Saturday, 7 April 2012

# My Own Feelings

Dilemma......


လူတွေအတွက် တစ်ခါတစ်ရံမှာ.. ကျမအတွက်တော့ တခါတလေမဟုတ်ပါဘူး.. အမြဲတမ်း လိုလိုကြုံတွေ့ရတတ်တယ်..။ အခွင့်အရေးဆိုတာမျိုးက သူ့တစ်ကိုယ်တည်း.. မလာပဲနဲ့… အဖော်အပေါင်းနဲ့မှ.. လာချင်တဲ့ အရာမျိုးလား လို့တောင် တွေးမိစေတယ်…။
တစ်ခုက တစ်ခုထက်ပိုသာတဲ့ အခွင့်အလမ်းမျိုးဆိုရင်တော့ ဆုံးဖြတ်ရမယ့်သူအတွက်.. ဘာမှ ဖိအားမရှိစေပဲ.. အလွယ်တကူ ဆုံးဖြတ်လို့ ရနိုင်ပါတယ်..။ ဒါပေမယ့် အခွင့်အရေးဆိုတာမျိုးကလည်း အဲဒီလို မဟုတ်ပြန်ဘူး.. ။ နှစ်ခုစလုံးဟာ ထပ်တူကျလုနီးပါး… တူညီတဲ့ကောင်းကျိုးတွေ.. အခွင့်အလမ်းတွေရှိနိုင်တာမျိုးဆိုရင်.. ရွေးချယ်ရသူအတွက်.. တစ်ကယ့်ကို .. ဖိအားသက်ရောက်စေတဲ့ အရာတွေပါ..။
....................................................................................

တစ်ခါကတော့ စီနီယာအစ်မ တစ်ယောက် ကြုံခဲ့ဖူးတယ်..။ သူက အိမ်ထောင်ကျပြီးတာ ကြာနေပေမယ့်.. ကလေးရဖို့.. ဘယ်လိုပဲ ကြိုးစား ကြိုးစား အဖတ်မတင်ဘူးဖြစ်နေတာ.။ ဆရာဝန်တွေနဲ့ တိုင်ပင်တယ်.. သူကိုယ်တိုင်လည်း.. ဂရုစိုက်ပြီးနေပေမယ့်.  ဘယ်လိုမှ မအောင်မြင်ဘူး...။ အဲဒါနဲ့ သူလည်း ကံတရားအတိုင်းပဲ ထားလိုက်တော့မယ်ဆိုပြီး.. ဘာမှမလုပ်ပဲနေခဲ့ကာ.. ပညာရေးကို ဆက်လှမ်းဖို့ ကြိုးစားခဲ့ပါတယ်..။ သူပါရဂူဘွဲ့အတွက် ဂျာမနှီနိုင်ငံက ပညာသင်ဆုလျှောက် ထားတာ ရတယ်လို့ သိတဲ့အချိန် သူ့ဆီမှာ.. ကလေးလေးက ရှိနေခဲ့ပြီ ဆိုတာ သိခဲ့ရတယ်…။ သွားမယ့်အချိန်က ကလေးမမွေးခင် အချိန်ဖြစ်နေတော့ ဘယ်လိုမှ အချိန်မှီ သွားဖို့ မဖြစ်နိုင်ခဲ့ဘူး..။ အဲဒါကြောင့်Scholarship ပေးတဲ့အဖွဲ့အစည်း ကို နောက်တစ်နှစ်ကို ရွှေ့လို့ရမလားဆိုတာ လှမ်းပြီး request လုပ်တဲ့အခါမှာတော့.. မရပါဘူးတဲ့. ဒီနှစ်ပေးတာ ဒီနှစ်အတွက်ပဲ ဖြစ်ပြီး. နောက်တစ်နှစ်မှာ နောက်ရမယ့်သူတွေ အတွက်ပဲ ဖြစ်သွား မှာကြောင့်. အချိန်ရွှေ့လို့ မရနိုင်ပါဘူးဆိုပြီး.. အကြောင်းပြန်ကြားစာကို ရခဲ့ပါတယ်…။ နောက်ဆုံးတော့.. သားသမီးနဲ့ ပညာဆိုတဲ့ အခွင့်အလမ်းနှစ်ခုကြားမှာ.. မိခင်ပီပီ သားသမီးကိုပဲ သူမ ရွေးချယ်ခဲ့ပါတယ်..။ အဲဒီတစ်ကြိမ်မှာတော့ ကျန်းကျန်းမာမာအောင်အောင်မြင်မြင်နဲ့ပဲ သားလေးတစ်ယောက် ကို မွေးဖွားနိုင်ခဲ့ပါတယ်..။ 

