Thursday, 5 April 2012

# My Own Feelings

ထိုအရပ်၌ အချစ်ရှိသည်... ♥ ♥ ♥


အဲဒီမြို့လေးက မြန်မာပြည်အလည်ပိုင်းက မထင်မရှားမြို့လေးတစ်မြို့ပါ..။ စာရေးဆရာမ ၀င်းဝင်းလတ်ရေးသားခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အမျိုးသားစာပေဆု (၀တ္ထှုရှည်) ရခဲ့တဲ့ "အချစ်နောက်ဆက်တွဲ စာမျက်နှာ" ဆိုတဲ့ ၀တ္ထုထဲက ဇာတ်လိုက်များ ဖြစ်တည်တဲ့မြို့ကလေးလို ပြောရမယ်ဆိုရင်တော့ မြေလတ်မြို့လေးပေါ့..။ အဲဒီမြို့လေးက ဘယ်ရာသီမှာ ဘယ်လိုရာသီဥတုမျိုးရှိတတ်တယ်ဆိုတာတော့တစ်ခါမှမရောက်ဖူးလို့ သေချာမသိပါဘူး…။ ဖြတ်သွားဖြတ်လာတော့ နှစ်ခေါက်လောက် ဖြတ်သွားဖူးတယ်.။ အဲဒီလိုဖြတ်သွားတဲ့အချိန်တုန်းကတော့ အဲဒီနေရာလေးမှာ… သတိရမယ့် သူတစ်ယောက် မရှိသေးတဲ့အချိန်ဆိုတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ..။ ဝေးချင်တဲ့အချိန်ရောက်တဲ့အခါမှာတော့.. ဘယ်လိုအကြောင်းမျိုးနဲ့မှ.. အဲဒီနေရာကို သွားဖို့အကြောင်းမဖန်ဖြစ်ခဲ့သေးပါဘူး…။

♥ ♥ ♥ ♥ ♥ ♥
မြို့လေးဆိုပေမယ့်… လူငယ်တစ်ယောက်ကတော့… အဲဒီလိုမြို့ဖြစ်တယ်ဆိုရုံ မြို့လေးပေါ်မှာတောင်… နေတာမဟုတ်ဘဲ… ၁၀ မိုင် လောက်ဝေးတဲ့.. ဒေသတစ်ခုမှာ တာဝန်ကျနေပါသတဲ့…။ တာဝန်နဲ့ ၀တ္တရားဆိုတဲ့အရာတွေကို ၂၄ နာရီလုံးထွေးပိုက်ထားရတဲ့ သူတစ်ယောက်ကတော့.. အင်တာနက်ဆိုင် ၂ ဆိုင်လောက်သာရှိတဲ့.. အဲဒီမြို့လေးပေါ်ကို တစ်ပတ်တစ်ခါတောင် ပုံမှန်မလာဖြစ်ခဲ့ပါဘူး…။ လျှပ်စစ်မီးမရှိတဲ့ ကျေးရွာနားက တာဝန်ကျရာ ဒေသတစ်ခုမှာ.. ဖုန်းလိုင်းကလည်း မိတယ်ဆိုရုံ အများအားဖြင့်တော့.. မမိတဲ့အချိန်က ခပ်များများဆိုတဲ့အခါမျိုးမှာ.. သူ့အသံကို ကြားရဖို့ဆိုတာ… ရခဲတဲ့ အခွင့်အရေးတစ်ခုလိုမျိုးဖြစ်နေခဲ့တယ်…။ မီးစက်ဖွင့်ပြီး ဖုန်းအားသွင်းတဲ့အချိန်မျိုးမှာ… မီးစက်ရဲ့ ရှေ့တိုးနောက်ငင် မငြိမ်သက်တဲ့ မီးအားကြားထဲမှာ.. သူ့ဖုန်းရဲ့ ဘက်ထရီဟာ ဘယ်အချိန်မှာ.. စွန့်ပစ်လိုက်ရမှာလဲလို့လဲ…. သူ့အတွက် စိတ်ပူမိတယ်…။ 
  
