ခေါင်းစဉ်ကြည့်ပြီးတော့
ဘာတွေများ အဲလောက်နမ်းခွင့်ရချင်နေပါလိမ့်လို့ တွေးမိကောင်း တွေးမိကြပါလိမ့်မယ်..။
Label ကိုကြည့်လိုက်တော့ လည်း My Own Feelings ဆိုတော့.. အင်းးး…ဘာပါလိမ့်ပေါ့ တကယ်လည်း ခံစားချက်အစစ်အမှန် ကို
ရေးထားတဲ့ပို့စ်တစ်ပုဒ်ပါ.. :D
ကျမနမ်းခွင့်ရချင်တာက
လူတစ်ယောက်ဆိုတာတော့ ဟုတ်ပေမယ့် သက်ရှိတော့ မဟုတ်ပါဘူး..။ ချစ်စရာမိန်းကလေးပုံစံ ရုပ်တုတစ်ခုပါ..။
ရုပ်တုများ ဘယ်အချိန်သွားနမ်းနမ်းရတာပေါ့ဆိုပြီး ပြောလို့တော့ မရပြန်ဘူး.. သူက မာနကြီးတဲ့
ရုပ်တုတစ်ခုပါ… နမ်းချင်တဲ့သူ သွားနမ်းလို့ မရပါဘူး။ ဒါပေမယ့် သူ့ကို ကမ္ဘာပေါ်မှာ အနမ်းခံရဆုံးမိန်းကလေး
(The most kissed girl in the world) လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်..။ အဲဒီလိုဆိုတော့ သူ့ကို
နမ်းခွင့်ရဖို့.. အရည်အချင်းတစ်ခုခုတော့ လိုအပ်မှာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်..။ သူ့အမည်က
ဂျာမာန်လို Gänseliesel လို့ခေါ်ပါတယ်..
အင်္ဂလိပ်လိုဆိုရင် Goose Girl လို့ဘာသာပြန်နိုင်ပြီး မြန်မာလိုတော့ ဘဲငန်းတွေကို ထိန်းကျောင်းတဲ့
မိန်းမပျိုလေးလို့ အဓိပ္ပာယ်ရပါ တယ်
။
ခြင်းထဲမှာ ဘဲငန်းတစ်ကောင်၊ လက်ထဲမှာ ပွေ့ထားတာကတစ်ကောင်၊ လက်တစ်ဖက်မှာ ဆွဲထားတာ တစ်ကောင်နဲ့ ငန်းတွေကို ထိန်းကျောင်းတဲ့ မိန်းမပျိုလေးပုံပါ၊ ဒီပုံက ကိုယ်တိုင်သွားရိုက်ထားတာပါ..။
အဲဒီရုပ်တုလေးက
ကျမအခုကျောင်းတက်နေတဲ့ Göttingen ဆိုတဲ့မြို့ရဲ့အလည်.. မြို့တော်ခန်းမ အဟောင်းရှေ့မှာ ၁၉၀၁
ခုနှစ်ကတည်းက ထုလုပ်ထားရှိတာဖြစ်ပါတယ်..။ ဒီရုပ်တုနဲ့ ပတ်သက်ပြီး.. တခြားရုပ်တုတွေလို
ဒဏ္ဏာရီလာ သမိုင်းကြောင်းတွေဘာတွေ
မရှိပါဘူး…။ ဒီရုပ်တုမတိုင်ခင် အဲဒီနေရာမှာ တခြားရုပ်တုတစ်ခုရှိခဲ့ပြီး ယိုယွင်းပျက်စီးသွားခဲ့တာကြောင့်
၁၈၉၈ ခုနှစ်မှာမြို့တော်ကောင်စီက အဲဒီနေရာမှာ..မြို့အမှတ်အသားရုပ်တုတစ်ခု ထုလုပ်ထားရှိဖို့..
