Tuesday, 20 March 2012
ပင်လယ်ကြီးဆီသို့.....
March 20, 2012 9 Comments
  ကျောင်းပိတ်ထားတုန်း.. အပျင်းပြေသူငယ်ချင်းတွေ စုပြီး.. ပင်လယ်ကို သွားလည်ကြတယ်.. ဓါတ်ပုံတွေအများကြီးရိုက်ကြတယ်.. ပြီးတော့.. သူငယ်ချင်းတွေအားလုံး.. ဘာစိတ်ကူးပေါက်ကြလဲမသိဘူး.. အရင်က တင်လေ့မရှိပေမယ့်.. ဒီတစ်ခေါက် ရိုက်လာသမျှ ဓါတ်ပုံတွေကို ဖေ့ဘွတ်ပေါ်မှာတင်ပြီး.. Like အနည်းအများထိုင်ရေနေကြတာပါ.. တခါတလေ.. ဘာဖိအားမှ မရှိပဲ.. ခရီးသွားရတာလဲ ပျော်စရာတော့ ကောင်းသားပဲ..။
ကျမသွားတဲ့ North Sea က ဂျာမနီနိုင်ငံရဲ့.. Cuxhaven လို့ခေါ်တဲ့မြို့နားလေးက ဆိပ်ကမ်းကို သွားခဲ့တာပါ..။ ပင်လယ်ကြီးမြင်တော့..မြန်မာပြည်က BOB ကို လွမ်းတယ်..။ ရထားနဲ့ သွားရတော့.. လေးနာရီလောက် စီးပြီး. Hamburg မှာ ဆင်းကာ ရထားတစ်ဆင့်ပြောင်းစီးရပါတယ်.။ Hamburg မှာ နာရီဝက်လောက်ရထားစောင့်နေရင်း.. တစ်နေ့က ပြဿနာတစ်ခုကိုတောင်.. စိတ်ထဲမှာ. သတိရမိနေတယ်.. :)
နွေရာသီတုန်းက တစ်ခေါက်ရောက်ခဲ့ဖူးပေမယ့်.. အဲဒီတုန်းက လှိုင်းတွေမမြင်ရပဲ.. ပင်လယ်ငြိမ်ကြီးပဲ ကြည့်ပြီးပြန်ခဲ့ရလို့.. ဒီတစ်ခေါက်ထပ်သွားကြည့်တာပါ..။  ဒီတစ်ခေါက်လည်း.. မထူးပါဘူး.. ပင်လယ်ပြင်ကြီးကငြိမ်သက်လို့ပါပဲ..။ လှိုင်းဆိုလို့.. လေအဝှေ့မှာ.ခဏတက်လာတဲ့.. ရေလှိုင်းသေးသေးလေးတွေပဲ ရှိပြီး..  သဲသောင်တွေ..ေ ကျာက်ဆောင်တွေလည်း.. မရှိပါဘူး..။ အဲဒီမှာ လာအပန်းဖြေတဲ့သူတွေကတော့. အများကြီးပါပဲ.. ရေကူးစရာနေရာအဖြစ်.. ဘယ်ကနေသယ်ပြီး ချထားတယ်မသိတဲ့ သဲခုံသေးသေးလေးတစ်ခုတော့ ရှိပါတယ်.. အဲဒီဖန်တီးထားတဲ့.. သဲခုံသေးသေးလေးပေါ် ကနေ.. ရေကူးဆော့ကစားပြီး... ပျော်နေကြတဲ့သူတွေကို တွေ့တဲ့အခါ.. သဘာဝအတိုင်း သဲသောင်ပြင်ကျယ်ကြီးတွေနဲ့.. လှပနေတဲ့... ကျမချစ်တဲ့မြန်မာနိုင်ငံက.. ပင်လယ်ကမ်းခြေတွေ ကိုများမြင်ရင်... သူတို့တွေ.. ဘယ်လောက်များအံ့သြပျော်ရွှင်ကြမလဲလို့.. စိတ်ထဲတွေးနေမိတယ်..။
 ကမ်းခြေက ကျောက်ဆောင်အကြီးကြီးတွေနဲ့... ကမ်းခြေကို. လာရိုက်ခတ်နေတဲ့.. ရေလှိုင်းတွေနဲ့ လှပနေတဲ့.. ကမ်းခြေတစ်နေရာပါ.. :D
တော်တော်တော့ အလုပ်လုပ်တဲ့ ဆိပ်ကမ်းမြို့ပါပဲ.. ပင်လယ်ပြင်ကျယ်ကြီးထဲမှာ.. ကုန်တင်သင်္ဘောတွေ.. သွားလိုက်.. ချလိုက်. နားလိုက်နဲ့.. တစ်ချိန်လုံးအလုပ်လုပ်နေကြတယ်..။
 ဒီလိုမှပဲ.. လှိုင်းသေးသေးလေးမြင်ရလို့.. မော်တော်ဘုတ်စီးတဲ့သူတွေကိုတောင် ကျေးဇူးတင်ရမလိုလို :)
  လမ်းမြင်ရင် ဒီလိုမျိုးရိုက်ချင်နေတာက.. ဘာအကျင့်လဲတော့.. မသိဘူး.. :P
ရေကန်လေးနဲ့.. အိမ်လေးနဲ့.. ဘဲလေးတွေနဲ့.. ကြည့်ရတာ သဘာဝအတိုင်း လှနေလို့ ရိုက်ခဲ့တာပါ..။
စည်းကမ်းရှိတယ်......နိုင်ငံကြီးသားပီသတယ်..... .ဘေးမှာလမ်းရှိနေတာကို သတိမထားမိပဲ   မြက်ခင်းပေါ်ဖြတ်ပြီး. ချီတက်ကြပါတယ်..။သူငယ်ချင်းတစ်ချို့က အပေါ်မှာရောက်နေပြီး.. ပြန်ရအောင်လို့ လှမ်းခေါ်တာနဲ့ စကားပြောနေရင်း.. သတိမထားမိဘဲ..မြက်ခင်းပေါ်ကနေ တက်လာမိတယ်.. အပေါင်းပါတစ်စုကလည်း.. မတားတဲ့အပြင် လူမိုက်အားပေးလုပ်ပြီး.. နောက်ကနေလိုက်တက်ကြပါတယ်.. ။ အရင်ရောက်နေတဲ့ သူငယ်ချင်းကလည်း သများစည်းကမ်းဖောက်တာကို.. မှတ်တမ်းတင်ဖြစ်အောင် တင်ပါတယ်..။ ဓါတ်ပုံမြင်တော့မှ.. သတိထားမိပြီး.. ရှက်လိုက်တာ.. :) :)
ပျော်ရွှင်ကြပါစေ.. ♥ ♥♥♥ ♥♥♥ ♥ 
Sunday, 18 March 2012
“Ich bin immer glücklich”..:)
March 18, 2012 9 Comments
cooolgirls.com
ကျမ ဂျာမနီကို စရောက်ရောက်ချင်း. မေဂျာဘာသာတွေ စမသင်ရသေးခင်.. ဂျာမာန်ဘာသာ ၂ လ တက်ရပါတယ်..။ မြန်မာနိုင်ငံမှာတုန်းက ၃ လပဲ သင်တန်းတက်ခဲ့တာဆိုတော့.. အခြေခံလောက်ပဲ သိပြီး.. ဘာမှကျွမ်းကျွမ်းကျင်ကျင်မသိလို့.. Basic Level ကနေပဲ စတက်လိုက်ပါတယ်.. ။ အဲဒါမှပဲ စိတ်ချမ်းချမ်းသာသာနဲ့.. စာလိုက်နိုင်မယ်ဆိုတာ.. ကိုယ့်ကိုကိုယ်သေချာသိလို့ပါ.. :D.
အဲဒီမှာ.. တနေ့တော့. ဆရာမက German Vocab တွေအကြောင်းသင်ရင်း.. အားလုံးကို သိတဲ့စကားလုံးတွေ ချရေးခိုင်းပါတယ်..။ ပြီးတော့ မှန်မမှန်စစ်ပေးပြီး.. ဂျာမာန်စကားလုံးတွေထဲမှာ.. အကြိုက်ဆုံးက ဘာလဲလို့.. တစ်ယောက်ချင်းဆီကို မေးပါတယ်..။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတော့. တစ်ယောက်တစ်ပေါက်နဲ့.. မသိတဲ့စကားလုံးတွေလည်း.. အများကြီးသိလာရပါတယ်.. ။ တစ်ချို့က.. “Liebe= အချစ်” ဆိုတာကို ကြိုက်တယ်တဲ့.. “Sehr gut= အရမ်းကောင်းတယ်”.. ဆိုတဲ့စကားကို ကြိုက်တဲ့သူလည်း ရှိပါတယ်.. အဲဒီစကားက ဒီမှာတော့တော်တော်ကို အပြောများတဲ့စကားပါ.. တစ်ခုခုသဘောကျပြီ.. တစ်ယောက်ယောက်ကို ချီးမွမ်းချင်ပြီဆိုတာနဲ့.. Sehr Gut! လို့ပြောကြပါတယ်. ကျမဆို အဲဒီစကားကို ခဏခဏပြောပါတယ်. သူများကို ချီးမွမ်းတာ ပိုက်ဆံမကုန်ပဲနဲ့… တစ်ဖက်သားစိတ်ချမ်းမြေ့စေလို့ပါ.. :P
တစ်ချို့တော့.. “Danke Schön=အရမ်းကျေးဇူးတင်ပါတယ်”.. “Guten tag= မင်္ဂလာပါ.”  “Tschüss=bye” “Auf Wiedersehen= good bye, see you” စသဖြင့် စကားလုံးအမျိုးမျိုးပါပဲ..။ ကြာပြီဆိုတော့.. သိပ်မမှတ်မိတော့ဘူး..။ အခုတက်တဲ့ Course က International Course ဆိုတော့.. အင်္ဂလိပ်လိုပဲသင်တာမို့လို့.. ဂျာမာန်စာက နှုတ်ဆက်ရုံလောက်ကလွဲပြီး.. ဘာမှ သိပ်မသိတော့ပါဘူး.. :)
အဲဒါနဲ့ ဆရာမက ကျမကိုမေးပါတယ်. ဘယ်စကားလုံးကို အကြိုက်ဆုံးလဲဆိုတော့.. glücklich ကို အကြိုက်ဆုံးပါလို့ဖြေလိုက်တယ်.။ ဘာကြောင့်အဲဒီစကားလုံးကို ကြိုက်တာလဲလို့ ထပ်မေးပါတယ်..။ အဲဒီတော့ “Da bin Ich immer glücklich” လို့ ပြန်ဖြေလိုက်ပါတယ်..။ because I am always happy လို့ဖြေတာပါ..။ အဲဒီနောက်ပိုင်း.. သူငယ်ချင်းတွေကြားထဲမှာ.. အရမ်းပျော်တာပဲဆိုတဲ့.. glücklich ဆိုတဲ့စကားလုံးက ကျမကို ကိုယ်စားပြုတဲ့စကားလုံးတစ်လုံးလိုဖြစ်သွားပါတယ်..။ သူငယ်ချင်းတွေကပြောကြပါတယ်.. နင်အမြဲတမ်းပြုံးနေနိုင်တယ်တဲ့.. နင့်ကိုကြည့်လိုက်ရင် စိတ်ညစ်တာမတွေ့ရပဲ .. အမြဲတမ်းပျော်နေသလိုပဲတဲ့….။ ဟုတ်ပါတယ်.. ကျမက စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ ခေါင်းထဲသိပ်မထည့်ပါဘူး..။ အမြဲတမ်းပျော်ပျော်ပဲနေပါတယ်.. ။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ.. တခြားသူတွေအတွက်လည်း.. အနည်းနဲ့အများတော့ ကူးစက်စေပြီး.. စိတ်ညစ်နေတဲ့သူ.. စိတ်ရှုပ်နေတဲ့သူဆိုရင်လည်း. နည်းနည်းပဲဖြစ်ဖြစ်.. ဖိအားလျော့သွားစေနိုင်လို့ပါ..။ နောက်ပြီး.. စိတ်ညစ်နေရုံ.. ညည်းတွားနေရုံနဲ့လည်း.. အခက်အခဲပြဿနာတစ်ခုက ပြေလည်သွားနိုင်တာမဟုတ်လို့ပါ..။
