Saturday, 14 April 2012

# Days in Germany # Sharing

စာသင်ခန်းထဲက ခုံခေါက်သံ ♥♥


မင်္ဂလာရှိသောနေ့ပါ….!!!!
အားလုံးပျော်ရွှင်နေမယ်လို့ ယုံကြည်ပါတယ်…။
♥♥ ♥♥ ♥♥
ကျမဒီနေ့…. ဂျာမနီနိုင်ငံရဲ့ စာသင်ခန်းတွေအတွင်းက ထူးခြားတဲ့အလေ့အထလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ သိပြီးသားသူတွေအတွက်တော့ လာဖတ်လိုက်ရ လို့ ပေးလိုက်ရမယ့်အချိန်တွေအတွက် တောင်းပန်ပါတယ်….။ ဘာမှထူးခြားတဲ့ ဗဟုသုတတစ်ခု မဟုတ်ပေမယ့် … မသိသေးတဲ့ မကြားဖူးသေးသော သူငယ်ချင်းများအတွက်တော့… အပျင်းပြေ ဖတ်နိုင်စေဖို့ ရေးသားခြင်းဖြစ်ပါတယ်…။

ကျမတို့မြန်မာနိုင်ငံမှာ… စာသင်ခန်းထဲဆရာဝင်လာရင် အားလုံးမတ်တပ်ရပ်ပြီး မင်္ဂလာပါဆရာ/ဆရာမ လို့နှုတ်ဆက်ပြီး…. စာသင်ပြီးသွားလို့ ဆရာပြန်ခါနီးမှာဆိုရင်… မင်္ဂလာပါ.. ကျေးဇူးတင်ပါတယ်ဆရာ ဆိုပြီး… နှုတ်ဆက်တဲ့ အလေ့အထရှိသလိုပါပဲ….။ မူလတန်းကနေ တက္ကသိုလ်အထိ အဲဒီအလေ့အကျင့်နဲ့ နှစ်ပေါင်းများစွာ ကျင့်သားရခဲ့ပြီး… တစ်ကယ်လည်း စိတ်ထဲကနေနှစ်သက်ခဲ့ မိပါတယ်…။
အဲဒီလိုပဲ.. ဂျာမနီနိုင်ငံက တက္ကသိုလ်စာသင်ခန်းတွေမှာ… ဆရာတွေစာသင်ပြီးသွားလို့… ဆရာသင်တဲ့သင်ခန်းစာကို တစ်ကယ်သဘောကျနှစ်သက်တယ်ဆိုရင်.. ကျောင်းသားတွေအားလုံး စာသင်ခုံကို ပြိုင်တူခေါက်ပြီး… ဆရာ့ရဲ့ သင်ပြမှုကို နှစ်သက်ကြောင်း.. ပြသလေ့ရှိပါတယ်..။ အခုဆိုရင်တော့ ကျောင်းသားတွေ Presentation လုပ်ပြီးသွားရင်လည်း…  သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံးခုံခေါက်ပြီး ဂုဏ်ပြုလေ့ရှိပါတယ်…။အဲဒီအလေ့အထကို မသိတဲ့ သူငယ်ချင်းတစ်ချို့က ပြီးခဲ့တဲ့နှစ်ဝက်စာသင်ကာလတုန်းက ပထမအပတ်စာသင်ချိန်တွေမှာ… အားလုံး ခုံခေါက်ပြီး .. ဆရာ့ကို နှုတ်ဆက်ကြတော့.. အံ့သြနေခဲ့ကြတယ်..။ တစ်ချို့ကတော့ လက်ခုပ်တီးရတယ် ထင်ပြီး လက်ခုပ်တီးတဲ့သူလည်း ရှိခဲ့တယ်..။ ပြီးမှ အချင်းချင်းပြန်ရှင်းပြကြပြီး နောက်ပိုင်းမှ အားလုံး သိ သွားကြပါတယ်…။ 

