီးထိ သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှ တောင်းဆိုဖို့ မဖြစ်နိုင်ပါ..။ “ဘာမှ မထူးဆန်းတဲ့ ကိစ္စပဲလေ မရဲ့ .. ကိုယ်က နိုင်ငံရပ်ခြားအဝေးကြီးကနေ ပြန်လာတယ်..။ အဲဒါကို ချစ်သူတစ်ယောက်အနေနဲ့ မ က လေဆိပ်မှာ နေ့ခင်းကြောင်တောင် ကိုယ့်ကို ခဏလာကြိုတယ်..။ ပြီးတာနဲ့ မ က နယ်ကို ချက်ချင်းပြန်လို့ရတယ်..။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ထက်တောင်မှ ရိုးစင်းတဲ့ ကိစ္စပါ..။ ဒါပေမယ့် မ မိဘတွေအကြောင်း ကိုယ်သိနေပြီးသားဆိုတော့လည်း သူတို့ မြန်မာပီပီ ရှေးရိုးဆန်တယ်ဆိုတာလဲ ရှင်းနေတာပါပဲလေ.. ကိုယ်နားလည်ပေးရမှာပေါ့” လို့ မောင်က ဆိုပြန်တော့ ကျမကို အမြဲနားလည်ပေးတတ်တဲ့ မောင့်ကို အားတုံ့အားနာတော့ ဖြစ်မိပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၂)
မောင်နဲ့ ကျမက ချစ်သူဖြစ်ပြီးကတည်းက အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေး..။ မောင် နိုင်ငံခြားကို မထွက်သွားခင်က သူငယ်ချင်းအဆင့်သာ ခင်မင်ခဲ့ကြပြီး ဟိုရောက်ကတည်းက အဆက်အသွယ်မပြတ်ကြပဲ အမြဲလိုလို ဖုန်းဆက်တတ်ပါသည်..။ မောင်ရောက်ပြီး ၃ လ ခန့်ရှိကတည်းက ကျမကို ချစ်ခွင့်တောင်းခဲ့ပြီး မောင်မြန်မာနိုင်ငံကို ပြန်မလာမီ ၆ လခန့်က မောင့်အချစ်ကို လက်ခံကာ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်..။ ကျမထက် တစ်နှစ်ခန့်ငယ်သော မောင့်ကို ကျမက ‘မောင်’ လို့ ခေါ်ပြီး ကိုယ့်ကိုယ်ကိုတော့ ‘မ’ လို့ မသုံးတတ်သဖြင့် အရင်သုံးနေကျအတိုင်း ‘ကျမ’ ဟုသာ ပြောမြဲပြောဖြစ်ခဲ့သည်..။ ကျမက မောင်ဟုခေါ်သော မောင်ကတော့ သူ့ကိုယ်သူ ‘ကိုယ်’ ဟုသာ သုံးနှုန်းပြီး ကျမကိုတော့ အရင်က နာမည်ခေါ်နေကျဖြစ်သော်လည်း ချစ်သူဖြစ်ပြီးကတည်းက ‘မ’ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်..။ “အဲဒီလိုဆိုတော့ ကျမတို့နှစ်ယောက်ကြားမှာ နာမ်စားက လေးလုံးတောင်ရှိတယ်နော်” ဟု ကျမဆိုတော့ မောင်က သဘောတကျ ရယ်မောကာ “ဒီချစ်သူတစ်ယောက်ပဲရှိတာ သုံးချင်တဲ့ နာမ်စားတွေ ကြိုက်သလောက်သာ သုံးစမ်းပါကွာ” ဟု ပြန်ပြောတတ်သေးသည်…။

မောင်သွားခဲ့တဲ့ ၂ နှစ်ခွဲလောက်အတွင်း မောင့်ကို သေချာမမြင်ဖြစ်တော့ ..။ skype က ပြောဖို့လဲ မကောင်းတဲ့ connection နှင့် မအားလပ်သော ကျမတို့နှစ်ယောက်၏ ရှားပါးလှသော အချိန်များကြားမှာ ကျမဖုန်းကို မောင်အားတဲ့အချိန်ဆက်ခြင်းဖြင့်သာ ချစ်သူနှစ်ဦး အချစ်လမ်းကို အဆက်မပြတ် ဆက်လျှောက်နေဖြစ်ခဲ့ကြသည်..။

