♥♥ ♥ ♥♥ ♥
အဲဒီအချိန်က
ကောင်းကင်မှာ..
နေခြည်တွေ ရောယှက်မနေပေမယ့်
မြူခိုးတွေ
ဝေနေခဲ့တယ်
အဲဒီနေ့က
လေပြင်းတွေ
မတိုက်ခတ်ပေမယ့်လည်း
ငါ့ရင်ခုန်သံဟာ
လှိုင်းထန်နေခဲ့တယ်…။
♥♥ ♥ ♥♥ ♥
ကဗျာဆရာတွေ…
ရေးဖွဲ့သလိုမျိုးပေါ့
ကမ်းစပ်ကို
လာရိုက်ခတ်တဲ့လှိုင်း
အချိန်တန်တော့လည်း ကမ်းနဲ့ဝေးရာ
ပင်လယ်ကြီးဆီ….
ပြန်သွားမယ်ဆိုတာ
ငါကြိုသိနေသလိုလို................။
ပြန်ဆင်းသွားခဲ့တဲ့..
ဒီရေ
သံယောဇဉ်မကုန်လို့..
ကမ်းစပ်ကို ပြန်ရောက်လာဦးမယ်ဆိုရင်
အရင်လို..
ထွေးပွေ့ခဲ့တဲ့.. သဲပွင့်လေးတွေတော့
တွေ့ရတော့မှာ
မဟုတ်ဘူး…။
မရေရာတဲ့
အရာတစ်ခုကို
အရူးတစ်ယောက်လို..
ထိုင်စောင့်နေရလောက်အောင်
သဲပွင့်လေးတွေကလည်း..
မမိုက်မဲခဲ့ဘူးတဲ့လေ… ။
♥♥ ♥ ♥♥ ♥
လေအဝှေ့မှာ..
ငါ့ရှေ့မှောက် မတော်တဆရောက်လာတဲ့
ငါ့ရှေ့မှောက် မတော်တဆရောက်လာတဲ့
သစ်ရွက်ခြောက်လေးလိုတော့
နင့်အချစ်တွေက..
မဟုတ်ရပါဘူးတဲ့..
တစ်ချိန်က
ပြောခဲ့ဖူးတဲ့စကား…….။
အချိန်တွေ
စီးမျှောသွားသလိုပဲ
သစ်ရွက်လေးတွေလည်း..
စိမ်းရာကနေ ၀ါ
ဝါရာကနေညိုလို့
ခြောက်သွေ့ကြွေမွသွားကြတယ်…။
နင့်အချစ်ကရော
လေတိုက်ရာလွင့်ပါသွားတတ်တဲ့..
သစ်ရွက်ခြောက်လို
မဟုတ်ဘူးဆိုပေမယ့်..
ကြာလာတာနဲ့အမျှ…
အရောင်ပြောင်းသွားတတ်တာမျိုးပေါ့..။
♥♥ ♥ ♥♥ ♥
ချန်ထားခဲ့သူနဲ့
ကျန်နေရစ်သူ
အားလုံးရဲ့
ဂရုဏာတွေက
ကျန်နေခဲ့သူဆီမှာပဲ
ဝေ့၀ဲနေပေမယ့်
ငါသိနေပါတယ်ချစ်သူ
ထားရစ်ခဲ့သူနင်ဟာ
နှစ်ဆတောင်
ပိုတိုးပြီး ခံစားနေရမယ်ဆိုတာ ။
တွဲထားတဲ့လက်အစုံ
ဘယ်အချိန်မှာ..
ဖြေလျော့သွားခဲ့လဲဆိုတာ
ငါကိုယ်တိုင်သတိမထားခဲ့မိတော့
ဝေးကွာသွားတဲ့
ဝေဒနာ တစ်ပိုင်းတစ်စကို
ခံစားရတာ..