လောကဓံဆိုတာ အဆိုးနဲ့အကောင်း ဒွန်တွဲနေတာပါ..။ သဘာဝတရားကြီးကို ကြည့်လိုက်ရင်.. ဘယ်အရာဖြစ်ဖြစ်ဆန့်ကျင်ဘက်နှစ်ခုက ဒွန်တွဲနေတာချည်းပါပဲ.. ယောက်ျား-မိန်းမ၊ အချစ်-အမုန်း၊ အဆိုး-အကောင်း၊ ပျော်ရွှင်စရာ-ကြေကွဲဝမ်းနည်းစရာ၊ အောင်မြင်မှု-ရှုံးနိမ့်မှု၊ အခက်အခဲ-အဆင်ပြေလွယ်ကူသွားတာ..ချီးမွမ်းတာ-ကဲ့ရဲ့တာ စသဖြင့်.. ဒွန်တွဲနေတဲ့လောကကြီးမှာ.. ကျမတို့တွေအားလုံး.. အကောင်းတွေချည်းမတွေ့ရပဲ.. တစ်ခါတစ်ရံအဆိုးတွေလည်း လက်ခံရတာပါပဲ..။ အကောင်းတွေလက်ခံရရှိတုန်းကတော့.. ပျော်ရွှင်ကျေနပ်နေပြီး အဆိုးတွေနဲ့ကြုံတွေ့ရချိန်မှာ.. အားငယ်စိတ်ဓါတ်ကျ..၀မ်းနည်းမယ်ဆိုရင်.. ကျမတို့က လောကဓံတရားအပေါ် မတရားသလိုဖြစ်သွားတော့မှာပေါ့..။
တစ်ခါတစ်ရံ ကျမတို့ကြုံတွေ့ရတတ်ပါတယ်.. အခက်အခဲတစ်ခုဟာ.. ဘေးကနေကြည့်ပြီး.. ကိုယ်တိုင်ရင်မဆိုင်. မကြုံတွေ့ရသေးရင်သာ.. ငါဆိုရင်ရော.. ဒါကို ဖြေရှင်းကျော်လွှားနိုင်ပါ့မလားလို့… တွေးကြောက်တတ်ကြပေမယ့်… တကယ်တမ်းရင်ဆိုင်ရပြီဆို.. ဘေးနားကကြည့်တာထက်စာရင်..ခက်ခဲတယ်လို့မထင်ရပဲနဲ့.. နောက်ဆုံးမှာကျော်ဖြတ်သွားနိုင်ကြပါတယ်.. တချိန်ချိန်ကျတော့.. အဲဒီတုန်းက ခက်ခဲတယ်လို့ ထင်တဲ့အရာတွေဟာ..အတိတ်က ရယ်စရာဟာသတစ်ပုဒ်တောင် ဖြစ်လာကြပါတယ်..။ တစ်ကယ်တော့.. ပြဿနာတိုင်းမှာ အဖြေရှိပါတယ်.. အချိန်အတိုင်းအတာတစ်ခုပဲလိုတာပါ..။ အဲဒီအချိန်ကျော်လွန်သွားရင်တော့.. အခက်အခဲကနေ.. ပျော်စရာအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်..။ အဲဒါကြောင့်.. ကျမကျင့်သုံးတဲ့.. ကိုယ်ပိုင်ဆောင်ပုဒ်တစ်ခုကတော့.. “I believe I can” ဆိုတဲ့စကားစုပါ..။ ဘာပဲလုပ်လုပ်အဲဒီဆောင်ပုဒ်ကို ကျမအမြဲလက်ကိုင်ကျင့်သုံးပါတယ်..။ တစ်ခြားသူတွေတောင်.. လုပ်နိုင်ရင်.. ငါကရော.. ဘာလို့မလုပ်နိုင်ရမှာလဲလို့တွေးပြီး.. လုပ်ကိုလုပ်နိုင်ရမယ်လို့.. အမြဲတမ်းစိတ်ထဲမှာတွေးကာ အောင်မြင်အောင်လုပ်ပါတယ်..။လူတစ်ဦးတိုင်းဆီမှာ.. တစ်ခြားသူတွေနဲ့ မတူတဲ့.. ကိုယ်ပိုင်အစွမ်းအစတွေ.ပိုင်ဆိုင်ကြပါတယ်.. အဲဒါကြောင့်.. တစ်ချို့ကိစ္စတွေမှာ.. ကိုယ်မလုပ်နိုင်တာမျိုးတွေ. မတတ်နိုင်တာမျိုးတွေရှိပေမယ့်.. တစ်ချို့နေရာတွေမှာတော့.. တစ်ခြားသူတွေထက် ..ကိုယ်ကပိုကျွမ်းကျင်ပိုင်နိုင်တာတွေလည်း.. ရှိတတ်စမြဲပါ..။
အခက်အခဲဆိုတာတွေ. ပြဿနာတွေ.. စိန်ခေါ်မှုတွေသာမရှိပဲ… အရာရာအဆင်ပြေနေမယ်ဆိုရင်.. ဘ၀က တစ်သမတ်တည်းချည်း သွားနေရပြီး.. ပျင်းစရာကောင်းပါတယ်..။ ဘ၀မှာ.. စိန်ခေါ်မှုတွေကို လက်ခံနိုင်ပြီး.. ကျော်ဖြတ်နိုင်ပြီဆိုရင်.. ဘ၀ကပျော်စရာပိုကောင်းလာပြီး.. ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ .. ပိုတိုးလာပါတယ်..။ အဲဒီအခါ ဖြတ်သန်းရတဲ့ဘ၀က.. ပိုပြီး အဓိပ္မာယ်ရှိလာပါတယ်.. အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ.. တခါတလေ.. ကျမတို့ကို ချစ်တဲ့သူတွေရှိသလို… မနာလိုတဲ့သူတွေ.. မုန်းတဲ့သူတွေဆိုတာလဲကြုံရတာပါပဲ..။ ကိုယ့်ဘက်ကကြည့်တော့..ခေါင်း၊ သူ့ဘက်ကကြည့်တော့.ပန်း.. ဆိုတာမျိုးလို.. ကိုယ်မှန်ပေမယ့်လဲ.. တခါတခါ.. အထင်လွဲတာမျိုးတွေလည်း ရှိနိုင်လို့..ကျမကတော့.. မုန်းတဲ့သူ. မနာလိုတဲ့သူတွေနဲ့ကြုံတွေ့ရလဲ.. စိတ်ထဲတော့.. သိပ်ထားလေ့မရှိပါဘူး..။ ဘာကြောင့်လဲဆိုရင်.. “I don’t have time to hate people who hate me back because I have to love people who love me.” ဆိုတဲ့. ကျမရဲ့နောက်ဆောင်ပုဒ်တစ်ခုအတိုင်း.. ကျမကိုမုန်းတဲ့သူတွေကို ပြန်မုန်းဖို့အချိန်မရှိပါဘူး.. ဘာကြောင့်လဲဆိုရင်..ကျမကိုချစ်တဲ့သူတွေကို ပြန်ချစ်ဖို့အတွက်. အချိန်တွေတောင်မလောက်လို့ပါ..။
အပေါ်စကားနဲ့အောက်စကားနဲ့ညီအောင် ညည်းလိုက်ဦးမယ်.. :D
တစ်နေ့က မနိုင်းနိုင်းစနေရဲ့ ဘလော့မှာ.. ပဲပုပ်ချက်တင်ထားတာ.. တို့စရာအသီးအရွက်လေးပါပြပြီး… စားချင်စရာကောင်းလို့.. လာကတည်းကပါလာတဲ့.. ပဲပုပ်ချပ်တွေကို .. အဲဒီလိုအပီအပြင်ချက်စားမယ်ဆိုပြီး.. Oven ထဲမှာထည့်ကင်လိုက်ပါတယ်..။ တစ်ခါမှလည်း မစားဖြစ်မကင်ဖြစ်တော့.. မြန်မြန်ကျက်အောင်ဆိုပြီး အပူချိန်ကို အဆုံးထိတင်လိုက်ပြီး.. ငါးမိနစ်ပဲ Timer ပေးထားတာပါ..။ ရာသီဥတုကအေးနေဆဲမို့.. Heater ဖွင့်ထားရလို့.. အခန်းကလည်း ပြတင်းပေါက်တွေ အကုန်ပိတ်ထားတဲ့အချိန်… ပဲပုပ်တွေ..မီးကျွမ်းပြီး.. တခန်းလုံးကို ပဲပုပ်နံ့တွေ.. ထောင်းထောင်းကိုထလို့ပါပဲ.. :(
၂ ရက်ကြာပြီကို အခုထက်ထိအနံ့တွေက မပျောက်သေးဘူး.. Air Fresher တွေလဲဖျန်း ဖယောင်းတိုင်တွေလဲ ထွန်းပါတယ်..။ အပြင်မှာချိတ်ထားတဲ့ ကုတ်အကျီင်္တွေလည်း.. အနံ့တွေစွဲပြီးတော့.. ပြန်လျှော်ရတာ ခုထိတောင် မခြောက်သေးဘူး..။ အပြင်ကနေပြန်လာပြီး.. အခန်းထဲဝင်ဝင်ချင်းဆို ပဲပုပ်နံ့လေးကိုသင်းလို့ပါပဲ..။ :D ဒီပြဿနာကတော့.. အချိန်ဘယ်လောက်ကြာမလည်း မသိသေးဘူး.. နေရတာတော့.. အနံ့တထောင်းထောင်းနဲ့ပါ… :)
Thanks A Lot to All! Be Always Happyyyy!!♥ ♥♥ ♥ ♥♥ ♥ ♥♥
Friday, 16 March 2012
We all love BoB.(Tag Post)
March 16, 2012 6 Comments
source: www.indianetzone.com
ဒီပို့စ်လေးကို ရေးတာက မောင်လေးမေမြို့မိုးက ရေးပေးဖို့တဂ်တာကြောင့်. ရေးဖြစ်ခဲ့တာပါ..။ တကယ်တော့....အမှန်အတိုင်းဝန်ခံရရင်..မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ပြဿနာကို ကြားဖူးနေတာတော့ ကြာပါပြီ.။ ဘယ်လိုလည်းဆိုတာကို.. သေချာမလေ့လာဖြစ်တာပါ..။ မလေ့လာဖြစ်တာကတော့. တကယ်ကြီးကျယ်တဲ့ နိုင်ငံနဲ့ချီတဲ့ ကိစ္စဖြစ်နေတော့.. ကျမရဲ့ ညဏ်တစ်ထွာတစ်မိုက်၊ မဖြစ်စလောက်ဗဟုသုတလေးနဲ့.. သုံးသပ်ဝေဖန်တာမျိုးမလုပ်နိုင်လို့ပါ..။ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၃-၁၂-၂၀၀၉ ရက်စွဲပါ တင်သွင်းချက်အရ.. ဒီပြဿနာကို ဖြေရှင်းပေးဖို့. တရားရုံးက အမှုတွဲထဲလက်ခံခဲ့တာကတော့.. ၁၄-၁၂-၂၀၀၉ ရက်မှာဖြစ်တယ်လို့.. ဖတ်ရပါတယ်..။