 ပြန်တွေ့ကြတော့မှာဆိုတဲ့ အသိနဲ့ ကျမ တော်တော်စိတ်လှုပ်ရှားနေမိသည်..။ မောင် ဘာတွေများ ပြောင်းလဲသွားပြီလဲ .. ၀ လာသလား ပိန်သွားသလား.. မောင်ပြောတော့ အသားတွေ ပိုဖြူလာသည်တဲ့ ..။ “နေရောင်ရှားပါးတဲ့အရပ်မှာ အကြာကြီးနေလာရတော့လည်း မောင် အသားတွေတော့ ပိုဖြူလာမှာပေါ့” လို့ ကျမဆိုတော့ “မ က တော့ နေပူထဲသွားလာလှုပ်ရှားနေရတာနဲ့ ကုလားမလေးလို မည်းမည်းသဲသဲလေးဖြစ်နေလောက်ပြီ” ဟု မောင်က စလျှင် ကျမက မခံချင်ပါ..။ “sun cream တွေ အမြဲတမ်းသုံးတယ် သိလား” ဟု ပြန်ပြောတော့ “အရင်က အလှအပစိတ်မ၀င်စားပဲနဲ့ ချစ်သူရှိမှ တော်တော်လှချင်လာတယ်ပေါ့” ဟု ကျမရှက်အောင် စနောက်နေတတ်သေးသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၃)
ဒီလိုနဲ့ပဲ ခုတော့ မောင် မြန်မာပြည်ကို ပြန်ရောက်လာတော့မည်..။ မောင်ရောက်တဲ့နေ့မှာ ကျမက လေဆိပ်မှာ သွားမကြိုနိုင်ရုံမက ဖုန်းဆက်နိုင်မည့်နေရာမျိုးမှာတောင် ရှိနေမှာမဟုတ်..။ အလုပ်ကိစ္စနဲ့ တောကျသည့် ရွာလေးတွေဘက် ကျမရောက်နေမှာ..။ လူမမြင်ရရင်တောင် အသံလေးတစ်ချက် ချက်ချင်းကြားစေအောင် မောင့်အတွက် ကျမ ဖန်တီးမပေးနိုင်သဖြင့် စိတ်တော့ မကောင်းလှပါ..။ ကျမကို မောင်နားလည်ပေးပေါင်းများပြီမှန်း ကျမ သေချာသိပါသည်..။ တစ်ယောက်နဲ့တစ်ယောက် ကမ္ဘာ့ကြီး၏ အရှေ့နှင့်အနောက်ဝေးနေစဉ်ကလဲ ဖုန်းဖြင့်သာ ဆက်သွယ်နေစဉ် မောင်ဖုန်းဆက်တိုင်း အေးအေးဆေးဆေးပြောဖြစ်သော အချိန်က နည်းသည်..။ ကျမ၏ အလုပ်တာဝန်တွေကြားမှာ တခါတလေ မောင်ဖုန်းဆက်နေတာကို မသိကျိုးကျွန်ပြုမိတာတွေရှိသလို အင်တာနက်ဆိုင်သွားပြီးလည်း vzo ဆိုတာတွေလည်း မပြောဖြစ်ခဲ့..။ အဲဒီလို အခြေအနေတွေကြားမှာ အဆက်အသွယ်မပြတ်စေပဲ အချစ်တွေ ရှင်သန်လာအောင် အမြဲကြိုးစားတတ်တဲ့ မောင့်ကို ကျေးဇူးတင်ကြောင်းတော့ ပြောချင်လှပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၄)
“ဒီရွာလေးမှာ ဖုန်းလိုင်းမိတဲ့ တနေရာရှိတယ် မမရဲ့ .. အဲဒီနေရာကိုသွားပြီးတော့ စိတ်ရှည်ရှည်သုံးရင် သုံးလို့ရတယ်” ဟု ဂျူနီယာမောင်လေးတစ်ယောက်ကပြောတော့လည်း တာဝန်က တစ်ဖက်ဖို့ ကျမ မကြိုးစားမိပြန်..။ ဒီလိုနဲ့ပဲ မောင် မြန်မာပြည်ကို ပြန်ရောက်နေတာ တစ်ပတ်ပြည့်ချိန်ထိ ကျမတို့နှစ်ယောက် ဖုန်းနဲ့တောင် စကားမပြောဖြစ်ကြသေး..။

တစ်ရက်တော့ ရေအမြန်ချိုးကာ ထမင်းမစားသေးပဲ ဖုန်းလိုင်းမိသည်ဆိုသည့် ထိုနေရာလေးသို့ မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့် ကျမသွားဖြစ်ခဲ့သည်..။ ကြက်ခြေခတ်ပုံပြလိုက် .. ဖုန်းလိုင်းသေးသေးလေး မိလာလိုက် စသည့် connection ကြားမှာ ၅ ခါလောက်ခေါ်တော့ ကံကောင်းထောက်မစွာဖြင့် မောင့်ဖုန်းကို ခေါ်လို့ရသွားပါသည်…။ “ကိုယ်ဝမ်းသာလိုက်တာကွာ.. ခုတော့ မ နဲ့ဆက်သွယ်လို့ရပြီ..။ ရောက်ကတည်းက မ ဖုန်းကို နေ့တိုင်းခေါ်တယ် .. ဖုန်းပိတ်ထားတယ်ချည်းပဲ ပြောနေတာ..။ ထင်တောင်မထင်မိဘူး.. မ ဖုန်းဆက်လာလိမ့်မယ်ဆိုတာကို” လို့ မောင်ပြောတော့ ကျမ ၀မ်းနည်းမိပါသည်..။ "ကျမက ဘာကြောင့် ဒီလို အလုပ်တာဝန်တွေ.. လေ့လာစရာတွေနဲ့ အမြဲ မအားမလပ်ဖြစ်နေရတာလဲ .. အလှအပဆိုတာကို စိတ်ကူးထဲမထည့်မိအောင် မိန်းကလေးတန်မဲ့ ကိုယ့်ကိုယ်ကို လှအောင်ပြင်ဆင်ဖို့ အချိန်မပေးချင်တတ်တဲ့သူတစ်ယောက်ဖြစ်နေရတာလဲ..။ ချစ်သူအပေါ်ကို အချိန်ပေးပြီး ခရာတာတာတွေပြောဖို့ .. ကြင်ကြင်နာနာစကားတွေပြောဖို့ အချိန်တွေရှားပါးနေရတာလဲ" လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့ ရိုးရိုးရှင်းရှင်းပဲ ပြောရလျှင် ဒါကို လောဘဟုခေါင်းစဉ်တပ်နိုင်ပါလိမ့်မည်..။ "ဟုတ်တယ်.. အောင်မြင်ချင်တဲ့ လောဘ.. အစိုးမရတဲ့ လောကကြီးထဲမှာ ကိုယ်တိုင်ရပ်တည်ချင်တဲ့လောဘ.. မိဘတွေဂုဏ်ယူနိုင်အောင် အရာရှိတစ်ယောက် ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်တဲ့ လောဘတွေပဲလေ"..။ ကံကောင်းစွာဖြင့် ဒီလောဘတွေကို နားလည်ပေးနိုင်သည့် ချစ်သူတစ်ယောက်ကို ခုချိန်ထိ ပိုင်ဆိုင်ထားတဲ့အတွက် ကံတရားမျက်နှာသာပေးမှုကိုတော့ ကျေးဇူးတင်မိပါသည်..။