ဂျာမနီနိုင်ငံတစ်ဝှမ်းက ပန်းပုဆရာတွေကို အဆိုပြုလွှာတွေ ဖိတ်ခေါ်ခဲ့ပါတယ်..။ လျှောက်လာကြတဲ့
ဒီဇိုင်းများစွာထဲကမှ တာဝန်ရှိသူတွေ နဲ့ မြို့သူမြို့သားတွေအားလုံးရဲ့ ဆန္ဒပြုချက်နဲ့
ဗိသုကာပညာရှင် Heinrich
Stöckhardt တင်သွင်းခဲ့တဲ့ Goose Girl လို့ခေါ်တဲ့ ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့
ပုံလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသတဲ့..။ တခြားကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းတွေအားလုံးထက်
ရိုးရှင်းတဲ့ ဘဲငန်းတွေကို ထိန်းကျောင်းတဲ့ သာမာန် မိန်းမပျိုလေးတစ်ယောက်ရဲ့ပုံက အများပြည်သူလူထုရဲ့
ပုံရိပ်ကို ထင်ဟပ်တာကြောင့် ရွေးချယ်ခဲ့ခြင်ြး ဖစ်ကြောင်း သိခဲ့ရပါတယ်..။ အဲဒါကြောင့်
အရိုးဆုံးက အဆန်းဆုံးလို့ ဆိုရိုးစကား ရှိခဲ့ကြ တာနေမှာပေါ့.. ။ အခုအချိန်မှာ ဆန်းကျယ်တယ်လို့ထင်တဲ့
အရာတွေက တချိန်ချိန်မှာ ရိုးသွားနိုင်တယ်လေ.. ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းသွားလာခြင်းကသာ
ဘ၀မှာ အကောင်းဆုံးနည်းလမ်းပါ..။
အဲဒါနဲ့ပဲ
အဲဒီနေရာမှာ အဲဒီရုပ်တုလေးဟာ မြို့အမှတ်အသားတစ်ခုအနေနဲ့ တည်ရှိခဲ့တာဖြစ်ပါ တယ်..။ မြို့လေးက
တစ်ခြားမြို့တွေနဲ့နှိုင်းယှဉ်ရင် အလွန်သေးငယ်ပါတယ်..။ ဒါပေမယ့် ဒီမြို့လေးကို လူသိများစေတဲ့အချက်တစ်ခုက
ကမ္ဘာ့တက္ကသိုလ်တွေအားလုံးထဲမှာ ၂၀၁၁-၂၀၁၂ စာရင်းအရ နံပါတ် ၆၉ အဆင့်ချိတ်ခဲ့တဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့
Georg-august-universität göttingen တည်ရှိခြင်းကြောင့် ဥရောပမှာရော ကမ္ဘာပေါ်မှာပါ ဒီမြို့ကို
လူတော်တော်များများ သိကြခြင်းဖြစ်ပါတယ်..။ College Town လို့ခေါ်နိုင်လောက်အောင် မြို့ရဲ့လူဦးရေအချိုးအစားအများစု က
အဲဒီတက္ကသိုလ်မှာ တက်ရောက် ပညာသင်နေကြတဲ့ ကျောင်းသားတွေဖြစ်ကြပြီး အရမ်း တိတ်ဆိတ်အေးချမ်း တဲ့
မြို့တစ်မြို့ဖြစ်ပါတယ်..။
အဲဒီတက္ကသိုလ်ကနေ
အဲဒီမြို့လေးမှာ ပြောခဲ့တဲ့ ရုပ်တုလေးထုလုပ်ထားရှိအပြီး ပထမဆုံး ဒေါက်တာဘွဲ့ရရှိ ခဲ့တဲ့
ကျောင်းသားတစ်ယောက်က ရုပ်တုကို သွားနမ်းခြင်းကနေ စပြီး… ဒေါက်တာဘွဲ့ရရှိပြီးသူ ကျောင်းသားတိုင်း
အဲဒီလိုပြုလုပ်တဲ့ အစဉ်အလာ တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်..။ ကျောင်းသားတိုင်း သွားနမ်းခွင့်မရှိပါဘူး..
တကယ်လို့သာ Ph.D ဘွဲ့ရတဲ့ကျောင်းသား မဟုတ်ဘဲ သွားနမ်းခဲ့ရင် အပြစ်ကျူးလွန်ရာကျပြီး..