၁၄-၃-၂၀၁၂ မှာ..တရားရုံးက ဆုံးဖြတ်မယ်ဆိုတော့.. ဆုံးဖြတ်ချက်ချပြီးရင်.. တရားတယ်မတရားဘူး.. နစ်နာတယ်ဆုံးရှုံးတယ်ဆိုတာကို မီဒီယာတွေကတော့. ပြောလာကြမှာပါပဲဆိုပြီး. စောင့်ကြည့်ခဲ့မိပါတယ်.။ တကယ်ဆုံးဖြတ်ချက်ထွက်လာတော့လည်း..ပြောကြတာအမျိုးမျိုးပါပဲ.မြန်မာတွေဘက်က ရှုံးတယ်ဆိုပြီး ပြောကြသလို.. တရားရုံးဆုံးဖြတ်တာ.တရားမျှတတယ်.အဲဒါကို ဘင်္ဂလားတွေဘက်က သူတို့အနိုင်ရတယ်ဆိုပြီး.. တစ်ဘက်သတ်အော်နေကြတာပါ..ဘာညာပေါ့..။
http://www.unbconnect.com/component/news/task-show/id-71091
အထက်ပါလင့်မှာကတော့. ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက ရေပိုင်နက်ပြဿနာမှာ.. သူတို့အနိုင်ရတယ်ဆိုပြီးတော့.. ဆုံးဖြတ်ချက်ချတဲ့နေ့မှာပဲ.. This is a great day for Bangladesh,” declared Foreign Minister Dipu Moni” ဆိုပြီး သူတို့နိုင်ငံရဲ့ ဖော်ပြပါ website မှာ အောင်ပွဲခံကြတာပါ..။ အဲဒါကို ဖတ်ပြီးတော့.. မြန်မာပြည်သူတွေ (ကျမအပါအ၀င်).. ဒေါသထွက်ကြ.. စိတ်မကောင်းဖြစ်ကြရပါတယ်..။
အဲဒါနဲ့. တရားရုံးရဲ့. ညှိနှိုင်းဆုံးဖြတ်ချက်ကို သေချာအောင်လေ့လာကြည့်ဦးမှပဲဆိုပြီး.. ရှာကြည့်လိုက်တဲ့အခါ.. အားလုံးပြည့်ပြည့်စုံစုံရေးသားဖော်ပြထားတဲ့.. Judgement ကို တွေ့လို့.. ဒေါင်းပြီး အကြမ်းဖျင်းဖတ်ကြည့်ပြီး.. ဥပဒေကြောင်းဆိုင်ရာတွေကို နားလည်တဲ့သူတစ်ယောက်မဟုတ်ပေမယ့်.. သူတို့ဆုံးဖြတ်တာကတော့.. ကျမအမြင်. (အမြင်မတူတာတွေလည်း ရှိကောင်းရှိမှာပါ).. တရားမျှတအောင်. ဖြေရှင်းပေးထားတယ်လို့တော့ ထင်ပါတယ်..။ ဒါကိုတော့ အထင်နဲ့ပဲ.. ပြောနိုင်ပါတယ်.. ကျောင်းပိတ်ထားတုန်း.. ခေါင်းစားမယ့်စာတွေ.. သိပ်မဖတ်ချင်လို့.. Run Through ဖတ်လိုက်တဲ့အခါ. ကျမ မသိလိုက်တဲ့. တချို့အပိုင်းတွေ.. နားမလည်နိုင်တဲ့.. ဥပဒေကြောင်းရာတွေ.. ပါနေနိုင်လို့ပါ..။ အဲဒါကြောင့်. အဲဒီဆုံးဖြတ်ချက်အပြည့်အစုံကို လေ့လာလိုသူတွေ .. ဖတ်ချင်သူတွေ. ဖတ်ပြီး. အမှန်အမှားဆုံးဖြတ်နိုင်အောင်.. အောက်မှာလင့်လေးရေးပေးလိုက်ပါတယ်..။ ဆုံးဖြတ်ချက်ကို လက်ခံပြီးပြီဆိုတာ. နှစ်ဘက်စလုံးက အတည်ပြုပြီးကြပါပြီ..။ အဲဒီတော့………………….:D
အဲဒီလင့် မှာ မရှင်းတာတစ်ခုက.. File Name ပါ.။ 1-C16_Judgment_14_02_2012 လို့ပေးထားတော့. ၁၄-၃-၂၀၁၂ မှာ ဆုံးဖြတ်တာကို. ဘာကြောင့်.. ၁၄-၂-၂၀၁၂ လို့ပေးထားပါလိမ့်ပေါ့နော်.. အဲဒီရက်ကတည်းက ဆုံးဖြတ်နေကြတာကို ၁၄-၃-၂၀၁၂ ရက်ကျမှ.. နောက်ဆုံးဆုံးဖြတ်ချက်ချခဲ့လို့လား..။ ဒါမှမဟုတ်.. ဘာဖြစ်လို့ အဲဒီလို file Name ပေးတာပါလိမ့်..အဲဒါကို စိတ်ထဲဇဝေဇ၀ါဖြစ်နေမိလို့.. သိတဲ့သူများရှိရင်.. ကျေးဇူးပြုပြီး ပြောပြပေးသွားပါဦးနော်.. :D
ဖော်ပြပါလင့်ကတော့.. ဖေ့ဘွတ်မှာ. Marine Technology ကို နားလည်တဲ့ မြန်မာနိုင်ငံက ပညာရှင်တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်…. သူက ရှုံးတယ်နိုင်တယ်ဟုတ်မဟုတ်.. နည်းလမ်းတကျဝေဖန်ထားတာပါ..။
အဲဒီပြဿနာကို.. ဆုံးဖြတ်ပေးတဲ့အဖွဲ့အစည်းကတော့.. ဂျာမနီနိုင်ငံ Hamburg မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ တရားရုံး (International Tribunal for the Law of the Sea) မှဖြစ်ပါတယ်…။ တကယ်တော့. ဒီကိစ္စကို ဆွေးနွေးဖို့အတွက် ဝေဖန်ဖို့အတွက်ဆိုရင်. ကျမမှာ လုံလောက်တဲ့.. ဗဟုသုတမရှိသေးလို့.. နိုင်ငံနဲ့ချီလာတဲ့ကိစ္စ. တစ်မျိုးသားလုံးဆိုင်တဲ့အရေးကိစ္စကို ဝေဖန်ပြောဆိုဖို့အတွက်.. ယုံကြည်ချက်အပြည့်အ၀မရှိသေးပါဘူး..။ မဆိုင်ဘူးလားဆိုတော့.. ကျမသွားနေတဲ့လမ်းကြောင်းအရဆိုရင်. တခြားသူတွေထက်တောင် ပိုပြီး.. စိတ်ဝင်စားသင့်တယ်.. သက်ဆိုင်သင့်တယ်ထင်ပါတယ်..။
အဲဒီပြဿနာကို ဆုံးဖြတ်တဲ့နေရာဖြစ်တဲ့. Hamburg မြို့က အခုကျမရောက်နေတဲ့.. မြို့နဲ့. State ချင်းကပ်ရက်မှာ တည်ရှိလို့ . Student ID Card နဲ့ဆို ရထားခပေးစရာမလိုပဲ. ၄ နာရီလောက်ရထားစီးရင်ရောက်တဲ့မြို့ဖြစ်ပါတယ်..။ အဲဒါဆိုတော့.. ဒီပြဿနာကို ဖြေရှင်းညှိနှိုင်းပေးတဲ့နေရာက ကျမနဲ့ဆိုနီးနီးလေးပေါ့နော်.. နောက်တစ်ချက် ကျမပိုပြီး စိတ်ဝင်စားသင့်တဲ့အကြောင်းက.. ကျမသင်ယူနေတဲ့ဘာသာနဲ့..ဒီပြဿနာရဲ့ အကြောင်းအရာက. တိုက်ဆိုင်နေလို့ပါ.ဒီပြဿနာက... နှစ်နိုင်ငံကြား.. သဘာဝအရင်းအမြစ်ကို.. မိမိကိုယ်ပိုင်အဖြစ် အတိအကျ သတ်မှတ်ပေးရေးပြဿနာပါ..။ ကျမလေ့လာနေတာက Natural Resources Management ပါ..Natural Resourcesဆိုတာတော့..အမျိုးအစားအများကြီးခွဲခြားထားပါတယ်. . . မြန်မာလိုဆိုရင်တော့. မြေပေါ်မြေအောက်ရေပေါ်ရေအောက်သယံဇာတအရင်းအမြစ်တွေပေါ့.. 
 နိုင်ငံတစ်နိုင်ငံရဲ့..ချမ်းသာကြွယ်ဝမှုကို တိုင်းတာတဲ့နေရာမှာလည်း. ဒီသယံဇာတတွေက အရေးပါတဲ့ အခန်းကဏ္ဏတစ်ရပ်အနေနဲ့ပါဝင်ပါတယ်..။အဲဒီလိုသဘာဝသယံဇာတတွေကိုမှ.. ပြန်လည်ဖြည့်ဆည်းလို့ရတဲ့.အမျိုးအစား 
(Renewable Resources) နဲ့.. ပြန်လည်ဖြည့်ဆည်းလို့မရတဲ့အမျိုးအစား (Non-Renewable Resources) ဆိုပြီးတော့. ထပ်ပြီး ခွဲခြားနိုင်ပါတယ်.. ကြားထဲမှာတော့. ပြန်ဖြည့်ဆည်းလို့ရပေမယ့်. အချိန်အများကြီးယူပြီးမှ.. ဖြစ်လာရတဲ့.. သယံဇာတမျိုးတွေလည်း ရှိပါတယ်..။ ဒါကတော့..အားလုံးသိပြီးသားလည်း ဖြစ်မှာပါ- ဥပမာ. မြေပေါ်သယံဇာတတစ်မျိုးဖြစ်တဲ့..သစ်တောသစ်ပင်တွေဆိုရင်.. Renewable Resources တွေထဲမှာပါဝင်သလို.. ကျောက်မီးသွေးတို့.. ရေနံတို့.. တခြာတွင်းထွက်ပစ္စည်းတွေကတော့.. ထုတ်သုံးပြီးတာနဲ့.. ပြန်လည်အစားမထိုးနိုင်တဲ့. Non-Renewable Resources တွေဖြစ်ကြပါတယ်.. ပြန်တော့ဖြစ်နိုင်ပါတယ်.. ဒါပေမယ့်. နှစ်သန်းပေါင်းမြောက်မြားစွာ.. အချိန်တွေအများကြီးကြာပြီးမှ.. တဆင့်ပြီးတဆင့်ဖြစ်ပေါ်လာနိုင်တဲ့.. အဖိုးတန်သဘာဝ သယံဇာတတွေပါ.. .