အဲဒီနေရာကို ကိုယ် လိုက်လာမယ်ကွာ.. ဘယ်လိုလာရမယ်ဆိုတာသာပြောတော့.. ။ ကိုယ် မ ကို အရမ်းတွေ့ချင်နေပြီကွ” လို့မောင်ပြောတော့.. “အရမ်းခေါင်တယ် မောင်ရဲ့. ဒီကိုလာဖို့ ကားလည်း မရှိဘူး.. ကျမတို့တောင်မှပဲ လမ်းကြမ်းကြီးကို ဆိုင်ကယ်တွေနဲ့ လာရတာ.. ။ မောင် မလာနေနဲ့နော်.. ကျမ အိမ်ပြန်ရောက်မှ ကျမမြို့ကိုသာ မောင် လာခဲ့သိလား. ကျမ ပြန်တော့မှာပါ” လို့ နှစ်သိမ့်စကားဆိုတော့ မောင်က တွေ့ချင်စိတ်ကို မျိုသိပ်ထားရတဲ့ ခံစားချက်နဲ့ စိတ်မကောင်းသလို သက်ပြင်းတစ်ချက်ချပြန်သည်..။ "ဖွင့်မပြောဖြစ်လို့ပါမောင်.. ကျမကလည်း မောင့်ကို အရမ်းတွေ့ချင်ပြီး မျက်နှာချင်းဆိုင်လို့ စကားတွေ အများကြီး ပြောချင်နေမိသူပါ.. ပျက်ကွက်တဲ့သူတစ်ယောက်အနေနဲ့ ကျမက ပိုခံစားရသူပါ..။ ချစ်တယ်ဆိုတဲ့ စကားလုံးကို အမြဲတမ်းမပြောဖြစ်ပေမယ့် … ကျမရင်ထဲမှာ တစ်ယောက်တည်းသော လေးလေးနက်နက်ချစ်မိသူဟာ မောင်ပါ" ..။ တနေ့တော့ မောင့်ကို ကျမ ဘယ်လောက်ထိချစ်ကြောင်း ပြောပြဖို့ သတ္တိတွေ အပြည့်ရှိလာပါလိမ့်မည်ဟု ကျမဘာသာ နှစ်သိမ့်နေမိပြန်သည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၅)
ကိုယ်ရောက်မယ့် ကားဂိတ်မှာ ကြိုစောင့်နေနော်.. တခါမှမရောက်ဖူးတော့ ကိုယ်တစ်ယောက်တည်း သွားတတ်မှာမဟုတ်ဘူး” လို့ ရန်ကုန်ကနေ ကားစထွက်တော့ မောင်က ဖုန်းဆက်လာသည်..။ ဒီမြို့သေးသေးလေးကို မောင်အလည်လာမည်ဆိုတော့ ကြည်နူးမှုနှင့်အတူ စိတ်လှုပ်ရှားရင်ခုန်နေပြန်ပါသည်..။ ချစ်သူဖြစ်ပြီးသည့်နောက် ပထမဆုံးတွေ့ကြ စကားတွေပြောကြမည့်အချိန်မှာ ကျမ တော်တော်ရှက်နေလေမလား.. စကားတောင် ပြောရဲပါ့မလား စသဖြင့်လည်း စိုးရိမ်နေမိပြန်သည်…။ စာအုပ်တွေအများကြီးမထည့်ချင်တာနဲ့ပဲ ကိုင်နေကျ Tablet ထဲမှာ E-book တွေပြောင်းထည့်ရင်း မောင့်ကိုစောင့်နေချိန် အကျိုးရှိအောင် ဖတ်ဖို့စာတွေ စီစဉ်နေမိသည်..။ အ၀တ်အစားကို ဘယ်လိုလှလှလေးဝတ်သွားရမလဲ စဉ်းစားမိတော့ မဖြစ်စဖူး ဒီတစ်ကြိမ်တော့ မိန်းကလေးပီပီလှချင်လာတာ အချစ်ကြောင့်ပဲဖြစ်နေလေမလား။ မိန်းကလေးဆန်ဆန်လှလှပပ အ၀တ်အစားမျိုးတွေမရှိသဖြင့် ညီမလေးဆီမှ ယူဝတ်ကြည့်သော်လည်း ၀တ်နေကျမဟုတ်သဖြင့် မနေတတ်ပြန်..။ ဒါနဲ့ပဲ နောက်ဆုံးတော့ အမြဲဝတ်နေကျပုံစံအတိုင်း ဂျင်းဘောင်းဘီအပြာဖျောဖျော့ တစ်ထည်နှင့် ရှေ့ဘက်မှာ ကာတွန်းရုပ်လေးများပါသော အစိမ်းရောင် တီရှပ်တစ်ထည်သာ..။ ဘေးလွယ်အိတ်သေးသေးတစ်လုံးထဲမှာ tablet တစ်ခု ပိုက်ဆံအိတ်တစ်လုံး နားကြပ်တစ်ခု ထည့်ကာ ဆိုင်ကယ်တစ်စီးဖြင့် မောင်ရောက်လာမည့် ကားဂိတ်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်…။