တရားရုံးတွေအထိ ရောက်ခဲ့တဲ့အကြောင်း အင်တာနက်ထဲမှာဖတ်ရပါတယ်..။ Ph.D ကျောင်းသားကျောင်းသူများ ဟာ
သူတို့ရဲ့ သက်ဆိုင်ရာ Thesis Defense အပြီး ဘွဲ့အပ်နှင်းလိုက်ပြီလို့ ကြေငြာခံရအပြီးမှာ
Gänseliesel Kissing Party ကို ဂုဏ်ယူစွာနဲ့
ကျင်းပကြရပါတယ်..။ ပန်းတွေနဲ့အလှဆင်ထားတဲ့ လှည်းလေးထဲမှာ ဘွဲ့ရကျောင်းသား/သူက ထိုင်ပြီးတော့
ချစ်တဲ့သူငယ်ချင်းများက ကျောင်းကနေ အဲဒီမြို့လယ်ထိ ဆွဲသွားကြပါတယ်..။ ပြီးတော့ ဆရာများ
အပေါင်းအသင်းများ ခြံရံပြီးတော့ ချစ်စရာမိန်းမလှရုပ်တုလေးကို နမ်းပါတယ်…။ အဲဒီအချိန်မှာ
မိန်းကလေးမှာလည်း ပန်းတွေဝေဆာလို့ပါပဲ..။ ပြီးရင်တော့ အားလုံးအဲဒီနေရာမှာ ပျော်ရွှင်စွာနဲ့
ရှန်ပိန်၊ ၀ိုင်၊ အချိုရည်တွေစသဖြင့် သောက်သုံးချီးမြှင့်ကြပါတယ်..။ တစ်ချို့ရွာဘက်ကနေလာတဲ့
ဂျာမာန်ကျောင်းသားတွေဆိုရင် ရွာကဆွေးမျိုးအပေါင်းအသင်းတွေပါလာကြပြီး အတီးအမှုတ်တွေ နဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပကြပါတယ်..။ အဲဒီအချိန်အခါဟာ ၃ နှစ်လောက် ကြိုးစားအားထုတ်လိုက်ရတဲ့
သူတွေအတွက် အပျော်ဆုံးအချိန်အခါပဲ ဖြစ်ပါတယ်..။ Ph.D ဘွဲ့ရ ကျောင်းသားကျောင်းသူများသာ
နမ်းခွင့်ရတဲ့ အဲဒီအခွင့်အရေးကို တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ဆန်ဆန် ကျင်းပလာခဲ့တာ နှစ်ပေါင်း အများကြီးကြာခဲ့ပါပြီ..။
မြို့ရဲ့အမှတ်အသားရုပ်တုမှာ ကျောင်းရဲ့ အစဉ်အလာတစ်ခုအနေနဲ့ လုပ်တဲ့ ဒီလိုအခမ်းအနားမျိုးအတွက်
ကျန်တဲ့ကျောင်းသားတွေအနေနဲ့ အားကျစိတ်တွေဖြစ်ခဲ့ရပါတယ်.. ။
ဒီပုံက အင်တာနက်ထဲက ရှာထားတာပါ.. Kissing Party အချိန်မှာ ပန်းစည်းတစ်ပွေ့တစ်ပိုက်နဲ့ လှပနေတဲ့ မိန်းမပျိုလေးပါ..။
ဒီပုံကလည်း အင်တာနက်ထဲကနေပဲ ရှာထားတာပါ.. ဘွဲ့ရကျောင်းသားတစ်ယောက်ရဲ့ ပျော်ရွှင်မှုအပြည့်နဲ့ ဂုဏ်ယူအနမ်းတစ်ပွင့်ပေါ့..။
မြို့တော်ခန်းမရှေ့က သူမတည်ရှိနေတဲ့ ပုံစံပါ..။ ကျောက်တုံးလေးပေါ်ကနေတစ်ဆင့် အပေါ်အထိရောက်အောင် တက်သွားပြီး နမ်းကြရပါတယ်..။ ဘ၀ရဲ့အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုမှာ ကျင်းပခွင့်ရတဲ့ ဒီလိုအခမ်းအနားမျိုးအတွက် ဘယ်ကျောင်းသား/သူမဆို ပျော်ရွှင်ဂုဏ်ယူနေကြမှာပါ..။ တခြားမပြီးသေးတဲ့သူငယ်ချင်းတွေ..၊ Bachelor/ Master ကျောင်းသားတွေရဲ့ ဂုဏ်ယူအားကျနေတဲ့ မျက်လုံးတွေကြားထဲမှာ... သူတို့တွေရဲ့ မိဘတွေ၊ ချစ်သူတွေလည်း သူတို့အတွက် ထပ်တူဂုဏ်ယူပျော်ရွှင်ကြတဲ့ အချိန်အခါလည်းဖြစ်ပါတယ်.။