နောက်တစ်ခုက ဒီရေပိုင်နက်ပြဿနာက နှစ်နိုင်ငံကြား ကမ်းလွန်ရေနံနဲ့.. သဘာဝဓါတ်ငွေ့လုပ်ကွက်ရရှိရေးပေါ်မှာ. အခြေတည်ပြီး.. ဖြစ်ပေါ်လာတာဖြစ်ပါတယ်..။ ဒီသယံဇာတတွေက.. အလွန်အဖိုးတန်တဲ့.အရာတွေပါ.. ရေအောက်ထဲမှာ.. ဒါတွေအပြင်.. တခြားရေပေါ်ရေအောက်သယံဇာတတွေ. အများကြီးရှိပါသေးတယ်.. .။ အဲဒီအခါ.. တစ်မိုင်လောက်ပါသွားတယ်ဆိုရင်တောင်.. သေချာတန်ဖိုးဖြတ်မယ်ဆို.. အများကြီး..နစ်နာဆုံးရှုံးမှုရှိနိုင်ပါတယ်..။ အဲဒီတော့.. မေမြို့မိုးရဲ့.. ဒုတိယမေးခွန်းဖြစ်တဲ့.. မြန်မာလူမျိုးတစ်ယောက်အနေနဲ့.. ဘယ်လိုခံစားရလဲဆိုရင်.. အတိုင်းမသိစိတ်မကောင်းဖြစ်မိပါတယ်.။ မြန်မာဘက်က တောင်းဆိုထားတဲ့အတိုင်းရရင်တော့.. နိုင်ငံအတွက်. လူမျိုးအတွက်.. သဘာဝသယံဇာတတွေ. အများကြီး.ရနိုင်တဲ့နေရာဖြစ်လို့ပါ..။
ကျမတို့.. သယံဇာတအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲကြတဲ့အခါ. မဖြစ်မနေထည့်သွင်းစဉ်းစားရတဲ့အချက်က.. Sustainability ပါ..။တိုက်ရိုက်ဘာသာပြန်ရရင်တော့. စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေးပေါ့..။ ဒါပေမယ့်. Natural resources conservation Term အရ ဘာသာပြန်မယ်ဆိုရင်တော့.. သယံဇာတအရင်းအမြစ်တစ်ခုကို ထုတ်ယူသုံးစွဲကြမယ်ဆိုရင်.. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးအရ တွက်ချေကိုက်မှုနဲ့.. လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့.ရှုထောင့်သုံးခုစလုံးကို မျှတအောင် ထည့်သွင်းစဉ်းစားပြီး.. နောင်အနာဂတ်အတွက်.ရရှိနိုင်မယ့်.သုံးစွဲနိုင်မယ့်အလားအလာကို မဖြစ်မနေတွက်ချက်ပြီး.. ထုတ်ယူသုံးစွဲခြင်းကို ခေါ်ပါတယ်..။ တနည်းဆိုရင်တော့.. လက်ရှိရှိနေတဲ့.. သဘာဝအရင်းအမြစ်တွေကို မထိခိုက်စေပဲ. တိုးလာတဲ့အတိုးကိုပဲ ထုတ်ယူသုံးစွဲတာမျိုးဖြစ်ပြီး…နောင်အနာဂတ်အတွက်.. သေချာပေါက်.ကျန်ရှိနေစေရအောင်.. ရှိနေတဲ့အရင်းအမြစ်တွေကို မပျောက်ပျက်အောင်.. ထိန်းသိမ်းသုံးစွဲခြင်းမျိုးကို ခေါ်ပါတယ်.. (အယ်.. ရေးစရာမရှိလို့. စာမေးပွဲဖြေတုန်းက ဖတ်ခဲ့တဲ့စာတွေများ.. ခေါင်းထဲမှာ ဘာသာပြန်ပြီး ချရေးနေမိသလားမသိတော့ပါဘူး.. :D..)
အဲဒီတော့. တတိယပြောထားတဲ့အချက်ဖြစ်တဲ့. “တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ” ဆိုတော့.. ကျမအမြင်ဆိုရင်တော့.. အဖိုးတန်တဲ့ သယံဇာတတွေကို.. အလွန်တန်ဖိုးထားပါတယ်…။.. အခုတစ်ကမ္ဘာလုံးမှာ.. Sustainability ဆိုတဲ့စကားလုံးကို. ကဏ္ဏအားလုံးမှာ. မဖြစ်မနေထည့်သွင်းစဉ်းစားဆောင်ရွက်နေကြပါပြီ.။ နောက်တစ်ခုက EIA (Environmental Impact Assessmement) ဆိုတဲ့. ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တစ်ခုဟာ.. သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်ထိခိုက်မှုရှိနိုင်မလဲ.. ဘယ်လိုမျိုးထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြမလဲဆိုတာပါ… အဲဒီတော့.. သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့..အဖိုးတန်သယံဇာတတွေကို.. 
 နောင်အနာဂတ်အတွက်ပါ.. သေချာမှုရှိအောင်.. Sustainable ဖြစ်အောင်. ကာကွယ်ထိန်းသိမ်းသုံးစွဲနိုင်မယ်ဆိုရင်.. အတိုင်းထက်အလွန်ဝမ်းမြောက်မိမှာပါ..။ ကျမတို့ရဲ့ နောက်မျိုးဆက်တွေအတွက်.. အရင်အတိုင်းပဲ.. သဘာဝသယံဇာတအရင်းအမြစ်တွေ. ကြွယ်ဝဆဲဖြစ်တဲ့..မှီခိုရာနေရာတစ်ခုအဖြစ်ရှိနေစေချင်ပါတယ်..။
ရေးတာတွေများသွားပြီထင်တယ်..ရေးတဲ့ရည်ရွယ်ချက်နဲ့ မဆိုင်တဲ့အကြောင်းတွေလည်း ထည့်ရေးနေမိလား သိတော့ပါဘူး. :D..။ အမှန်အတိုင်းဝန်ခံမယ်ဆိုရင်.. ကျမသေချာမပြောနိုင်တဲ့အကြောင်းအရာတွေကို Publish မလုပ်ချင်ပါဘူး.. ဒါကတော့.. Academic ပိုင်းမှာ လုပ်တဲ့သူတိုင်းက အဲဒီလိုပါပဲ.. ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင်သေချာပေါက် လက်ဆုပ်လက်ကိုင်ပြပြီး. ရှင်းပြနိုင်မှ. အမြင်တစ်ခုကို ချပြလေ့ရှိပါတယ်.. ဒီပို့စ်ကတော့ အစကတည်းက ကျမ. သေချာမသိပါဘူးလို့.. ၀န်ခံခဲ့ပြီးသားဆိုတော့.. ကျမရေးသားတဲ့အထဲမှာ.. အမြင်မတူတာ.. အမှားပါသွားတာတွေရှိရင်.. ခွင့်လွှတ်ကြမယ်လို့လဲ မျှော်လင့်မိပါတယ်..။ အားမနာတမ်းထောက်ပြလို့ရပါတယ်.. ဝေဖန်လို့ရပါတယ်… ကျမမှာ..လိုအပ်တာတွေအများကြီးရှိပါတယ်..အဲဒါကြောင့်..ဒီဘလော့မှာ.ကျမရေးတာတွေက. ကျမလေ့လာနေတာတွေနဲ့မသက်ဆိုင်တဲ့.. ပေါ့ပေါ့ပါးပါးအကြောင်းအရာလေးတွေပဲ. ရေးလေ့ရှိတာပါ… ။ ဒါပေမယ့်.. တခါတလေ.. ဒီလို အမြင်တစ်ခုကို .. ချပြရတာလဲ ပျော်ဖို့တော့ ကောင်းပါတယ်.. အဲဒါကြောင့်.. ကျောင်းပိတ်ထားတုန်း .. စာမကြည့်ချင်ပါဘူးဆို.. စာဖတ်အောင်လာခိုင်းတဲ့.. ဆရာနဲ့ တိုးနေတော့လည်း. မောင်လေးရေ.. ကျေးဇူးတင်ပါတယ်. ကိုယ့်ဘာသာဆို. ဖတ်ဖြစ်မှာမဟုတ်ဘူး.. (အဲဒီလိုပျင်းတာပါ. :D) နောက်ဆိုလည်း. Tag နိုင်ပါတယ်.. အတတ်နိုင်ဆုံးတော့ ရေးဖြစ်အောင် ကြိုးစားသွားမှာပါ..။
(စာကြွင်း. သူက ကျမကို Site Address ကိုကြည့်ပြီး.. အသက်ပိုကြီးမှန်းတော့.. သိတယ်ထင်တယ်.. ။ စခင်ကတည်းက အစ်မလို့ခေါ်ပါတယ်.. အဲလိုမှ မဟုတ်ရင်.. စသိကာစဆို.. သူက ညီမလေးလို့.. အရင်ခေါ်တတ်ပါသတဲ့..။ အဲလိုခေါ်ရင်.. သဘောတွေကျပြီးး ဒီထက်တောင် ပိုရေးဖြစ်မလားမသိဘူး.. :D)
အားလုံးကို ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်ကြပါစေနော်.. :D
Wednesday, 14 March 2012
လမ်းလေးထက်မှာ….....