ကားဂိတ်မှာ အသိတစ်ယောက်နှင့်တွေ့တော့ ချစ်သူကို လာကြိုတာဖြစ်သဖြင့် ဘာမှမမေးပဲနှင့် ကျမ အနည်းငယ်ရှက်ရွံ့နေမိပြန်သည်…။ ဘ၀မှာ ဒါပထမဆုံးအတွေ့အကြုံပဲ ….။ သူစိမ်းယောက်ျားလေး တစ်ယောက်ကို ချစ်သည်ဟု အဖြေပေးကာ ဘ၀ထဲကို ၀င်လာဖို့ ခွင့်ပြုခဲ့သလို အဲဒီနေ့ကစလို့ ကျမဘ၀ရဲ့ နေ့ရက်တွေတိုင်းမှာ မောင် ပါဝင်လာခဲ့တာပဲ….။ ကျမရဲ့အလုပ်တွေကို မောင့်ကို တခါတလေ ဖွင့်ဟပြောဆိုမိတိုင်း ပိုကောင်းဖို့အကြံညဏ်တွေပေးတတ်တာ.. သတ္တိတွေပိုရှိလာစေဖို့ စိတ်ဓါတ်မကျဖို့ စကားလုံးတွေနဲ့ ခွန်အားတွေပေးဖြစ်ခဲ့ပေမယ့် ကျမကတော့ မောင့်ကို သိပ်ဂရုမစိုက်ဖြစ်ခဲ့…။ မောင်နဲ့တွေ့မှ မောင့်မျက်လုံးတွေထဲက အချစ်တွေကို ဖတ်ကြည့်ရဦးမည်ဟု တွေးရင်း ရသည့်အချိန်လေးအတွင်းမှာ ကားဂိတ်ထဲ စာဖတ်နေခဲ့တာ ကျမပဲလေ..။ ဘေးပတ်ဝန်းကျင်မှ သွားလာလှုပ်ရှားနေတဲ့အသံတွေ ဈေးသည်လေးတွေရဲ့ တစာစာအော်ရောင်းနေသံတွေကို ဂရုမပြုမိပဲ စာထဲပဲ အာရုံရောက်နေဆဲ ကျမခေါင်းပေါ်သို့ လက်တစ်ဖက်ရောက်လာခဲ့သည်…။ မောင်ရောက်လာလို့ မောင့်ကိုမြင်တာနဲ့ ချက်ချင်းပြေးသွားကာ အပြုံးတွေနဲ့ မောင့်လက်တစ်ဖက်ကို ဆွဲကိုင်လို့ ဆီးကြိုမည်ဟု တွေးထားမိသမျှ စာထဲ စိတ်ရောက်နေသဖြင့် မောင်ရောက်နေတာ သတိမထားမိလိုက်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၆)
ဒီပုံစံဟာ မ ပဲလေ.  အမြဲလိုလို စာဖတ်နေတတ်တယ်.. ကိုယ်လုပ်နေတဲ့အလုပ်မှာပဲ အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုမသိ .. တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ထင်နေတတ်တာ ကိုယ့်ချစ်သူပဲပေါ့ ..” လို့ မောင်က ကျမခေါင်းကို ခပ်ဖွဖွထုရင်း ပြောလာတော့ အသားတွေပိုဖြူလာပြီး အရင်ထက် ပိုချောလာတဲ့မောင့်ကို တအံ့တသြငေးကြည့်နေမိပြန်သည်..။ “လာ.. သွားမယ်” ဆိုပြီး မောင်က ခေါ်လိုက်မှ လက်ရှိအချိန်ထဲ အသိပြန်ဝင်လာ ကျမ မောင့်ကို ကြည့်ရင်း “ပျော်လိုက်တာ” လို့ ပြောမိပါသည်…။

ဟုတ်တယ်… တကယ်ပါ.. အကြာကြီးဝေးနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့တစ်နေ့ဆိုတာ ချစ်သက်တမ်းတစ်လျှောက်မှာတော့ ဘယ်လိုမှ မေ့မရတဲ့ နေ့စွဲတစ်ခုပဲပေါ့….။ အကွာအဝေးကို လျစ်လျူရှုပြီး ဝေးနေချိန်တွေမှာ အချစ်တွေကို ရှင်သန်နေအောင် အမြဲဖန်တီးပေးတတ်တဲ့ မောင့်လို ချစ်သူတစ်ယောက်ကို မျက်နှာချင်းဆိုင်လို့ “အရမ်းချစ်တယ်” ဆိုတဲ့ စကားကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောဖို့ ကျမ နှုတ်က ဆွံ့အမနေသင့်ဘူးလေ…။ 

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
 Believe it or not!!! That's true story :) :) :)