♥ ♥ ♥ ♥ ♥ ♥
တစ်ခါကတော့ ဖယောင်းတိုင်လေးနဲ့ စာရေးနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဓါတ်ပုံတစ်ခုကို ကျမဆီကို ပို့ပေးခဲ့ဖူးတယ်…။ ဘာကို ၀မ်းနည်းမိမှန်း မသိပေမယ့်… သူ့မျက်လုံးတွေ ထိခိုက်မှာစိုးရိမ်လို့ ဘယ်တော့မှ အဲဒီလို စာမရေးပါနဲ့ဆိုပြီး တောင်းဆိုခဲ့ဖူးတယ်..။ ဒါပေမယ့်.. သူကတော့ အဲဒီလိုမျိုးနဲ့ပဲ စာမရေးရင်တောင် စာတွေတော့ ဖတ်နေမယ်ဆိုတာ သေချာသိနေပါတယ်..။ သူက ကျမထက်တောင် စာဖတ်ရတာကို နှစ်သက်တတ်သူလေ..။ ကျမကတော့ ကျောင်းစာကလွဲရင် အပြင်ဗဟုသုစာတွေ သိပ်မဖတ်တတ်သူတစ်ယောက်ပါ..။ သူပေးခဲ့ဖူးတဲ့ စာအုပ်တွေ အခုတော့ မြန်မာပြည်မှာ ချန်ခဲ့တဲ့ စာအုပ်စင်လေးပေါ်မှာ ဖတ်သူမဲ့နေလေမလား… ကျမဖေဖေကတော့ တစ်ခါတစ်ခါ ယူဖတ်တတ်တော့ သူတို့တွေလည်း အဖော်မဲ့မနေလောက်ပါဘူး..။ အိမ်ကို ဖုန်းဆက်တိုင်း စာအုပ်စင်နဲ့ အရုပ်စင်ကို အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးပါလို့ပြောတိုင်း အမေကတော့ "အကဲပိုတယ်. မမှာလည်း လုပ်ပါတယ်ဟဲ့" လို့ ရယ်ကျဲကျဲပြန်ပြောတတ်ပါတယ်..။ 
♥ ♥ ♥ ♥ ♥ ♥ 

သူနေတဲ့နေရာနားလေးမှာ တံတားလေးတစ်ခုရှိပြီး အားတဲ့နေ့ဆို မနက်ခင်းတိုင်း သူလမ်းလျှောက်လေ့ရှိတယ်လို့ သူပြောတတ်တယ်.. ။ ပြီးတော့ သစ်ပင်တွေကြားထဲ တောတောင်တွေကြားထဲ သူရောက်ပြီး တာဝန်တွေ ထမ်းဆောင်နေရတဲ့အချိန်တိုင်း.. ဖုန်းလိုင်းမမိတတ်ပေမယ့်လည်း.. သတိရစိတ်နဲ့ အိတ်ထဲက ဖုန်းကို မကြာခဏ ထုတ်ကြည့်မိတတ်သတဲ့..။ Ringtone သီးသန့်ပေးထားတတ်လို့… ကျမခေါ်တဲ့ ဖုန်းသံဟာ.. တခါတလေ မခေါ်ပဲနဲ့ နားထဲမှာ ကြားယောင်နေမိတတ်တယ်တဲ့…။
အသက်ကြီးပြီလို့ပြောလို့မရပေမယ့်လည်း .. ရာထူးတစ်ခုနဲ့ သင့်တော်တဲ့ တာဝန်တွေ ၀တ္တရားတွေကြားမှာ.. အခုတော့.. သူလည်း လူကြီးတစ်ယောက်လိုဖြစ်နေပါပြီ..။ ဘေးနားမှာ.. ရစ်ဝဲနေတဲ့ ပျားပိတုန်းတွေကလည်း အစီအရီ.. အချစ်ဆိုတာကို သူတို့တွေ ထည့်မတွက်ကြပဲ.. ဂုဏ်ပကာသနကိုပဲကြည့်ပြီး.. သူ့ကို စွဲဆောင်ကြမယ်ဆိုရင်လည်း ဘာမှတော့ မပြောလိုပါဘူး.. ဒါတွေက သူ့အတွက် စာမေးပွဲတွေပဲ.. နင်ကျော်ဖြတ်နိုင်အောင်တော့ ကြိုးစားပေါ့လို့.. တစ်ခွန်းပဲ ပြောခဲ့ဖူးတယ်..။ 