March 14, 2012 5 Comments
♥ ♥
 ဒီလမ်းလေးထက်ကို သူမ ခြေချမိတဲ့အခိုက်… တစ်ချိန်တုန်းက.. ဖြူစင်စွာချစ်ခဲ့ကြတဲ့.. ချစ်သူနှစ်ဦးရဲ့.. ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့..၀ိုးတ၀ါးပုံရိပ်တွေက.. မြင်ကွင်းရှေ့မှာ.. ပြန်လည်ထင်ဟပ်လာပါတယ်….။
တစ်ချိန်က ပျော်ရွှင်ခဲ့ဖူးတဲ့… ဒီမြို့လေးကို..ဒီလမ်းလေးပေါ်ကို သူမ ပြန်မရောက်ချင်ပေမယ့်လည်း…... တက်ခဲ့ဖူးတဲ့… တက္ကသိုလ်မှာ.. တာဝန်အရ…. ဆရာမတစ်ယောက်အဖြစ်.. ပြန်လည်ရောက်ရှိခဲ့ရပါပြီ…။
ညနေခင်းတွေတိုင်းမှာပေါ့…. စကားတွေတီတီတာတာပြောတတ်တဲ့.. ကောင်မလေးတစ်ယောက်ရယ်.. ပြောသမျှစကားတိုင်းကို… မညည်းမညူနားထောင်ပေးတတ်တဲ့.. ကောင်လေးတစ်ယောက်ရယ်… ဒီလမ်းလေးထက်မှာ… လမ်းလျှောက်လေ့ရှိတဲ့အခါတိုင်း… မြင်သူတိုင်းက…သိပ်ချစ်တဲ့..ချစ်သူနှစ်ဦးပါလားလို့… 
 ပြောစမှတ်ပြုရလောက်အောင်.. ကောင်လေးရဲ့ ကောင်မလေးအပေါ်မှာ ပေးအပ်ခဲ့တဲ့. အချစ်တွေက.. ကြီးမားလွန်းခဲ့တယ်…။
သူဆုပ်ကိုင်ထားတဲ့အတွက် ဘယ်တော့မှ သူမကို လက်တွဲဖြုတ်ပြီး ထွက်သွားမှာမဟုတ်ဘူးလို့ ယုံကြည်ကာ ပြန်လည်မဆုပ်ကိုင်မိတဲ့အတွက်များ.. အလွယ်တကူလက်တွဲပြုတ်ခဲ့ကြတာလား ဆိုတာကိုတော့.. ဘယ်သူမှ အဖြေရှာလို့… ရနိုင်မှာမဟုတ်ပါဘူး….။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
 ရေတမာပင်တွေ… အုပ်ဆိုင်းနေတဲ့…လမ်းလေးထက်မှာ… အခုတော့… သူမတစ်ယောက်တည်း… လျှောက်လှမ်းနေမိတယ်…. တစ်ချိန်တုန်းကတော့ “ ပန်းလည်းမပွင့်တဲ့ ဒီရေတမာပင်တွေနေရာမှာ… ခရေပင်လေးတွေသာဆို… ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ…” လို့… ပြောတတ်ခဲ့တဲ့အချိန်တိုင်း….“ တစ်ချိန်ချိန် ငါဒီနေရာကို ပြန်ရောက်ခဲ့ရင်.. ငါလုပ်နိုင်တဲ့တစ်နေ့.. နင်ချစ်တဲ့လမ်းလေးထက်မှာ.. ခရေရနံ့တွေ.. မွှေးပျံ့နေအောင်…. ငါဖန်တီးပေးမှာပေါ့..” လို့ သူပြောခဲ့တာကို.. သတိရမိတဲ့အခိုက်.. မျက်ရည်တစ်စက်… လေအဝှေ့မှာ…. လမ်းလေးပေါ်ကို.. လွင့်ကျသွားခဲ့တယ်…။
လမ်းဘေးတစ်ဖက်တစ်ချက်မှာ… ရှင်သန်နေဆဲဖြစ်တဲ့.. အရင်ထက်တောင်.. အုပ်အုပ်ဆိုင်းဆိုင်းနဲ့.. အရွက်တွေဖြာဝေနေတဲ့…ရေတမာပင်တွေသာ.. စကားပြောတတ်ခဲ့ရင်.. အမြဲတမ်းနှစ်ယောက်တွဲလျှောက်ခဲ့တဲ့လမ်းကို.. အခုအချိန်မှ.. တစ်ယောက်တည်း.. ဘာကြောင့်ပြန်လာခဲ့တာလဲလို့… စိတ်မကောင်းစွာ… မေးလာမှာ.. သေချာပါတယ်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ကော်ဖီသောက်တိုင်း သူ့ကော်ဖီခွက်ထဲ အရင်မဖျော်ပဲ သူမအတွက် အရင်ဖျော်ပေးကာ အပူလောင်မှာစိုးရိမ်ပြီး သူမရဲ့ကော်ဖီခွက်ကို နွေးထွေးအောင် ဖန်တီးပေးစဉ်အခါတိုင်း သူ့အတွက် ကော်ဖီပြန်ဖျော်ပေးဖို့.. သူမဘာကြောင့်များ မေ့နေခဲ့မိပါလိမ့်..။
ထမင်းအတူစားတဲ့အချိန်တိုင်း သူမထက် အသက်ကြီးတဲ့သူ့အတွက်.. ၀တ္တရားကျေရုံ ဦးချပြီး စားတတ်ခဲ့ပေမယ့်.. သူကတော့ သူမ ကြိုက်တတ်မယ်ထင်သော ဟင်းများကို သူမရဲ့ပန်းကန်ထဲပဲ ထည့်ပေးကာ… သူမ စားနေတာကို ကြည်နူးစွာ ကြည့်နေတတ်တဲ့အချိန်တိုင်း.. သူမကရော ဘာကြောင့်များ သူကြိုက်တတ်တဲ့ ဟင်းများကို ထည့်ပေးဖို့ ပျက်ကွက်ခဲ့မိပါလိမ့်..။
ကျောင်းပြီးလို့ တစ်ယောက်တစ်နေရာစီဝေးကွာသွားတဲ့အချိန်မှာတော့ သူမ လွမ်းပြီး ငိုနေမှာစိုးရိမ်လို့ဟုဆိုကာ.. ဆက်သွယ်ရခက်ခဲသော နေရာမှာရောက်နေသော်လည်း သူ..သူမဆီကို အမြဲမပြတ်ဖုန်းဆက်လေ့ရှိခဲ့ပါတယ်…။
အမြဲတမ်းလိုလို ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါသည်လို့.. ပြန်ဖြေတတ်သော..ခေါ်ရခက်တဲ့.. သူမရဲ့ ဖုန်းကို သူစိတ်ရှည်ရှည်နဲ့ မတွေ့တွေ့အောင် ထိုင်ဆက်လေ့ရှိပေမယ့်.. 
သူ့ဆီကို ဖုန်းဆက်လေ့မရှိသော.. တခါတရံမှသာ ဖုန်းဆက်ပြီး.. ချက်ချင်းခေါ်မရလျှင်
 “ နင့်ကို ဖုန်းခေါ်ရတာ အချိန်အရမ်းကုန်တာပဲ..” ဟု ပြောလေ့ရှိသော သူမသည်.. အဲဒီစကားအတွက်.. သူဘယ်လောက်ဝမ်းနည်းသွားခဲ့မလဲဆိုတာ.. အဲဒီအချိန်တုန်းကတော့… မတွေးခဲ့မိပါဘူး…။
“  ငါအလွမ်းပြေဖတ်ဖို့.. နင်ပျင်းတဲ့အချိန်..စာရေးမပို့ချင်ဘူးလား..” လို့.. သူတောင်းဆိုတဲ့အခါတိုင်း…
 “ စာရေးရမှာကို.. ပျင်းတာ..” ဟု သူမ ပြန်ဖြေလေ့ရှိခဲ့ပေမယ့်.. တစ်ပတ်တစ်ခါလောက်.. သူမ ချစ်သော.. မိုးပြာရောင်စာရွက်လေးများပေါ်မှာ.. မညီမညာ..သူ့လက်ရေးများနှင့်.. စာအိတ်ပြာပြာလေးတွေ.. မိုးပြာရောင်.. ကတ်ကလေးတွေ… သူမဆီကို.. ရောက်ရောက်လာတတ်ခဲ့ပါတယ်…။ အခုအချိန်မှာတော့.. တစ်ချိန်ကအမြဲရခဲ့ဖူးတဲ့… မိုးပြာရောင်စာအိတ်ကလေးတွေ.. ကတ်ကလေးတွေ…. လမ်းကလေးထဲကနေ.. တစ်ဖြောင့်တည်းသွားရင်.. ရောက်သွားတဲ့… အဆောင်က.. အခန်းလေးထဲမှာ… သူတို့ရဲ့ပိုင်ရှင်အတွက်… တိတ်ဆိတ်စွာ.. ကြေကွဲနေကြလေမလား…။
  ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တစ်ယောက်တည်း.. လျှောက်လှမ်းလာခဲ့တဲ့လမ်းအဆုံးမှာတော့…. ကျောင်းသူဘ၀က…. ထိုင်နေကျ… အဆောင်ရှေ့က…. အုတ်ခုံလေးဘက်ကို.. သူမရဲ့ အကြည့်တစ်ချက်ရောက်သွားခဲ့ပါတယ်…။ တစ်ချိန်ကတော့… အဲဒီအုတ်ခုံလေးထက်မှာ.. ကောင်လေးနဲ့.. ကောင်မလေး.. ထိုင်နေလေ့ရှိခဲ့ကာ… သူရှင်းပြတဲ့..သင်ခန်းစာတွေကို… ..အိပ်ငိုက်ပြီး… နားထောင်တတ်ခဲ့တဲ့… သူမဟာ… အခုတော့… အဲဒီသင်ခန်းစာတစ်ချို့ကိုပဲ.. ချစ်တဲ့တပည့်တွေကို…. ပြန်ပို့ချနေရတဲ့… ဘ၀မှာ….သူ့ရဲ့အရိပ်တွေက… ဘယ်အချိန်ထိများ… သူမကို.. လွှမ်းမိုးနေဦးမှာပါလိမ့်လို့… တွေးမိတဲ့အခိုက်… မျက်ဝန်းက မျက်ရည်တစ်ချို့.. လမ်းလေးထက်ကို.. ကြွေကျမလာခင်.. ။
ရင်ခုန်ကြည်နူးစွာနဲ့…. ပြေးကြည့်မိတဲ့အခါ… အပင်အောက်မှာ… ကြဲပြန့်နေတဲ့… ချစ်စရာခရေပွင့်လေးတွေ…. သူမကျောင်းသူဘ၀က… ဒီအုတ်ခုံလေးဘေးမှာ… မတွေ့ဖူးခဲ့တဲ့… သက်တမ်းမရင့်သေးတဲ့… ခရေပင်ပုပုလေးနှစ်ပင်….။  ဒီခရေပန်းလေးတွေရဲ့… လေထဲမှာ.. ပါလာတဲ့ရနံ့က… လမ်းတစ်လျှောက်… ..တစ်စုံတစ်ယောက်ကို… ပိုပြီး… သတိရလာအောင်.. တွန်းအားပေးသလိုများ… ဖြစ်နေခဲ့လေသလားမသိပါ…။ ဒါပေမယ့်... ဒီခရေပင်လေးတွေကို… ဘယ်သူလာစိုက်ခဲ့သလဲဆိုတာကိုတော့… သူမဘယ်တော့မှ.. အဖြေရှာဖြစ်မှာမဟုတ်ပါဘူး…။ 
(ဖန်တီးရေးဖွဲ့ခဲ့တဲ့.. ဇာတ်လမ်းလေးတစ်ခုပါ...:).. လမ်းလေးရဲ့ပုံလေးကတော့.. တောင်အာဖရိကကို.. Student Project တစ်ခုသွားတုန်းက.. ရိုက်လာခဲ့တဲ့.. ဓါတ်ပုံပါ.. အကြောင်းအရာနဲ့လိုက်ဖက်လို့.. ထည့်ထားတာပါရှင်..)