Written and posted HERE on 09-04-2013

Friday, 5 December 2014

TGIF ^^

December 05, 2014 3 Comments
 ဒီဇင်ဘာပထမပတ်ရှင်းတမ်း++
ရက်သတ္တတစ်ပတ်ရဲ့ သောကြာနေ့ကို ရောက်လာတဲ့အခါ စိတ်တွေက တစ်ပတ်လုံး ရှုပ်ခဲ့သမျှ ပြန်လည် ပေါ့ပါးလာခဲ့ပါပြီ ...။ ဘာပဲဖြစ်ဖြစ် weekends ၂ ရက်မှာတော့ ကျောင်းမသွားဘဲ ပေါ့ပေါ့ပါးပါး နားလို့ရပြီလေ.....။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဒီဇင်ဘာအမှတ်တရ ပို့စ်တစ်ခုရေးခဲ့တယ်..။ အဲဒီပို့စ်မှာတောင် ထည့်ရေးမိပါသေးတယ်..။ မနက်နိုးနိုးချင်း ခေါင်းလျှော်ရေချိုးပြီး ကျောင်းသွားခဲ့တယ်ဆိုပြီးတော့ပေါ့ ..။ ညပြန်ရောက်၊ Blog မှာ စာတွေဘာတွေရေး၊ အိပ်ပြီးတဲ့အချိန်အထိ ဘာမှမဖြစ်ခဲ့ဘူး ...။ နောက်တစ်ရက်တော့ ကျောင်းကို ပုံမှန်အတိုင်းသွားပါတယ်..။ နေ့လည်ပိုင်းရောက်တော့ Seminar တစ်ခုတက်တယ်..။ အဲဒီမှာ ဆရာကလည်း ခရီးသွားရာကနေ ပြန်ရောက်လာပါပြီ ...။ Seminar ပြီးတော့ ဆရာက ကျမရဲ့ research plan နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ဘာညာ မေးပါတယ်..။ အဲဒီတော့ ဘယ်လိုလုပ်ချင်တယ်၊ Study site က ဘယ်နေရာကို ရွေးထားတယ်..၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပါမယ်၊ ဘာညာသာရကာ ပြန်ပြောတာပေါ့ ...။ အဲဒါနဲ့ ဆရာက research plan ကို Detail ရေးပြီး သူ့ဆီကို တင်ပါတဲ့ ..။ word နဲ့လား powerpoint နဲ့လားဆိုတာ ဘာမှမပြောတာနဲ့ မြန်မြန်နဲ့ ထိထိရောက်ရောက်ပြနိုင်တဲ့ ppt နဲ့ ပေးချင်လို့ ppt file နဲ့ တင်လို့ရမလားဆရာဆိုတော့ document ပဲတင်ရပါမယ်တဲ့ ..။ Hai Hai ဆိုပြီးတော့ သောကြာနေ့အပြီးရေးတင်မယ်စိတ်ကူးတာ ... အိမ်ရောက်တော့ ဖျားတာပါပဲ ....။ လည်ချောင်းတွေက နာနေပြီ ..။ တကယ်က အဲဒီမနက်ကတည်းက လည်ချောင်းနာနေတာကို သတိထားမိတယ်..။ ရာသီဥတုက ချက်ချင်းအေးလာတော့ ရာသီအကူးအပြောင်းမှာ အ၀တ်အစားကို သေချာနွေးထွေးအောင် မ၀တ်မိဘဲ ပုံမှန်အတိုင်းဝတ်သွားမိလိုက်တာနဲ့ ခန္ဓာကိုယ်က ဖောက်ပြန်လာတော့တာပါပဲ..။ သေချာဂရုတစိုက်ဝတ်စားလဲ ဖြစ်မှာကတော့ ဖြစ်မှာပါပဲ .။ ကျမရဲ့ အကျင့်က ဘယ်နေရာရောက်ရောက် ရာသီအကူးအပြောင်းဆို အအေးမိတာ၊ အပူရှပ်တာက ဖြစ်နေကျ။ ရာသီဥတုပြောင်းပြီလားဆိုရင် ကျမကို ကြည့်ရင်ရပါပြီ..။ ကျမဖျားနေပြီဆို ရာသီတစ်ခုကနေ တစ်ခုပြောင်းလို့ဆိုတာ မှတ်လို့ရနေပြီလေ...။ ပုံမှန်ကတော့ နှာစေးချောင်းဆိုးလောက်ဖြစ်ပြီး ကြီးကြီးမားမားဖျားတာ နာတာ မရှိပဲ ရာသီပြောင်းရင် အဲလို နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်၊ အဲဒီကနေတစ်ဆင့် အဖျားပါဝင်တော့တာပါပဲ ..။
အဲဒါနဲ့ နောက်တစ်ရက်ကျောင်းကိုသွားပါသေးတယ်..။ လုံးဝခေါင်းမထောင်နိုင်၊ စကားမပြောနိုင်တော့တာနဲ့ပဲ အခန်းကိုပြန်လာ၊ ဆေးသောက်ပြီးအိပ်၊ အားဆေးတွေလည်းသောက်ပေါ့..။ နောက်တစ်ရက်တော့ တစ်နေကုန်ကျောင်းမသွားပဲ ညနေပိုင်းမှ Seminar တစ်ခုသွားတက်ပါတယ်..။ အိမ်မှာတုန်းက ကောင်းစပြုလာရာကနေ လမ်းလဲထွက်လိုက်ရော တော်တော်အေးပြီး Seminar ခန်းထဲ ဘာတွေပြောလို့ ပြောသွားမှန်းမသိအောင်ကို ချာလပတ်ရမ်းနေခဲ့ပါတယ်..။ ညရောက်တော့ သေချာ အနားယူ၊ ဆေးသောက်လုပ်ရင်း မသက်သာရင် သောကြာနေ့ ကျောင်းက ဆေးရုံခေါ်သွားမယ်လို့ သူငယ်ချင်းက ပြောပေမယ့် အခုတော့ အကောင်းပကတိ သက်သာသွားပါပြီ ...။ ဆရာ့ကိုလည်း Proposal က မတင်နိုင်တော့ နောက်တစ်ပတ်တင်ပါ့မယ်ဆိုပြီး request လုပ်ထားခဲ့ရပါတယ်...။