သားအတွက်.. ခင်ပွန်းအတွက်.. အချိန်တွေကို ပေးဆပ်လိုက်ပြီး.. နောက်ပိုင်းနှစ်တွေမှာလည်း အဲဒီအစ်မက သူ့ရဲ့ ပညာရေးကို ဆက်မလုပ်ဖြစ်တော့ပါဘူး..။ တစ်ခါကတော့ အစ်မနဲ့ အွန်လိုင်းမှာ.. စကားပြောဖြစ်ကြတော့ သူရွေးချယ်တဲ့ လမ်းအတွက် ကျေနပ်နေပုံပါပဲ.. သားလေးကိုလည်း အရမ်းချစ်တယ်တဲ့.. သားလေးအတွက်.. သားရဲ့ ရှေ့ရေးအတွက်ပဲ.. သူ့ရဲ့ အတွေးထဲမှာ. အမြဲတမ်း ဦးစားပေးတော့မယ်လို့ ပြောပါတယ်..။ သူတို့ မိသားစုဓါတ်ပုံကိုလည်း ပို့လိုက်လို့.. မြင်ရတဲ့အခါမှာ.. သူမရဲ့ မျက်နှာမှာ. ပျော်ရွှင်ခြင်းတွေ.. သားကို ချစ်တဲ့ အချစ်တွေ.. ခင်ပွန်းအတွက် သူမရဲ့ အချိန်တွေကို ပေးဆပ်လိုက်ရတဲ့အပေါ်မှာ.. ကျေနပ်မှုတွေကို တွေ့လိုက်ရသလိုပဲ ကြည်လင်ပျော်ရွှင်နေတာ တွေ့ရတော့.. တစ်ကယ်ဝမ်းသာဂုဏ်ယူခဲ့မိပါတယ်..။
.............................................................................

တစ်ခါကတော့.. စီနီယာအစ်ကိုတစ်ယောက်ရဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားတွေ ပြောခဲ့ဖူးတယ်..။ အဲဒီအချိန်မှာ.. အစ်ကို့အတွက်.. အခွင့်အရေးတွေက ၃ ခုလောက်တောင် ရွေးရခက်အောင် ကြုံတွေ့နေရတဲ့အချိန်ပါ..။ အစ်ကိုက အရမ်းတော်ပြီး ကြိုးစားတာကြောင့်လည်း ပါပါတယ်။ အဲဒါကြောင့်လည်း... ပါရဂူဘွဲ့ဆက်တက်ဖို့ Scholarship ရတာရယ် နိုင်ငံခြားအဖွဲ့အစည်းတစ်ခု က ထောက်ပံ့ပေးပြီး. အကောင်အထည်ဖော်နေတဲ့ development Project တစ်ခုမှာ.. Consultant အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီဖြစ်ကြောင်း အကြောင်းကြားစာရထားပြီးတဲ့အချိန်ပါ..။ တစ်ခြားသူတွေကတော့.. သူတို့ဇနီးမောင်နှံအရမ်းပျော်နေကြမှာပဲ.. အခွင့်အရေးတွေတစ်ပြိုင်တည်း ရလာတာ ကောင်းလိုက်တာ ဆိုပြီး ပြောကြပါတယ်.။ အစ်မနဲ့ စကားစပ်မိတော့ အစ်မက ပြောပါတယ်.. ဒါလည်း ကံဆိုးတယ်လို့ပြောလို့ရသလို.. စိတ်အနှောက်အယှက် လည်း ဖြစ်ရပါတယ်တဲ့..။ တစ်ခုချင်းစီ မလာပဲ ရွေးရခက်အောင် အခွင့်အရေးတွေက ဘာကြောင့် တစ်ပြိုင်တည်း လာရတာလဲ.. ပြီးတော့ တစ်ခုကို စွန့်လွှတ်ပြီး တစ်ခုကို လက်ခံဖို့ဆိုတာ.. မတူညီတဲ့ နှစ်ခုကြားမှာ ရွေးခိုင်းရင်တော့.. အလွယ်တကူရွေးလို့ ရနိုင်ပေမယ့်.. ဒီလိုအခြေအနေမျိုးမှာတော့.. စွန့်လွှတ်လိုက်ရတဲ့ တစ်ခုအတွက်.. နှမြောစရာကောင်းလို့ သူတို့နှစ်ယောက်လုံး စိတ်မကောင်းဖြစ်ရပါတယ်တဲ့..။ အဲဒီင်္ကိစ္စမှာတော့ အစ်ကိုက ပညာရေးကို ဦးစားပေးပြီး.. ပါရဂူဘွဲ့ကိုပဲ ဆက်တက်ခဲ့လို့ အခုတော့.. ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်သွားပါပြီ..။
.............................................................................................