Thanks A Lot for complete Reading.. ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Tuesday, 13 March 2012
You’ve got a friend…♫ ♥ ♥ ♥ ♥ ♥ ♪
March 13, 2012 3 Comments
ကျမ ရေးခဲ့တဲ့... သူငယ်ချင်းအဖြစ်.. ဆိုတဲ့. ဇာတ်လမ်းလေးက.. James Taylor သီဆိုခဲ့တဲ့.. “You’ve got a friend” ဆိုတဲ့ သီချင်းကို ခံစားရေးဖွဲ့ခဲ့တာပါ…။
အဲဒီသီချင်းကို ၁၉၇၁ ခုနှစ်မှာ Carole King က ကိုယ်တိုင်ရေးဖွဲ့ပြီး ကိုယ်တိုင်သီဆိုခဲ့ပါတယ်…။ အဲဒီနှစ်မှာပဲ James Taylor က သူ့ရဲ့  Tapestry ဆိုတဲ့. . အယ်လ်ဘမ်မှာ ထည့်သွင်းသီဆိုခဲ့ပြီး.. လူကြိုက်များ.. ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်..။
အဲဒီသီချင်းဟာ James Taylor ကို Best Male Pop Vocal Performance ဆိုတဲ့ ဆု ရယ်.. Carole King ကိုတော့.. Song of the Year ဆိုတဲ့ဆုနဲ့.. နှစ်ဦးစလုံးကို Grammy Awards အသီးသီးရရှိစေတဲ့အထိ အောင်မြင်ခဲ့ပါတယ်….။
သီချင်းလေးရဲ့ lyrics က အရမ်းကို အဓိပာယ်ရှိပြီး.. ခံစားချက်အပြည့်နဲ့ ရေးသားထားသလိုပါပဲ..။ ချစ်လျက်နဲ့ လမ်းခွဲခဲ့ကြရတဲ့.. ချစ်သူနှစ်ဦးရဲ့.. ကြေကွဲဖွယ်အဖြစ်ကလေးပါ..။ ရည်းစားဟောင်းတစ်ယောက်ရဲ့ သူ့ချစ်သူအပေါ်မှာ… လမ်းခွဲပြီးချိန်ထိ… သူငယ်ချင်းတစ်ယောက်လို.. ချစ်သွားမယ် .. စောင့်ရှောက်သွားမယ်ဆိုတဲ့.. အကြောင်းအရာလေးပါ…။
သံစဉ်လေးကလည်း.. ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့.. နားထောင်လို့ကောင်းသလို.. ခံစားချက်နဲ့ တိုက်ဆိုင်တဲ့သူတွေအတွက်ကတော့.. ကိုယ့်အပေါ်မှာ.. အရမ်းချစ်ခဲ့ရဲ့နဲ့.. ဖူးစာမဆုံလို့ပဲဖြစ်ဖြစ်.. ကံတရားကြောင့်ပဲဖြစ်ဖြစ်.. အကြောင်းကြောင်းကြောင့်.. ကွဲကွာသွားခဲ့ရတဲ့ ချစ်သူဟောင်းကို သတိရသွားစေနိုင်ပါတယ်…။
ဒီသီချင်းကို English Language Curriculum တော်တော်များများမှာ.. ထည့်သွင်းသင်ကြားတယ်လို့ သိရပါတယ်..။  မြန်မာနိုင်ငံက နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာသင်ရိုးတစ်ချို့နဲ့.. English Major သင်ရိုးတွေမှာလည်း ပါကောင်းပါနိုင်ပါတယ်.. အဲဒါကိုတော့.. ကျမသေချာမသိပါဘူး…။
နောက်တစ်မျိုးအဓိပ္မာယ်အနေနဲ့.. ဒီသီချင်းကို ခံစားနိုင်တာကတော့... ခရစ်ယာန်သီချင်းတစ်ပုဒ်အဖြစ်ပါ...။ အခက်အခဲတွေ ကြုံတွေ့ပြီး.. ၀မ်းနည်းစိတ်ပျက်အားငယ်နေချိန်မှာ.... ဘုရားသခင်က.. ထာဝရသူငယ်ချင်းအဖြစ် .. အမြဲတမ်းရှိနေပေးနိုင်လို့... စိတ်ပျက်အားလျော့စရာမလိုအောင်... အားပေးတဲ့..သီချင်းမျိုးလို့လည်း.. ခံစားမိပါတယ်..။ ဒါကတော့.. သီချင်းတစ်ပုဒ်ကို ဖန်တီးတဲ့သူမှာလည်း... သူခံစားတဲ့အတိုင်း.. အဓိပ္မာယ်အချို့ရှိနိုင်သလို..... ခံစားနားဆင်တဲ့ပရိသတ်တွေအနေနဲ့လည်း... အမျိုးမျိုးဖွင့်ဆိုကြတာပါပဲ...။
အခု ဒီသီချင်းလေးကို နားဆင်နိုင်အောင် သီချင်းရော.. စာသားရော.. ထည့်ပေးထားပါတယ်.. You Tube မှာတော့.. James Taylor ကိုယ်တိုင်သီဆိုထားတာလည်းရှိပါတယ်.. သူဆိုတာက ပိုပြီး ဆွေးဆွေးမြေ့မြေ့နဲ့.. ၀မ်းနည်းစရာ ပိုကောင်းသလိုပါပဲ..။ အခု ကျမထည့်ပေးထားတာကတော့.. Dalia Sade ဆိုတဲ့အမျိုးသမီးအဆိုတော်တစ်ယောက်ဆိုထားပြီး.. သံစဉ်က နည်းနည်းသွက်သွားတော့.. သီချင်းဆိုရင် နည်းနည်းမြူးတာမှ ကြိုက်တဲ့. ကျမအတွက်တော့.. သူမ ဆိုထားတာကိုလည်း.. ကြိုက်ပါတယ်..။
You’ve got a friend… ♥ ♥ ♥ ♥ ♥
When you're down and troubled
And you need a helping hand
and nothing, whoa, nothing is going right.
Close your eyes and think of me and soon I will be there
To brighten up even your darkest nights.
♫ ♥ ♥  You just call out my name, and you know where ever I am
I'll come running to see you again.
Winter, spring, summer, or fall, all you have to do is call
and I'll be there, yeah, yeah,
you've got a friend.  ♥ ♥ ♪
If the sky above you should turn dark and full of clouds
and that old north wind should begin to blow,
keep your head together and call my name out loud.
Soon I will be knocking upon your door.
You just call out my name, and you know where ever I am
I'll come running to see you again.
Winter, spring, summer, or fall, all you have to do is call and I'll be there.
Hey, ain't it good to know that you've got a friend? People can be so cold.
They'll hurt you and desert you. Well, they'll take your soul if you let them,
oh yeah, but don't you let them.
♫ ♥ ♥   You just call out my name, and you know where ever I am
I'll come running to see you again.
Winter, spring, summer, or fall, all you have to do is call, loud, I'll be there, yeah, yeah,
you've got a friend. You've got a friend.
Ain't it good to know you've got a friend. Ain't it good to know you've got a friend.
Oh, yeah, yeah, you've got a friend.  ♥ ♥ ♪
Ref: http://en.wikipedia.org/wiki/You%27ve_Got_a_Friend 
Thanks A lot for reading..♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥
Monday, 12 March 2012
သူငယ်ချင်းအဖြစ်...
March 12, 2012 7 Comments
"နင်လိုအပ်တဲ့အချိန်တိုင်း. နင်အခက်အခဲကြုံတဲ့အခါတိုင်း.. ငါဘယ်နေရာမှာပဲရှိနေနေ... အပြေးရောက်လာမှာပါ... သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ပေါ့.....။  အသံထွက်ရေရွတ်နေစရာမလိုပဲ.. စိတ်ထဲကတမ်းတလိုက်ရုံနဲ့.. နင့်စိတ်ကို အလွတ်ရနေတဲ့ငါ.. နင့်ရှေ့မှောက်ကို ရောက်လာပါလိမ့်မယ်.."
 နှစ်ဦးသဘောတူ.လမ်းခွဲကြတဲ့အချိန်မှာ.. မျက်ရည်တွေနဲ့.. သူပြောခဲ့တဲ့..စကားလုံးတွေပါ...။
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါလျက်နဲ့.. တခါတရံမှာ.. ကံကြမ္မာအလှည့်အပြောင်းကြောင့်.. လက်တွဲဖြုတ်ခဲ့ရတဲ့.. ချစ်သူတွေ.. ဒီကမ္ဘာပေါ်မှာ.. ဘယ်လောက်တောင် များနေပြီလဲလို့.. သူမ တွေးမိတဲ့အခါ.. မျှော်လင့်မထားခဲ့ပါပဲ. အခုအချိန်မှာ.. သူနဲ့သူမကရော... အဲဒီလိုဝေးကွာသွားကြတဲ့. ချစ်သူတွေထဲမှာ.. အပါအ၀င်ဖြစ်သွားခဲ့ပြီပေါ့...။ 
" ငါနင့်ကို အရမ်းချစ်ခဲ့ပါတယ်... သူငယ်ချင်းလိုရော. အစ်ကိုလိုရော. ချစ်သူလိုရော အချစ်တွေအားလုံးပုံအောပြီး. ၅ နှစ်လုံးလုံး.ငါ့ဘ၀မှာ ချစ်ရမယ့်သူဟာ.. နင်တစ်ယောက်တည်းပဲလို့.. ယုံကြည်ခဲ့ပြီး. အချစ်ကြီးချစ်ခဲ့တယ်.. ရည်မှန်းချက်တွေပြည့်ဝတဲ့တစ်နေ့မှာတော့.. ငါတို့ဘ၀နှစ်ခု ပေါင်းစပ်ကြမှာပဲလို့.. ရိုးရိုးလေးပဲ. ယုံကြည်ထားခဲ့တယ်...
အခုလိုမျိုး.. . ငါတို့ဘ၀မှာ တတိယလူဝင်လာမယ်လို့.. ငါတစ်ခါမှ မတွေးခဲ့ဖူးသလို... နှစ်ယောက်စလုံးရဲ့ အသိုင်းအ၀ိုင်းတွေ.. သူငယ်ချင်းတွေအားလုံးလည်း... ဘယ်လိုမှ မျှော်လင့်မိခဲ့မှာမဟုတ်ပါဘူး..."  
သူမရဲ့စကားလုံးတွေကို.. သူတိတ်ဆိတ်စွာပဲ. နားထောင်နေခဲ့တယ်...။ တကယ်တော့.. သူ့မှာ ပြန်ပြောစရာ သူမကို နှစ်သိမ့်စရာ စကားလုံးမရှိလောက်အောင်.. ဆို့နင့်ကြေကွဲနေခဲ့လို့ပါ..။ မှားခဲ့တဲ့အမှားတစ်ခု အတွက်..ခွင့်လွှတ်ပေးပါလို့.. တောင်းပန်ရလောက်အောင် သူ့အသက်ထက်မြတ်နိုးခဲ့တဲ့ .. ဖြူစင်လွန်းတဲ့ ချစ်သူကို.. သူ့ဘ၀အမည်းစက်တွေ.. အစွန်းထင်းမခံစေချင်ခဲ့ပါဘူး...။ 
သူမကို သူချစ်ခဲ့တာ ရယူပိုင်ဆိုင်ချင်တဲ့အချစ်မဟုတ်ဘဲ.. သူမဘ၀အောင်မြင်နေတာ.. သူမပျော်ရွှင်နေတာ.. သူမဘ၀ရှေ့ရေးအတွက်.. ယုံကြည်ချက်အပြည့်နဲ့.. ကြိုးစားနေတာကိုပဲ.. သူအမြဲလိုလားခဲ့တာပါ...။ တစ်ယောက်နဲ့တစ်ယောက်.. အနေဝေးကြပေမယ့်.. သူမဆီကို... သူအမြဲဆက်သွယ်ခဲ့ပြီး...သူမရဲ့ ရှေ့ဆက်မယ့် ပညာရေးအတွက်.. မျှော်လင့်ချက်တွေ.. ယုံကြည်ချက်တွေနဲ့..ကြိုးစားနေတဲ့အချိန်တိုင်း..သူမရဲ့အောင်မြင်မှုတွေကို..ကလေးတစ်ယောက်လို သူ့ကိုရယ်မောပျော်ရွှင်ပြီး .. ပြောပြတဲ့အခါတိုင်းမှာ.. နှစ်ယောက်အတူ.. ဘ၀တစ်ခုကို တည်ဆောက်ကြရအောင် ဆိုတဲ့စကားကို.. သူပြောဖို့ ဆွံ့အခဲ့ရပါတယ်...။ သူမရဲ့ ရှေ့ဆက်မယ့် ပညာရေးအတွက်.. သူဟာအတားအဆီးတစ်ခုဖြစ်မှာ.. စိုးကြောက်ခဲ့ပြီး... သူမရဲ့ကြိုးစားမှုတွေတိုင်းကို သူအလေးထားခဲ့လို့.. အိမ်ထောင်ရေးဆိုတဲ့.. ကွန်ယက်ထဲကို သူမကို စောစောစီးစီး ခေါ်မသွင်းရက်ခဲ့ပါဘူး..။
ထွက်သွားလို့ နှုတ်ခမ်းက ဆိုပေမယ့်... မထားခဲ့ပါနဲ့လို့ ရေရွတ်နေမိတယ်.. ဒါပေမယ့်.သူမကြားစေရဘူး.