 Photos ++

Momiji တွေ အရောင်နီတာ ကြည့်ရင်း လျှောက်သွားထားခဲ့တာ ဓါတ်ပုံတွေမှ အများကြီးပဲ ..။ ဒါပေမယ့် Post က ရေးပြီးပြီဆိုတော့ အဲဒီဓါတ်ပုံတွေ ဒီအတိုင်း ကွန်ပျူတာထဲ ထည့်သိမ်းထားရုံပေါ့ ..။ Facebook တော့ တစ်ပုံစနှစ်ပုံစလောက်သာတင်ပြီး သိပ်မတင်ဖြစ်ပါဘူး..။ အပေါ်က ၂ ပုံက Momiji တွေသွားကြည့်တုန်းက Temple တစ်ခုက စမ်းချောင်းလေးတစ်ခုရဲ့ တံတားပေါ်ကနေ ရိုက်ထားတာ..။ ရေတွေကြည်နေတဲ့ သဲချောင်းလေးထဲက ကျောက်တုံးပေါ်မှာ အကြွေစေ့တွေ ပစ်ထားတာ အများကြီးပဲ..။ ဒဏ္ဏာရီဇာတ်လမ်းတွေထဲက ရွှေတွေ ငွေတွေတွေ့တဲ့ပုံနဲ့တူလို့ တော်တော်သဘောကျခဲ့တဲ့နေရာလေးပါ..။ စမ်းချောင်းလေးထဲမှာ ငွေအကြွေတွေအပြင် မေပယ်လ်ရွက်ကြွေတွေပါမျောပြီး တကယ်ကဗျာဆန်တဲ့ နေရာလေးတစ်ခုပါ ..။ ဒီမှာကတော့ ဘယ်နေရာပဲဖြစ်ဖြစ် ကဗျာဆန်ဆန်လှနေတာပါပဲလေ..။

Blog & Facebook ++
အခုတလော Facebook account ကို Deactivate လုပ်ချင်စိတ်တော်တော်များနေတယ်..။ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရလို့ ..။ အချိန်ကုန်လို့ ......။ Blog ကတော့ သိပ်အချိန်မပေးရပါဘူး ..။ နောက်တစ်ချက်က Blog မှာ တစ်ခုခုရေးဖြစ်ခြင်းက ကျမအတွက် အကျိုးရှိတယ်လေ..။ အနည်းဆုံး အချိန်မရလို့ ကိုယ့်ဒိုင်ယာရီပဲကိုယ်ရေးတယ်ဆိုရင်တောင် စာရေးကျင့်တော့ မပျက်ဘူးပေါ့ ..။ ဒီ Blog မှာကလဲ ကိုယ်ပဲစာရေးသူ၊ ကိုယ်ပဲ စာဖတ်ပရိသတ် :D :D
Feedjit live ကို ကြည့်လိုက်ရင် ကိုယ်ပဲ အများဆုံးဝင်တာကို တွေ့ရတာပါပဲ ..။ အနည်းဆုံးတော့ ပျင်းတဲ့အချိန် ကိုယ်ရေးထားခဲ့ဖူးတဲ့ စာလေးတွေ ပြန်ဖတ်ရခြင်းကလည်း ကြည်နူးခြင်းတစ်မျိုးပါပဲ ..။

Writing++
ရေးလက်စစာတွေလည်း တော်တော်များနေပြီ ..။ အဆုံးမသတ်ဖြစ်သေးတာတွေက ခပ်များများပေါ့ ..။ အဆုံးမသတ်ဖြစ်တာတွေကိုတော့ Blog မှာ မတင်ဖြစ်ပေမယ့် ဟိုတစ်လောက ဆရာမဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ဆိုတဲ့ စာအုပ်ကိုပြန်ဖတ်မိရင်း ကိုယ့်အကြောင်းကိုယ်ရေးထားတဲ့ အက်ဆေးကို သိသိနဲ့ အဆုံးမသတ်ဖြစ်သေးဘူး ..။ အားလုံးရေးလိုက်ရင်လည်း Public မှာ ကိုယ့်အကြောင်းကိုယ် ချပြသလိုဖြစ်သွားမှာကြောင့် တမင်ကို ဆက်မရေးဖြစ်တာပါ ..။ တခါတလေလည်း တိတ်တိတ်ကလေးနေတာ အကောင်းဆုံးပဲမဟုတ်လား ..။ ကျမရဲ့ Blog post တချို့ကို ထည့်ပေးနေတဲ့ ဂျာနယ်ဆီကို အက်ဆေးကောင်းကောင်းလေးတွေ သေချာရေးပို့မယ်လို့  စိတ်ကူးထားပေမယ့်လည်း စာတွေထဲစိတ်ရောက်နေရတဲ့အခါ အဲဒီစိတ်ကူးလဲ ပျက်ပြယ်နေရပါတော့တယ် ....။

Favorite song ++
ကျမအကျင့်က သီချင်းတစ်ပုဒ်နားထောင်ပြီိဆိုရင် တချိန်လုံး အဲဒီသီချင်းကို ဆက်တိုက်ဖွင့်ပြီး နားထောင်တော့တာပါပဲ ..။ အခုအချိန် အခုရာသီမှာ ကြိုက်နေတဲ့သီချင်းက နီနီခင်ဇော်နဲ့ စန္ဒီမြင့်လွင်နဲ့ဆိုထားတဲ့ "နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ သီချင်းပါ ..။ ဒီဆောင်းရာသီအတွက် ခရေဇီအဖြစ်ဆုံးသီချင်းဆိုပါတော့ ..။