ဒီလောက်ဆိုရင်တော့
ကျမဘာကြောင့် သူမကို နမ်းခွင့်ရချင်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်..။ Master ဘွဲ့ရကျောင်းသားကျောင်းသူများကတော့
နမ်းခွင့်မရတာမို့ ဒေါက်တာဖြစ်မှပဲ သူ့ကို နမ်းခွင့်ရမှာဖြစ်ပါတယ်..။ ကမ္ဘာပေါ်က တခြားတက္ကသိုလ်တွေမှာလည်း အခုလိုမျိုး တခြားထူးခြားတဲ့ အစဉ်အလာတွေလည်း ရှိကြမှာပါ.။ ကျမတက်နေတဲ့ တက္ကသိုလ်ရဲ့ ထူးခြားတဲ့ အစဉ်အလာအခမ်းအနား တစ်ခုကို ဝေမျှခွင့်ရတဲ့အတွက် ဒီပို့စ်အတွက် တစ်ကယ်ပျော်ရွှင်ကျေနပ်ပါတယ်..။ အားလုံးကို ကျေးဇူးတင်ပါတယ်..။
စောင့်နေပါ ဂန်ဆယ်လီဆယ်လ်…
တစ်နေ့နေ့တော့ နင့်ဆီအရောက် ငါပြန်လာပြီး နင့်ကို မြတ်နိုးစွာ နမ်းခွင့်ရဖို့ ငါကြိုးစားမှာပါ.. ♥ ♥
တစ်နေ့နေ့တော့ နင့်ဆီအရောက် ငါပြန်လာပြီး နင့်ကို မြတ်နိုးစွာ နမ်းခွင့်ရဖို့ ငါကြိုးစားမှာပါ.. ♥ ♥
♥ ♥ .................................................................... ♥ ♥
Ref: http://en.wikipedia.org/wiki/G%C3%A4nseliesel
http://www.uni-goettingen.de/en/1.html
http://www.uni-goettingen.de/en/1.html
17 comments:
Gänseliesel ကိုနမ်းနိုင်တဲ့ Ph.D ဘွဲရကျောင်းသူဖြစ်အောင်ကြိုးစားနော်.....စိတ်ဝင်စားဖို့ကောင်းတယ်....အရင်ကမကြားဘူးဘူး.....ဒါနဲ့ စနိုးတက်နေတဲ့တက္ကသိုလ်က Georg-august-universität göttingen လား.....Ph.D ဘွဲ့ရသွားရင်လည်း Gänseliesel Kissing Party ကျင်းပနေတဲ့စနိုးရဲ့ပုံတွေကို ဒီမှာ ထပ်တင်ပေးဦးနော်.....အဲ့ပုံတွေတွေ့မှ ရှန်ပိန် ၊ ၀ိုင်တွေ ၊ အချိုရည်တွေအကုန်သောက်ပြီး ဂုင်္ဏပြုချင်လို့....
နမ်းခွင့်ရပါစေကွယ်..
အမတော့မနမ်းတော့ပါဘူး:P
အခုလိုလေမျှဝေပေးလို့ကျေးဇူးတင်ပါတယ်။။
ဟုတ်ပါတယ်.. Postgrad တောင် အခုမှ နှစ်ဝက်ကျော်ကျော်ပဲ ပြီးသေးတာ. Ph.D ရဖို့ဆို အဝေးကြီးလိုသေးတယ် :)
စောင့်မျှော်နေပါ့မယ်ဗျာ စနိုးတစ်ယောက်
Gänseliesel ကို အနမ်းတစ်ပွင့် ပေးနိုင်မဲ့တစ်နေ့ ကို .. :)
ချနိုးရေ Gänseliesel ကိုနမ်းပြီး ပျော်ရွှင်မှု့တွေ မြန်မာပြည်ကိုအမြန်ဆုံး သယ်ဆောင်လာနိုင်ပါစေနော်...