သူ့ကိုအရမ်းချစ်တဲ့သူမဟာ.. လိုချင်တဲ့ပန်းတိုင်ကို ရောက်ပြီးရင်တော့.. အခက်အခဲမရှိ လက်တွဲသွားနိုင်မှာပဲလို့.. သူဖြေသိမ့်တွေးခဲ့ကာ... သူမရဲ့ အားတက်သရော.. ကြိုးစားမှုတွေကိုပဲ... တစ်ချိန်လုံး.. အားပေးနှစ်သိမ့်ခဲ့ပြီး..သူမအားလျှော့ချင်သလိုဖြစ်လာတဲ့အချိန်မှာတောင်.. သူမရဲ့ ရည်မှန်းချက်တွေ မပျောက်ပျက်သွားဖို့အရေးကို. သူက ပိုစိုးရိမ်တွန်းအားပေးခဲ့ဖူးပါတယ်...။
ဘ၀မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲလို့.. ကြိုတင်မျှော်လင့်လို့မရခဲ့တာမို့... သူ့ဘ၀ရဲ့.. ကံဆိုးမိုးမှောင်ကျတဲ့အချိန်ဆိုတာလည်း.. မရည်ရွယ် မမျှော်လင့်ထားပါပဲ... ရောက်လာခဲ့ပြီး.. သူ့ဘ၀မှာ ဖျက်မရတဲ့.. အမည်းစက်တစ်ခု စွန်းထင်းခဲ့ရပါတယ်..။ သူနဲ့ဝေးတဲ့နေရာတစ်ခုမှာ .. ဖြူစင်အပြစ်ကင်းပြီး.. အောင်မြင်စပြုနေပြီဖြစ်တဲ့.. သူမဘ၀ထဲကို. အခုတော့.. သူဝင်လာဖို့. အင်အားမရှိတော့ပါဘူး..။
" ငါတို့နှစ်ယောက်.. ရှေ့ဆက်လက်တွဲဖို့. ဘယ်လိုမှ မဖြစ်နိုင်တဲ့အခါ.. လမ်းခွဲမယ်ဆိုတဲ့စကားကို.. ငါလက်ခံရမှာပေါ့.. . နင့်ရဲ့အားပေးမှုတွေ.. နှစ်သိမ့်စကားတွေ.. ငါ့မျှော်လင့်ချက်တွေ ဖြစ်မလာတဲ့အခါတိုင်း အားမလိုအားမရ. ဝေဖန်ပေးတတ်တာတွေ.. ဆက်မရှိနိုင်တော့ပေမယ့်... ငါ့ဘ၀ကို အကောင်းဆုံးလျှောက်လှမ်းသွားမှာပါ...။ ဘေးနားမှာ အားမလိုအားမရဖြစ်စရာ.. အမြဲတမ်းနှစ်သိမ့်အားပေးနေရတတ်တဲ့.. စကားများတဲ့ကောင်မလေးတစ်ယောက် မရှိတော့အတဲ့အခါ.. ငါမပါတော့မယ့်  နင့်ဘ၀ဟာ နည်းနည်းတော့ ပျင်းစရာကောင်းချင်ကောင်းနေလိမ့်မယ်.. ဒါပေမယ့်.. နင်နေတတ်သွားမှာပါ.. "  
အဲဒီစကားတွေကို ပြောနေတဲ့အခိုက်မှာ.. သူမဟာ သူသိခဲ့ဖူးတဲ့.. ခံစားချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလေ့ရှိတဲ့... ထစ်ကနဲဆို ငိုတတ်တဲ့.. ကောင်မလေးတစ်ယောက်မဟုတ်တော့ပဲ.. ရင်ထဲမှာ ခံစားရတာကို မျက်နှာပေါ်မှာ.. မျက်လုံးထဲမှာ..မပေါ်စေပဲ... ဟန်ဆောင်ထိန်းချုပ်နိုင်တဲ့.. မိန်းကလေးတစ်ယောက်ဖြစ်နေပြီမှန်း.. သူသိခဲ့ပါပြီ...။ 
" အမုန်းတွေနဲ့.. ငါတို့နှစ်ယောက်လမ်းခွဲခဲ့ကြရရင်တောင် .. ဘယ်လောက်ကောင်းမလဲ ကောင်မလေးရယ်.. အချစ်စစ်မှန်ရင်.. ဘယ်တော့မှမဝေးဘူးဆိုတဲ့..စကားအတိုင်းဆို... ငါတို့နှစ်ယောက်က ..ဘာကြောင့်ဝေးခဲ့ကြတာပါလိမ့်.."
 သူမအပေါ်မှာ.. သူ့ထက်ချစ်နိုင်မယ့်သူဆိုတာ.. မရှိနိုင်သလို. သူ့အတွက်လည်း.. သူမထက်ပိုချစ်ရမယ့် မိန်းကလေးဆိုတာ.. ဘယ်လိုမှ .. ရှိမလာနိုင်ပါဘူး..။ နွေ..မိုး.. ဆောင်း.. ဘယ်အချိန်မှာပဲဖြစ်ဖြစ်.. နေ့ဖြစ်ပါစေ.. ညဖြစ်ပါစေ.. နင်လိုအပ်တဲ့အချိန်တိုင်း.. နင့်ရှေ့ကို အရောက်လာခဲ့မှာပါ.. နင့်မျက်ရည်တွေ.. မျက်လုံးအိမ်ထဲက.. မထွက်ကျခင်.. လောကကြီးရဲ့ လှည့်စားမှုတွေကို.. နင်ခံရလို့.. နင်ဝမ်းနည်းအားငယ်နေမယ်ဆိုရင်.. အဖြူစင်ဆုံး..သူငယ်ချင်းတစ်ယောက် အဖြစ်.. နင့်ဘေးမှာ.. တစ်သက်လုံးရှိနေပေးမယ့်.သူပါ..။
(ပထမဆုံး အပြီးထိ ရေးဖူးတဲ့.. အဖြစ်အပျက်ဇာတ်လမ်းတစ်ခုပါ.. :D.. ပုံက Google Image ကနေ ရှာတွေ့ထားတာပါ. ရှာထားတာကြာပြီမို့..ဘယ် website  ကလဲ မမှတ်မိတော့ပါဘူး..@^@..အဆုံးထိ ဖတ်ပေးလို့.. ကျေးဇူးအများကြီးတင်ပါတယ်..)
Sunday, 11 March 2012
Time is running...
March 11, 2012 6 Comments
အချိန်တွေက ကုန်လွယ်လွန်းလာသလိုပါပဲ.. မီးရှုးမီးပန်းတွေ တဒိုင်းဒိုင်းပစ်ဖောက်ပြီး.. ၂၀၁၂ ကို ကြိုဆိုခဲ့တာ မနေ့တနေ့ကလို ထင်မိပေမယ့်.. တကယ်တော့.. ၃ လလောက်တောင် ကျော်လာခဲ့ပါပြီ...။
New Year တုန်းက မီးပန်းတွေ ဖောက်တာသွားကြည့်တာပါ..
ဒီမြို့လေးကို .. ပညာသင်ဖို့. ကျမရောက်လာခဲ့တာလည်း.... အခုဆို.. တစ်နှစ်နီးပါးတောင်. ရှိခဲ့ပါပြီ။။
ပြန်တွေးကြည့်လိုက်ရင်.... မိဘတွေ... မောင်နှမတွေနဲ့အတူတူ... ထမင်းလက်ဆုံစားခဲ့ကြတာ... သိပ်မကြာသေးတဲ့..နေ့ရက်တစ်ချို့ကလို့... ထင်မိပေမယ့်... ချစ်တဲ့အိမ်နဲ့.. ချစ်တဲ့မိသားစုနဲ့... ချစ်တဲ့မြို့ကို... ခွဲခွာလာခဲ့တာ.. တစ်နှစ်တောင်ပြည့်တော့မှာပါလား.....။
ကံကောင်းတာတစ်ခုက... အင်တာနက်မှာ.. အလွယ်တကူဆက်သွယ်လို့.. ရနေတဲ့အခါ....
အရင်လို... မိဘတွေကို အနီးကပ်ဆိုးနွဲ့နေလို့.. မရတာတစ်ခုကလွဲရင်..... Homesickness ကို.. သိသိသာသာကြီးတော့... မခံစားရပါဘူး...။ ဒါပေမယ့်.. Voip call နဲ့ မြန်မာနိုင်ငံကို ဖုန်းခေါ်တဲ့အခါ.. တစ်မိနစ်ကို ၀.၂၀ ဆင့် ကုန်ပါတယ်.. အဲဒါကြောင့် တစ်ယူရိုကို ၅ မိနစ်ပဲ ပြောလို့ရပါတယ်....။
တစ်ခါတစ်လေပြောချင်တာတွေများပြီး.... ပြောဖြစ်တဲ့အခါ... ယူရိုလေးတွေ ....ကုန်သွားပါလေရော....။
အဲဒီ Voip Call နဲ့ပဲ... နိုင်ငံတော်တော်များများကိုကျတော့... Free ပြောလို့ရပါတယ်... 
အမေရိကား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ရုရှား၊ အီးယူနိုင်ငံတွေ.. စသဖြင့် နိုင်ငံတော်တော်များများကို.. ဂျာမနီကနေ.. Free ပြောလို့ရပြီး... တချို့နိုင်ငံတွေကိုတော့.. တော်တော်ကို ဈေးသက်သာပါတယ်..။
ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်စတဲ့ နိုင်ငံတစ်ချို့မှာ သူငယ်ချင်းတွေ ရောက်နေပေမယ့်.. 