ကျမနဲ့ သူငယ်ချင်းတစ်ချို့ကတော့ မေဂျာဘာသာတွေမသင်ရခင် German Language Course ၂ လတက်ထားတာဆိုတော့ အဲဒီအလေ့အထတွေ သိနေခဲ့ပြီးဖြစ်ခဲ့ပါတယ်…။ ဂျာမာန်ဘာသာစကား ၂ လ သင်တုန်းက နှစ်ရှည်ကျောင်းဆက်တက်မယ့် သူတွေအတွက် German Cultural Training ဆိုပြီး သီးသန့်သင်ပေးတဲ့အခါမှာ.. ဂျာမနီပညာရေးနဲ့ ဂျာမာန်လူနေမှုစရိုက်..အစားအသောက်အစရှိသဖြင့် သင်ခဲ့ရတယ်…။ မှတ်မှတ်ရရရှိခဲ့တာတွေကတော့ ဂျာမာန်တွေနဲ့ စကားစမြည်ပြောတဲ့အခါမှာ နာဇီနဲ့ ဟစ်တလာအကြောင်းလုံးဝမပြောမိစေနဲ့တဲ့… အဲဒီအကြောင်းပြောရတာ သူတို့လုံးဝမကြိုက်ဘူးလို့ သိရပါတယ်..။ ပြီးတော့ အခွင့်အရေးတစ်ခုလိုချင်လို့ ဆရာ့ဆီကို တံစိုးလက်ဆောင်ပေးခြင်းလုံးဝ မလုပ်ဖို့၊ ဆရာတွေက ကျောင်းသားတွေထက် အသက်၊ အတွေ့အကြုံနဲ့ အလုပ်အကိုင် လစာ၊ ရာထူးတွေရှိပြီး… မိဘချမ်းသာတယ်ဆိုတာကို ထည့်မတွက်ပဲ ကျောင်းသားတစ်ယောက်ရဲ့ လက်ရှိအခြေအနေနဲ့ ယှဉ်လိုက်ရင် သူတို့ရဲ့ဝင်ငွေကို ဘယ်လိုမှ လိုက်မမှီနိုင်တဲ့အတွက်.. သူတို့ကို လက်ဆောင်လာပေးခြင်းက အခွင့်ထူးတစ်ခုကို လိုချင်လို့ဆိုတဲ့ သဘောမျိုးသက်ရောက်စေတဲ့အတွက်.. အဲဒီအပြုအမူကို လုံးဝလက်မခံကြောင်း စသဖြင့် သင်ခဲ့ရပါတယ်..။ ပြီးတော့ ဂျာမာန်တွေက Spaghetti ကိုစားရင် ဖြတ်တောက်ပြီးစားတာ မကြိုက်တဲ့အကြောင်း.. ခက်ရင်းနဲ့ ရစ်ပတ်ပြီးမှ စားလေ့ ရှိပြီး ဖြတ်တောက်ပြီးစားခြင်းက ကံကောင်းခြင်းတွေကို ဖြတ်တောက်ပစ်လိုက်တယ်လို့ အယူရှိကြောင်း သိရပါတယ်..။ 

စာသင်ခန်းထဲမှာ.. ခုံခေါက်တဲ့အလေ့အထကတော့ တစ်ကယ်ထူးခြားတယ်ထင်ပါတယ်..။ တစ်ခြား Europe နိုင်ငံတွေမှာတော့ အဲဒီအလေ့အထရှိလားတော့ မသိဘူး.. ။ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ Bulgaria က သူငယ်ချင်းကတော့ သူများနဲ့မတူဘူး.. ခုံခေါက်တာကို လုံးဝမကြိုက်ဘူးတဲ့. သူ့နိုင်ငံကလိုပဲ လက်ခုပ်တီးတာပဲ သဘောကျတယ်ဆိုပြီး သူများတွေက ခုံခေါက်ပြီဆိုရင် သူက တစ်ဖြောင်းဖြောင်းနဲ့ လက်ခုပ်ထတီးပါတယ်.. :)
  ဘယ်သူဖြစ်ဖြစ်ပါ ကိုယ်ရှင်းပြတဲ့ သင်ခန်းစာဖြစ်ဖြစ် တင်ပြတဲ့ အကြောင်းအရာတစ်ခုခုကိုဖြစ်ဖြစ် ပရိသတ်က သဘောကျပြီး ဂုဏ်ပြုတယ်ဆိုရင် ၀မ်းသာကြတာပဲလေ..။ အဲဒါကြောင့် ကျောင်းသားတွေကတော့ သင်ခန်းစာကို ကြိုက်ကြိုက်မကြိုက်ကြိုက်… စာသင်ပြီးရင်. နားရပြီဆိုပြီး.. ၀မ်းသာအားရပဲ ခေါက်ကြသလားမသိပါဘူး… အတန်းပြီးသွားလို့ ကတော့ တစ်ဒုန်းဒုန်းနဲ့ ထုကြတော့တာပဲ.. :D
♥♥ ♥♥ ♥♥
ချယ်ရီတွေ ပွင့်တုန်းက ကျောင်းဝန်းထဲမှာ ရိုက်ထားခဲ့တာ.. အခုတော့ ကြွေကုန်ကြပြီ
အဖြူရောင် ချယ်ရီတွေတော့ ခုထက်ထိပွင့်နေကြပါသေးတယ်.... ဒါပေမယ့် ပန်းရောင်ချယ်ရီတွေကို ပိုကြိုက်တယ်.. :)