Time flies so fast!!!
အချိန်တွေအကုန်မြန်ပုံက ရောက်ခါစက ကျောင်းဝင်းထဲက အပင်တွေအစိမ်းရောင်၊ အဲဒီနောက် အဝါရောင် အခုတော့ အရွက်တွေအကုန်ကြွေလို့ အရိုးပြိုင်းပြိုင်းကျလို့နေပါပြီ ..။ ရာသီဥတုကလည်း ရောက်ခါစက ၁၇ ဒီဂရီလောက်ကနေ အခုတော့ ၄ ဒီဂရီလောက်ထိ အေးနေပါပြီ ..။ ဂျပန်ရဲ့ ထူးခြားတဲ့ရာသီဥတု၊ အထူးသဖြင့် ဒီမြို့ရဲ့ ရာသီဥတုဖြစ်မယ်ထင်ပါတယ်..။ အပတ်တိုင်းမိုးရွာပါသတဲ့ ..။ ရာသီဥတုကအေးတဲ့ကြားမှာ မိုးကလည်း မကြာခဏရွာတဲ့အခါ ... ဘာမဆိုင်ညာမဆိုင် သက်ဆိုင်သူကို လွမ်းမိတာပါပဲ .....။

Monday, 1 December 2014

December Greetings ~~~

December 01, 2014 2 Comments
ဒီဇင်ဘာနံနက်ခင်းတစ်ခုဟာ ... ထူးခြားစွာပဲ မိုးရေစက်တွေနဲ့အတူ ၀င်ရောက်လာခဲ့ပါတယ်......။
နှိုးစက်ပေးထားလေ့မရှိတော့တဲ့ ဖုန်းကို အိပ်ရာထဲကနေ ကောက်ကြည့်လိုက်တဲ့အခါ နံနက် ၉း၃၀ နာရီကို ညွှန်ပြလို့နေပါတယ်......။
ဟင်င်င်င်င်င် !!!!!!!!!!!!!!!
"အဲလောက်အချိန်ထိ အိပ်ရသလား" ........................ဆိုပြီး အိမ်မှာသာဆိုရင် ဆူမယ့်အမေရှိမှာဖြစ်ပေမယ့် ဒီမှာကတော့ အိပ်ရာထဲကနေပဲ ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ဆူပစ်မိတယ်..။
ပြီးမှ ..."အော်.. ငါ.. ညက ၂ နာရီခွဲလောက်မှ အိပ်ဖြစ်တာဆိုတော့ အိပ်ချိန်က ၇ နာရီလောက်ပဲ ကြာတာမို့ .. အကြာကြီး အိပ်ပုပ်ကြီးနေတာတော့လည်း မဟုတ်ပါဘူးလေ" ဆိုပြီး ကိုယ့်ဘာသာပဲ ပြန်နှစ်သိမ့်နေပြန်တယ်....။ အိပ်ရာထဲကနေပဲ တစ်ဆက်တည်း Facebook ကို ခဏကြည့်လိုက်တဲ့အခါ လူတိုင်းနီးပါးလောက် "Sweet December" ဆိုပြီး Post တွေ တင်ထားတာ ပလူပြန်လို့ပါပဲ ..။ အတော်များများက အခြားလတွေမှာဆိုရင် မှတ်မှတ်ရရဖြစ်လေ့မရှိကြဘဲ ဒီဇင်ဘာဆိုရင်ကို နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလအဖြစ်ရော... အေးမြတဲ့ဆောင်းရဲ့အမှတ်အသားအဖြစ်ရော .. X'mas, newyear စတဲ့အထိမ်းအမှတ်နေ့တွေအတွက်ရော ပိုချစ်ပိုလွမ်းကြတာထင်ပါတယ်...။

ပုံမှန်ဆိုရင်တော့ ကျမက လူတွေအများကြီး ခရေဇီဖြစ်တဲ့အရာတွေကို လိုက်လုပ်လေ့မရှိပါဘူး..။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ ဒီဇင်ဘာဟာ ကျမအတွက် အမှတ်တရတွေအများကြီး ဖြစ်ပေါ်စေခဲ့တဲ့ လတစ်လပါ..။ အဲဒီအမှတ်တရတွေထဲမှာ ပျော်ရွှင်ကြည်နူးစရာ၊ ချစ်ခင်မြတ်နိုးစရာ၊ ကြေကွဲဝမ်းနည်းစရာ၊ နာကျင်ထိခိုက်စရာ၊ လွမ်းဆွတ်တမ်းတစရာ စသဖြင့် ခံစားချက်မျိုးစုံကို ကျမ ရရှိခဲ့ဖူးပါတယ်..။ အဲဒါကြောင့် ဒီဇင်ဘာရောက်တိုင်း Facebook မှာဖြစ်စေ၊ Blog မှာဖြစ်စေ အမှတ်တရ တစ်ခုခုရေးချင်မိတာက ကျမရဲ့ ဒဏ်ရာကို ပိုသက်သာစေတယ်လို့ ခံစားမိလို့ပါ ...။ ပျော်ရွှင်ကြည်နူးဖွယ်ကာလတွေကနေ.... ၀မ်းနည်းနာကျင်စရာအချိန်ကာလတစ်ခုကို ဆင့်ကဲပြောင်းလဲလာပြီးနောက်... အခုအခါမှာတော့ ပျော်စရာကာလတစ်ခုကို အလွမ်းတွေကြားထဲ ပြန်လည်ပိုင်ဆိုင်လာပြီဖြစ်ပါတယ်....။