snow ပဲ Gänseliesel ကိုနမ်းခွင့်ရပြီးပျော်ရွှင်ရတဲ့ရက်လေးရောက်လာပါစေ
ဆုတောင်းပေးပါတယ်
ဂယ်ဆယ်လီဆယ်လ် ဆိုတဲ့ ကောငမလေးကို
နမ်းခွင့်ရတဲ့ ဒေါက်တာမလေးဖြစ်ပါစေ လို့
( သေချာတယ် . . . ငါ့အစ်မက နမ်းခွင့်ရကိုရမှာ )
ပျော်ရရွှင်ရပါစေ
မြန်မာနိုင်ငံအစား ဂုဏ်ယူပါရစေနော် အမ
စနိုးသဘောဒီလောက်ကောင်းတာ သူငယ်ချင်းရဲ့ နမ်းခွင့်ရကို၇ ၇မယ်။ကြိုးစားထားကွ။ကံကိုလည်းယုံ၊ဥဏ်နဲ့ဝီရိယကိုလည်းသုံးဖို့မမေ့ပါနဲ့နော်။Good luck snow
ဒေါက်တာ ရှနိုး.လုပ်မှာပေါ့ အစ်မက.။ ဟီး.။ ကောင်းအိ..။ အစ်မရေးတဲ့စာတွေက ဗဟုသုတတွေအပုဒ်တိုင်းမှာ ပါတယ်.။
အရမ်းကောင်းတယ်အစ်မ.။ နောက်ထပ်လည်းပို့စ်အသစ်တွေ မျှော်နေဦးမယ်နော်အစ်မ.။
ဖတ်သွားတယ်နော် အမ ...
အဆုံးထိလေ...
ပြီးတော့ အမပြောသလိုပဲ အားကျသွားတယ်...:)
ဂုဏ်ယူပါရစေ နော် အမ
စိတ်ဝင်စားစရာ ပို့စ်လေးတွေ တန်းစီနေတာပါပဲလား...စောစောက ဘာဖြစ်လို့ စနိုးရဲ့ဆိုဒ်ကို မတွေ့မိပါလိမ့်!
ဒီပို့စ်ကိုဖတ်ရင်း သူရို့ဓလေ့လေးကို အတော်သဘောကျမိပါရဲ့...ဂုဏ်ပြုခံကျောင်းသားရော...အခမ်းအနားလာတဲ့ ကျောင်းသားတွေအတွက်ပါ စိတ်ပို်င်းဆိုင်ရာ ပံ့ပိုးမှုတွေ အကောင်းဆုံးပေးနိုင်တာကိုး...
ကြိုးစားနေတဲ့လူတစ်ယောက်အတွက် မဖြစ်နိုင်တာ ဘာမှမရှိပါဘူးလေ...မဆုတ်မနစ်တဲ့ ဇွဲနဲ့စိတ်ဓာတ်ကပဲ အရာရာကို အဆုံးအဖြတ်ပေးသွားတာချည်းပါပဲ...နမ်းခွင့်ရအောင် ကြိုးစားနိုင်လိမ့်မယ်လို့ ယုံကြည်နေမိတယ်...မြန်မာတွေ မညံ့တာ သူရို့သိအောင် ပြကြစို့လား...
လာလည်သွားရင်း ဒီပို့စ်လေးကို သဘောကျလွန်းလို့ အားပေးသွားပါတယ် .. ကိုယ်တိုင် မရောက်ဖူးသေးပေမယ့် ဒီနေ့တော့ ဂျာမနီ နဲ့ တောင်အာဖရိကကို အလည်ရောက်ခဲ့ပါတယ် ... ဒူဘိုင်းမှာ ထရန်စစ် ၅ နာရီလောက် စောင့်ခဲ့လိုက်ရသေးတယ် :P
ဟာPh.D နဲ့ဝေးခဲ့ပီဆိုတော့ ဒီတစ်သက်အဲဒီအရုပ်နမ်းလို့မရတော့ဘူးပေါ့ဟင့်ဟင့်။
နမ်းခွင့် ရပါစေနော်..။ နမ်း များတောင် ပြီးပြီလား မသိဘူး..။ ဆုတောင်းပေးချင်လာလို့ .။ အားလဲ ကျမိတယ်..။
Post a Comment