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့ အဲဒီအရပ်မှာရှိတဲ့ တစ်စုံတစ်ယောက်ကို သတိရနေမိတယ်..။ သတိရလို့ ဖုန်းဆက်တော့.. ဖုန်းပိတ်ထားတယ်လို့ ပြန်ဖြေတဲ့ ကြားနေကျ အမျိုးသမီးတစ်ယောက်ရဲ့ အသံပဲ ကြားရတယ် ။ သေချာပါတယ်.. အဲဒီလိုဆိုရင်.. သူတောထဲရောက်နေလောက်ပြီ..။ 
ကိုယ့်အကြောင်းကို ရေးရတာ သိပ်မရေးချင်ပေမယ့်.. ဒီနေ့တော့ ရေးလိုက်မိပြီ...  
ဘာပဲဖြစ်ဖြစ်.. ကိုယ့်ခံစားချက်ကို ရိုးရိုးသားသားရေးသားထားတဲ့စာတစ်ပုဒ်အတွက်တော့.. ကျမ နောင်တရမှာမဟုတ်ပါဘူး...။ 
Title ကလည်း ဘယ်လိုမျိုး ဦးနှောက်ထဲ ၀င်လာသလဲမသိဘူး..။ အဲဒီစာသားမျိုး သီချင်းလား ဇာတ်ကားနာမည်လား ကြားတော့ ကြားဖူးသလိုပဲ.. ဒါပေမယ့်.. သေချာစဉ်းစားတော့ သေချာကို မမှတ်မိဘူး..။ 
♥ ♥ ♥ ........................................................................... ♥ ♥ ♥

 ♥ ♥ ♥ အားလုံးကို ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်ကြပါစေ.. ♥ ♥ ♥

11 comments:

မင်းမုန်းတဲ့သူ said...

အချစ်ရှိတဲ့အရပ်ကိုရောက်အောင်သွားနိုင်ပါစေဗျာ၊ ဆုတောင်းပေးလိုက်ပါတယ်

စံပယ်ချို said...

အဲဒီလူတစ်ယောက်ရဲ့ ရင်ထဲကိုဝင်ကြည့်လိုကတယ်
အလွမ်းတွေနဲ့ပိနေလေရဲ့

Snow May said...

ကျေးဇူးပါ မမစံပယ်. အဲလိုတော့ မျှော်လင့်ရတာပဲ သေချာတော့ မသိ .ဟိဟိ

ချစ်စံအိမ် said...

ချစ်သူတွေအမြန်ပျော်ရွှင်နိုင်ကြပါစေနော်

Unknown said...

အမရေးတဲ့ စာအရေးအသား အားကျတယ်ဗျာ...
ကျွန်တော်လည်း အဲဒီလို ရေးတတ်ချင်တာ...
ဘယ်တော့မှ ရေးတတ်မလဲ သိဘူးဗျ....
ဖတ်ရတာ အရမ်းကြိုက်တယ် အမ....
ကျေးဇူး....

အောင်အောင် said...

နိရဲ့စာလေးဖတ်ရတာ ဝမ်းနည်းသလိုခံစားရတယ်...ချစ်သူတွေ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေ...အလွမ်းများနှင့်ကင်းဝေးပါစေ...ပျော်ရွှင်ပါစေ...

မိုးသက် said...

နာ့အစ်မလည်း အချစ်နဲ့ဝေးနေတာပါပဲလား...။ ကိုယ်ချင်းစာပါတယ်.။ အစ်မ.. အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ပါစေဗျာ..။

နွေလ said...

လွမ်းနေသမျှ မြန်ဆန်စွာ အလွမ်းပြေပါစေ
ဘဝတူတစ်ယောက်အနေနှင့် စာနာမိပါ၏

လွင်ပြင်လှိုင်းငယ် said...

အမြန်ဆုံး အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေ

H.M.N said...

ကောင်းလိုက်တဲ့ အရေးအသားလေးဗျာ ကြိုက်မိတယ်
ထိုအရပ်-ဆိုတာလေးကို အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ပါစေ

pyaenyein said...

စနိုးရေ သိပ်တော့နားမလည်ပေမဲ့ ပြန်ဆုံခွင့်အမြန်ရပါစေလို့ဆုတောင်းလိုက်ပါတယ်ကွာ

Follow Us @soratemplates