ဒီ Blog ကို ရေးဖြစ်ခဲ့တာက ၂၀၁၂ ခုနှစ်ကဆိုတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာတော့ ဥရောပနိုင်ငံတစ်ခုကနေ ဒီဇင်ဘာအလွမ်းတစ်ခုကို ချရေးဖြစ်ခဲ့ပါတယ်....။
၂၀၁၂ ဒီဇင်ဘာ

၂၀၁၃ ဒီဇင်ဘာမှာတော့ ကျမ မြန်မာပြည်ပြန်ရောက်နေပြီဖြစ်လို့ ဒီဇင်ဘာ Feeling တွေကို မြန်မာပြည်မှာပဲ ပုံဖော်ခဲ့ပါတယ်...။
၂၀၁၃ ဒီဇင်ဘာ

အခု ၂၀၁၄ ဒီဇင်ဘာ ~~~~~
 ဒီဇင်ဘာနံနက်ခင်းက မိုးတွေနဲ့အတူ အေးအေးမြမြ ကြိုဆိုပါတယ်....။
နံနက်ခင်းအိပ်ရာထနောက်အကျ ကတိုက်ကရိုက်နဲ့ နံနက်စာပြင်ဆင်ပြီး စားသောက်ရပါတယ်..။ ဘယ်လောက်နောက်ကျကျ ကျမက နံနက်စာမစားဘဲ ဘယ်တော့မှ မသွားပါဘူး...။
ပြီးတော့ မိုးအေးတဲ့ကြားက ရေချိုးခေါင်းလျှော် မြန်မြန်ပြင်ဆင်ပြီး ကျောင်းကို ခြေကျင်လျှောက်သွားပါတယ်..။ စက်ဘီးနဲ့ဆိုရင် ထီးမဆောင်းတတ်လို့ မိုးရေထဲ ထီးတစ်ချောင်းနဲ့ ကျောင်းကို အသော့နှင်လို့ပါ...။
ကျောင်းရောက်တော့ အိတ်ကိုချ... ဆရာ့ရုံးခန်းကိုကြည့်တော့ ဆရာက ခရီးသွားရာကနေ ပြန်မရောက်သေးပါဘူး...။ အဲဒါနဲ့ စိတ်အေးလက်အေးဖြစ်သွားပြီး .... စိတ်ထဲခံစားမိရာ ကဗျာလိုလို စာလိုလို ခံစားချက်တစ်ခုကို Facebook ပေါ်မှာ ချရေးဖြစ်ခဲ့ပါသေးတယ်.....။

<3 ဒီဇင်ဘာ <3
ဒီဇင်ဘာက ဒီတစ်နှစ်အတွက်တော့ နှင်းပွင့်တွေနဲ့မဟုတ်ဘဲ
မိုးစက်တချို့နဲ့အတူ တိတ်တိတ်ဆိတ်ဆိတ်ကြိုဆိုတယ် ...........။

တချိန်တုန်းက ကောင်းကင်ကြီးတစ်ခုတည်းအောက်မှာ ..
အတူတူရှိနေကြတယ်ဆိုတဲ့ အသိနဲ့ပဲ ကြည်နူးနေတတ်ခဲ့ခြင်းက
လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစလို့ ပျောက်ကွယ်သွားလေရဲ့ ...။

အလွမ်းတွေအစား နာကျည်းမှုတွေနဲ့ပဲ တည်ဆောက်ထားတဲ့ လတစ်လဟာ
ကြာလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်လို့
အခုချိန်မှာ Sweet December ပြန်ဖြစ်နေတာ ကြာခဲ့ပါပြီ...။

ဒီဇင်ဘာကိုချစ်တယ် လို့ အသေအချာ ပြန်ရေရွတ်နိုင်ဖို့ ...
ခွန်အားတချို့ ပြန်မွေးဖွားပေးခဲ့တဲ့ ကံတရားဟာ
တခါတလေလည်း ကိုယ့်ဖက်ကို မကြာခဏ ငဲ့ကြည့်တတ်ခဲ့တယ်....။

"ချစ်မြဲအတိုင်း ချစ်နေဆဲပါ ဒီဇင်ဘာရေ" လို့
အခုတော့လည်း ...... ယုံကြည်စွာ ဟစ်ကြွေးနိုင်ခဲ့ပြီလေ ..........။
=================================================


နောက်တော့ ပျင်းတဲ့စိတ်ကို မနည်းဖျောက်လို့ ... ကိုယ့်ကိုယ်ကို ကော်ဖီတိုက်လိုက်၊ မုန့်ကြွေးလိုက်၊ လမ်းထလျှောက်လိုက်နဲ့ စာလုပ်ဖြစ်တာ ဒီနေ့အတွက် လုံလောက်ပြီလို့ သတ်မှတ်မိတဲ့အခါ ပြန်မယ်ဆိုပြီး အချိန်ကိုကြည့်တော့ ည ၈ နာရီစွန်းနေပါပြီ .....။

ညပေမယ့်လည်း ကျောင်းသားကျောင်းသူတွေ သွားလာနေဆဲလမ်းတစ်လျှောက် တစ်ယောက်တည်း ဆိတ်ငြိမ်စွာ ပြန်လာရင်း ကောင်းကင်မှာမြင်ရတဲ့ လမင်းကတော့ သွားရာလမ်းတစ်လျှောက် လိုက်ပါလာလေရဲ့ .....။

+++++++++++++++++++++++++++++++++++

Thanks for coming here :) :-)

Follow Us @soratemplates