အားလုံး သတိထားမိရင် သိပါလိမ့်မယ်..။ အခွင့်အရေးဆိုတာ အမြဲတမ်းလိုလို အဖော်အပေါင်းနဲ့မှ လာလေ့ရှိပါတယ်..။ ပြီးတော့ ၂ ခုကြား ၃ ခုကြား စသဖြင့် ရွေးချယ်ရခက်တဲ့ အခွင့်အရေးတွေကြားထဲမှာ.. ရွေးချယ်သူတွေအတွက်.. စိတ်ဒဏ်ရာ တစ်ခုမဟုတ်တစ်ခုတော့ ကျန်ခဲ့အောင် သူတို့ ဖန်တီးနိုင်ကြပါတယ်.။
တစ်ခုလိုချင် တစ်ခုတော့ စွန့်လွှတ်ရမှာပဲ ဆိုတဲ့ ကြားဖူးခဲ့တဲ့ စကားအတိုင်းဆိုရင်တော့.. စွန့်လွှတ်ခဲ့ရတဲ့ အခွင့်အလမ်းတစ်ခုအတွက် နောက်ဆံမတင်းရအောင် ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်..။ 
♥ ♥♥ ………………………………………………………… ♥♥ ♥

ဒီနေ့တွေးမိတဲ့ အတွေးတစ်စကို ချရေးမိခြင်းပါ..။ အတွေးအခေါ်တွေက မရင့်ကျက် တတ်သေးတော့ ရေးမိတာတွေက.. ရေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လွဲချော်ကောင်း လွဲချော်နေပါလိမ့်မယ်..။ 
Photo credit goes to adreamygal.blogspot.com and 123rf.com.

အားလုံးပျော်ရွှင်ပါစေ.. :D

8 comments:

pyaenyein said...

မစနိုးရေကောင်းပါတယ်။အဲဒီလိုစိတ်ထဲမှာရှိတဲ့အတိုင်းလွတ်လပ်စွာရေးသားထားတဲ့အတွက်အသက်ပိုဝင်တယ်လို့ကျွန်တော်ယူဆတယ်။နောက်လည်းဆက်ရေး ပေါ့ဗျာ။ကျွန်တော်က snow ရဲ့ပရိတ်သတ်လုပ်ပေးမယ်လေဗျာ။

ရင်ဆူး said...

ဟုတ်တယ်စနိုးရေ.....အခွင့်အရေးဆိုတာ အဲ့လိုဘဲထင်တယ်နော်....တစ်ခါတစ်လေ ရွေးရတော်တော်ခက်တယ်......အဲ့လိုကြုံလာတဲ့အချိန်တိုင်း အမှန်ဆုံး အကောင်းဆုံးကို ရွေးချယ်နိုင်ပြီး အောင်မြင်တဲ့လူတွေ ဖြစ်ကြပါစေလို့ အားလုံးကို ဆုတောင်းပေးပါတယ်........

ချစ်စံအိမ် said...

အမဆို အမြဲတမ်းအခွင့်အရေးနှစ်ခု ကြုံရမြဲပဲ
တခါတလေကိုယ်ဘာဖြစ်ချင်နေလည်းတောင်မသိအောင်
ဖြစ်သင့်တာပဲရွေးချယ်ခဲ့ရလို့ ဘ၀မှကျေနပ်စရာတွေတော့ရခဲ့ပါတယ်..
ပျော်ရွှင်မှုတော့ဆုံးရှုံးခဲ့ရပြန်တယ်.. ဒါလည်းဘ၀ထင်ပါတယ်..

မိုးသက် said...

ဟုတ်တယ်အစ်မ. ကျွန်တော့်ဘ၀မှာလည်း ရွေးချယ်စရာတွေများခဲ့ဖူးတယ်.။ ကံကောင်းတာက တစ်ခါမှတော့ အရွေးမမှားခဲ့ဖူးဘူး.။

မင်းမုန်းတဲ့သူ said...

ဘ၀ရယ်လို့ဖြစ်လာကတည်းကရွေးချယ်စရာတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ ကိုယ်ရွေးချယ်လိုက်တာလေးက မှန်ကန်ပြီး ကိုယ်အတွက်ပျော်ရွှင်စရာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မယ်ဆိုရင်တော့ဘ၀မှာအကောင်းဆုံးပေါ့ဗျာ။ ရေးထားတာလေးကောင်းတယ်ခင်ဗျ။

စံပယ်ချို said...

ဟုတ်တယ့် ရွှေးချယ်စရာတွေများခဲ့ဖူးတယ်
ခုထိတော့အရွှေး မမှားဖူးသေးပါဘူးထင်နေတုန်းပေါ့
နက်ဖန်တော့မသိသေးဘူးညီမရေ----အဲလိုလေးရေးတတ်တာကိုပဲ
အားရတယ် ဆက်ရေးပါနော်

ပဥာက် said...

အမ်း..အတွေးအခေါ်ကောင်းလေပါပဲ..

နွေလ said...

ကျွန်တော့်ဘ၀မှာ တစ်ခါမှတော့ မကြုံဖူးဘူး
ကြုံလာရင်လည်း မတူတဲ့ ပမာဏနှစ်ခုပဲ
ရွေးရလွယ်ခဲ့တယ်
အစ်မရေ . . .
ကောင်းပါတယ် . . . ဆက်ရေးပါ
အစ်မလည်း စာရေးကောင်းဘူးတစ်ယောက်ပါပဲ

Follow Us @soratemplates