နည်းနည်းပိုသာသွားတာကလွဲရင်
အားလုံးအဆင်ပြေပါတယ်………..။
♥♥ ♥ ........................................................................................ ♥ ♥♥
(ဧပြီလထဲမှာ.. ပို့စ်တစ်ခုမှ မတင်ဖြစ်သေးလို့ ရေးချင်စိတ်နဲ့ ချရေးမိတဲ့ စာတစ်ပိုင်းတစ်စပါ.. :)
ကဗျာလို့တော့ ပြောလို့လဲ မရပြန်ဘူး..။ ကျမက ကဗျာရေးတဲ့နေရာမှာ. တော်တော်ကို ပါရမီကံနည်းတာပါ..။ ကဗျာတစ်ပုဒ်ကို လှပအောင် ဘယ်တော့မှ မရေးဖွဲ့တတ်ဘူး..။ သူများတွေ.. ချစ်စရာကောင်းတဲ့ ကဗျာလေးတွေရေးတာတွေ့ရင်.. အရမ်းအားကျပါတယ်..။
ဒီစာပိုဒ်ကတော့ သေချာပါတယ်.. ဘယ်လိုမှ ကဗျာတစ်ပုဒ်မဖြစ်နိုင်ပါဘူး.. ပြီးတော့ ကဗျာရေးပုံ ရေးနည်းတွေလည်း မသိပါဘူး..။ အဲဒါကြောင့်.. ဒီစာပိုဒ်ကို ကဗျာလို့ ခေါင်းစဉ်မတပ်ရဲတာပါ.။
တစ်ခြားစာရေးဖို့ကျတော့လည်း... ဘာရေးရမှန်းစဉ်းစားမရတာနဲ့.. ဒီစာကြောင်းတွေကို ချရေးဖြစ်ခဲ့တယ်..။ ဖတ်ရတာလည်း ကိုယ်ရေးတာကိုယ်ပြန်ဖတ်တာတောင်.. ကမောက်ကမပါပဲ..။
♥♥ ♥ ရေးချင်ရာချရေးထားတဲ့.. စာပိုဒ်တစ်ခုကို အားပေးဖတ်ရှုသော သူငယ်ချင်းများအားလုံးကို .. ကျေးဇူးတင်ပါတယ်.. ။ အားလုံး အောင်မြင်ပျော်ရွှင်ပါစေ ♥♥ ♥
11 comments:
စနိုးရေ ငါ့အတွက်ကတော့ ခံစားချက်တိုင်းဟာ ကဗျာပါဘဲ.... ဘာပဲဖြစ်ဖြစ် အဲ့လိုလေးရေးတာကိုတော့ ငါအားပေးတယ်.....ဆက်ရေး သယ်ရင်း
ညီမရေကဗျာမဟုတ်ပေမယ့်ဖတ်လို့ကောင်းပါတယ်
ခံစားချက်လေးပေါ်လွင်တယ်..
ညီမလေးရေ... ကဗျာမဟုတ်ပေမဲ့ ရင်ဘတ်ထဲက ထွက်ကျလာတဲ့ စကားလုံးတိုင်းက အသက်ဝင်နေပါတယ်။
မကြီးလွမ်းတော့ ဖတ်သွားတယ်။ အားပေးနေပါတယ်။ ကိုယ့်ထက် တော်သူတွေကိုမြင်တိုင်း ချီးကျူးမိပါတယ်
ခင်မင်တဲ့
မကြီးလွမ်း
ချနိုးရေ လာရောက်အားပေး သွားပါတယ်...ပျော်ရွှင်ပါစေ တယ်ချင်း
ဒါဟာ ကဗျာပဲပေါ့။ စိတ်ကူးကောင်းကောင်းလေးနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာစစ်စစ်ပါပဲ။
အားပေးလျက်ပါ
မမစနိုးရေ . . .
ဒါ ကဗျာပါ
စိတ်ကူးလေးကောင်းတယ်
ဖတ်ရတာလည်း လေးလေး လေး
ဖတ်လို့ကောင်းတယ်
အားပေးသွားတယ်နော်
ချန်ထားခဲ့သူနဲ့ကျန်နေရစ်သူ..
ဆိုတဲ့စာကြောင်းလေးကိုကြိုက်တယ်ဗျာ...
ရေးထားတဲ့သူကခံစားချက်အပြည့်နဲ့ရေးထားလို့လားမသိဘူးဗျာ..
ဖတ်တဲ့အခါ နင့်နင့်နဲနဲခံစားရတယ်..
ကောင်းပါတယ် အားပေးလျက်ပါ စနိုး...
ကိုယ့်ခံစားချက်ကို ဖော်ထုတ်ထားတဲ့ စကားလုံးအဖွဲ့အနွဲ့ကိုကဗျာပဲ ဆိုကြပါစို့ .. ဒါဆိုရင် ဒါက သိပ်ကိုလှတဲ့ကဗျာလေးပဲအစ်မ..။
ကဗျာမဟုတ်တဲ့ စာတပုဒ်ကလည်း ဖတ်လို့တော်တော်ကောင်းတယ်နော် :D
အားပေးနေပါတယ်အမ... ဖတ်လို့ကောင်းပါတယ်
ဟုတ်တယ်နော်ထားရစ်ခဲ့တဲ့သူကနှစ်ဆတိုးခံစားရမယ်ဆိုတာ။ ချန်ရစ်ခံရတာပဲများနေတော့ နောက်တစ်ခါဆို ကိုယ်ကဦးအောင်ကို ထားပစ်ခဲ့မှာ။ ဟီးဟီး
Post a Comment