 ♥♥ ♥♥ .............................................................................................. ♥♥ ♥♥

Thank you All for visiting and reading my little posts ♥♥ ♥♥ 

9 comments:

နွေလ said...

ဓာတ်ပုံရိုက်ထားတာ အရမ်းမိုက်တယ်ဗျာ
ချယ်ရီပန်းတွေကို တစ်ခါမှ မမြင်ဖူးဘူးဗျ
ကျွန်တော်က အပူပိုင်းဒေသမှာနေတဲ့ အညာသားဆိုတော့လေ
ဂျာမန်ရဲ့အလေ့အကျင့်တစ်ခု
ဥရောပရဲ့အလေ့အကျင့်တွေကို သိရှိသွားပါကြောင်း

Anonymous said...

ပုံလေးတွေကြည့်ရတာ ကြည်နူးစရာကောင်းလိုက်တာဗျာ။ စာလေးကလည်း ဖတ်လို့ ကောင်းတယ်။ မကြာမကြာလာခဲ့ပါဦးမယ်။

မင်းအရိပ် said...

အော် သူတို့ဆီမှာ ဒီလိုလား
ကိုယ့်ဘာသာဆို လုံးဝ မသိနိုင်တဲ့ အလေ့အထတွေကို သိခွင့်ရလို့ ကျေးဇူးပါ စနိုးရေ

ချစ်စံအိမ် said...

ဗုဟုသုတလေးတစ်ခုသိရတာပေါ့လေ
မမလည်းချယ်ရီပန်းရောင်ပိုကြိုက်တယ်။

ကြည်ဖြူခင်ခင် said...

အဖြူရောင်ချယ်ရီကို ပိုကြိုက်တယ်.. စနိုးရေ.. (း

pyaenyein said...

စနိုးရေးတဲ့အကြောင်းအရာတွေရဲ့ရည်ရွယ်ချက်ကဗဟုသုတရစေပါတယ်ဗျာ။အဲဒါတွေအားလုံးဟာလည်းအပျင်းပြေဖတ်ဖို့မဟုတ်ပါဘူး။
အပျင်းပြေဖို့ရယ်လို့တခါမှမတွေးမိဘူးဗျာ။

မိုးသက် said...

အစ်မရေးမှ အဲဒီအကြောင်းကိုသိရတာပါ..။ သိစရာတစ်ခု မှတ်သားစရာတစ်ခု ထပ်ရတဲ့အတွက်ကျေးဇူးပါပဲနော်အစ်မ..။
ချယ်ရီတွေကိုမြင်တော့.. မွေးရပ်မြေတောင်ပေါ်မြိုံ့လေးကိုသတိရတယ်ဗျာ............။

ကိုနော် said...

ချယ်ရီတွေမြင်တော့ မွေးမြေရပ်ကိုတောင် ဂုဏ်ယူမိပါတယ်ဗျာ။ ထူးဆန်းတဲ့ ဓလေ့လေးကိုလဲသိရပါတယ်။ဗဟုသုတရတာပေါ့အမ။ အမကော မြန်မာနိုင်ငံမှာလို ထပြီး နှုတ်မဆက်ဘူးလားဟင်........။ ကျွန်တော်ဆိုရင်ဆရာလာရင် အခုထိ မတ်တပ်ရပ်မိနေတုန်းပဲ။

Thu said...

ဒီမှာတော့ကလေးတွေခုံခေါက်ရင် အဲ့တာနှောင့်ယှက်တာပဲ :D
နောက်ခါအသူစာသင်ပြီးလို့ကလေးတွေခုံခေါက်ရင်မဆူဘဲ
ငြိမ်နေမှ။အဟီး
ချယ်ရီတွေမြင်တော့ဒီသီချင်းလေးတောင်သတိရသွားပြီ။
ချယ်ရီတွေငိုနေပြီနန်းရေ ::D

Follow Us @soratemplates