သူတို့နဲ့က.. အွန်လိုင်းမှာ... အချိန်မရွေးဆက်သွယ်လို့ရနေတာကြောင့်... အလကားပြောလို့ရပေမယ့်.... တစ်ခါမှတောင်.. ဖုန်းမခေါ်ဖြစ်ပါဘူး....။
ဟွန်း... အွန်လိုင်းမှာ.. တစ်ချိန်လုံး... စိမ်းလိုက်နီလိုက်ဝါလိုက် Invisible လုပ်လိုက်ဖြစ်နေတဲ့သူတွေဆီကျတော့.. ဖုန်းက အလကားခေါ်လို့ရသတဲ့....:P
အော်... ဘာကြောင့်များ... ဖုန်းခက.. အဲဒီလိုကွာခြားရတာပါလိမ့်.... နားလည်ရခက်တဲ့.. နည်းပညာကြောင့်လို့ပဲ.... မှတ်ထားတာ.. ကောင်းပါတယ်... :D
ရာသီတွေလည်း အလီလီပြောင်းခဲ့ပြီ....။ သစ်ပင်တွေလည်း..... အရွက်တွေ.. ပြန်ထွက်ပြီး... စိမ်းစိမ်းစိုစို.. ပြန်ဖြစ်ပါတော့မယ်....။ဒီမြို့ကိုကျမစရောက်တဲ့အချိန်က.. နွေရာသီကုန်ခါနီးလောက်မှာပေါ့..။  အဲဒီတုန်းကတော့.. သစ်ပင်တွေရဲ့.. အရောင်တွေက... အစိမ်းရောင်ရှိပြီး..... အပင်အောက်မှာ.. အရွက်ကြွေတာ... သိပ်မတွေ့ရပါဘူး....။ ည ၁၀ နာရီလောက်မှ ... နေ၀င်လို့.. အစကတော့.. အထူးအဆန်းဖြစ်မိပါသေးတယ်... လေ့လာမှုအားကကောင်းတော့.. အိမ်မှာတုန်းက အဲဒီ sunset sunrise အချိန်ကို မဖတ်မိလိုက်ဘူး... ဒါပေမယ့်... ရန်ကုန်မှာဂျာမန်စကားသင်တန်းတက်တော့....
ည ၁၀ နာရီ လောက်ကိုလည်း ကောင်းသော ညနေခင်းပါ လို့ပဲနှုတ်ဆက်တယ်ဆိုတော့.. ညကို ဘာလို့ ညနေခင်းလို့ နှုတ်ဆက်ရတာလဲဆိုပြီး... စိတ်ထဲမှာ..စဉ်းစားနေမိတာ.. ဒီရောက်မှပဲ အဖြေပေါ်တော့တာပဲ..ည ၁၀ နာရီဆိုတာက နွေရာသီဆို.. ဒီမှာက ညနေခင်းပဲရှိသေးတာကိုး...။
စိမ်းစိမ်းစိုစိုနဲ့ လှပတဲ့.. နွေရာသီတုန်းက ရောက်ခဲ့တဲ့.. ရဲတိုက်ကြီးပါ.
နွေရာသီမှာ.. စိမ်းစိုနေတဲ့..သစ်ပင်တွေပေါ့..
 နွေရာသီကုန်သွားပြန်တော့.. ဆောင်းဦးရောက်လာခဲ့ပြန်ပါတယ်..... Colorful Autumn လို့ပြောရလောက်အောင်ကို အရောင်စုံစုံနဲ့.. အရမ်းကို လှပပါတယ်... ကျမကတော့... ဒီကရာသီဥတုထဲမှာဆိုရင်.. Autumn ကို အကြိုက်ဆုံးပါ... ရာသီဥတုကလည်း.... ရေခဲလောက်အောင်.. အေးတာမျိုးမဟုတ်သလို... ကြည့်လိုက်တိုင်းလည်း.. အရောင်စုံတဲ့.. မြင်ကွင်းတွေနဲ့... ကဗျာမဆန်တတ်တဲ့.. ကျမလိုသူတောင်... စိတ်ထဲမှာ... နူးညံ့ပြီး.. Romantic ဖြစ်ချင်လာသလိုပါပဲ.... အပင်အောက်မှာလည်း.. အရောင်စုံသစ်ရွက်တွေက.. ပြန့်ကျဲလို့ပါပဲ....
 ဓါတ်ပုံရိုက်ရင်..နောက်ခံကတော့.. တော်တော်လှပါတယ်.. ရှေ့ကလူကမလှတဲ့အခါ.. သဘာဝအလှလေး ပျက်သွားမှာစိုးလို့... ဓါတ်ပုံတောင်.. သိပ်မရိုက်ဖြစ်ခဲ့ပါဘူး...
အ၀ါရောင်ကနေ.. တဖြည်းဖြည်းနဲ့..ပန်းရောင်.. အညိုရောင်.. နောက်ဆုံးတော့..ဆောင်းကိုရောက်လာရင် သစ်ရွက်လေးတွေ အကုန်ကြွေကုန်တာပါပဲ... ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့.. ပုံပြင်ထဲကလို... Last Leaf လေးတောင် မကျန်ခဲ့ပါဘူး... :(
လူကသာ လှရင်တော့.. ဒီရှေ့မှာ ဓါတ်ပုံရိုက်ရင်.. ပုံလှလှလေးထွက်လာမှာ သေချာပါတယ်... :P
ကျောင်းရှေ့မှာပေါ့.. စာသင်ရင်း တဖြုတ်ဖြုတ်ကြွေသွားတဲ့ သစ်ရွက်တွေကြည့်ရင်း အိပ်ငိုက်ရင်း အချိန်တွေ ကုန်သွားပါလေရော
ပုံကိုပြန်ကြည့်မှ အဝေးကနေဆို ပိတောက်ပွင့်တွေလိုလို ဘာလိုလို.ပိတောက်ပန်းတွေတောင် လွမ်းလာပါပေါ့. တကယ်တော့...အ၀ါရောင်သစ်ရွက်တွေပါ..
ဆောင်းရာသီကတော့.. နိုဝင်ဘာလကနေ.. ဇန်န၀ါရီလအထိ. ၃ လပါ.. နိုဝင်ဘာ ၁ရက်နေ့ကစပြီး.. ဆောင်းရာသီစံတော်ချိန်ဆိုပြီး... အချိန်က တစ်နာရီနောက်ဆုတ်သွားပါတယ်.. အဲဒါကြောင့် နွေရာသီတုန်းက.. မြန်မာနိုင်ငံနဲ့. လေးနာရီခွဲကွာတာဖြစ်ပေမယ့်.... ဆောင်းရာသီရောက်တော့..
၅ နာရီခွဲကွာသွားပါတယ်... အဲဒါကိုလည်း မြန်မာပြည်မှာတုန်းက ကျမ မသိပါဘူး.. ကျမတို့ဆီမှာလိုပဲ. အချိန်က တစ်နှစ်ပတ်လုံး တူတူပဲလို့. ထင်ပြီး... တစ်နှစ်လုံး ၄ နာရီခွဲပဲ ကွာတယ်လို့ ထင်ခဲ့မိတာ.. အောက်တိုဘာ ၃၁ ရက်နေ့ညမှ သူငယ်ချင်းတွေက မသိမှာစိုးလို့.. အပြန်အလှန်မေးလ်တွေ ...ပို့ပြီး.. ပြောပြလို့သာပေါ့... တစ်ချို့ မေးလ်မရတဲ့သူငယ်ချင်းတွေ.. ကျမလိုပဲ.. လေ့လာမှုအားနည်းတဲ့.. သူငယ်ချင်းတစ်ချို့က အတန်းထဲကို.. တစ်နာရီစောပြီး.. ရောက်နေလို့.. အားလုံး ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ကြပါသေးတယ်..။ ကျမကတော့.. အိပ်တာကို ကြိုက်တဲ့သူဆိုတော့.. ဆောင်းတွင်းမှာ.. မနက် တစ်နာရီပိုအိပ်ရတာပေါ့လို့...  ပျော်သလိုလိုတော့. ရှိသား.. :D
ဒါပေမယ့်... ညရောက်တာကျတော့. မြန်သွားပြန်ပါရော.. ၄ နာရီခွဲလောက်ဆို မှောင်နေပြီ.. မီးမပျက်လို့သာ တော်ပါသေးရဲ့.. ဂျာမန်သူငယ်ချင်းကို မီးပျက်တာကြုံဖူးလားလို့.. မေးကြည့်တော့... သူတစ်ခါမှ .. မကြုံဖူးဘူးတဲ့.. ဒီမြို့မှာတော့... တစ်ခါကညတစ်ညမှာ နှစ်မိနစ်လောက်မီးပျက်ဖူးတာ ကြုံလိုက်ရလို့.. လူတွေအထူးအဆန်း ဖြစ်ဖူးကြပါသတဲ့..
ကျမကတော့.. ကျမအတွေ့အကြုံကို မပြောဖြစ်လိုက်ပါဘူး... :D တော်ကြာသူ့ခမျာ.. ကျမကို သနားလို့တဲ့.. မိုးကိုသည်းရော.. ဆိုတာလို.. ထိုင်ငိုသွားမှာစိုးလို့ပါ.... :-)
နှင်းတွေကတော့..ဒီဇင်ဘာလလယ်လောက်မှ စကျလာပါတယ်..။ တစ်ခါမှ မမြင်ဖူးတဲ့ နှင်းတွေကို.. ကိုင်တွယ်ထိတွေ့ခွင့်ရတာ... ကျမအတွက်.. အိပ်မက်တွေ အမှန်တကယ်ဖြစ်လာလို့. တကယ်ပျော်ရွှင်ခဲ့ပါတယ်.....ဒါပေမယ့်.. လမ်းသွားရင်.. ခိုက်ခိုက်တုန်အောင် အေးတဲ့.. အအေးဒဏ်ကို ခံရတာတော့... လူကို ရေခဲရိုက်ထားသလိုပါပဲ.. :D ရေကန်တွေလည်း.. ရေတွေတောင် ခဲပြီးတော့. တချို့တွေတော့.. အဲဒီရေကန်တွေပေါ်မှာ... စကိတ်စီးပြီး... အေးမှန်းတောင် မသိ ပျော်နေကြသလိုပါပဲ
အဆောင်ရှေ့က နှင်းတွေပါ.. ကျမရဲ့ စက်ဘီးလေးလည်း ပါပါတယ်.. :)
ဒါနဲ့ပဲ.. အချိန်တွေ.. ကုန်လာလိုက်တာ..
အခုတော့.. ကျောင်းတံခါးပိတ်အိမ်မပြန်ချင်လို့မဟုတ်ပါဘူး.. လေယာဉ်လက်မှတ် ဈေးကြီးလို့ပါ.. :P စာမေးပွဲလဲ တစ်တန်းစာပြီး.. နွေဦးလည်းရောက်.. လူကလည်း အားနေပြီဆိုတော့.. ဘယ်သူမှ မခိုင်းပဲ.. စာတွေဘာတွေ ရေးလို့...
နေရောင်လည်းရောက်.. နှင်းလည်းပျောက် ဖြစ်သွားပါပြီ.. ကျမကတော့... မပျောက်သေးပါဘူး.. :D စာတွေ ဆက်ရေးနေဦးမှာပါ...
ဒါကတော့. မနေ့ကမှ လတ်လတ်ဆတ်ဆတ် ရိုက်ထားတဲ့..နွေဦးရဲ့ အလှအပများပါ.. :)
Friday, 9 March 2012
ဒီလိုအချိန်....
March 09, 2012 1 Comments
ဒီအချိန်ဆိုရင် … ချစ်တဲ့မြန်မာပြည်မှာတော့.. တပေါင်းလပေါ့..။
အရင်ကတော့.. မြန်မာပြည်မှာ ကျမတက်ခဲ့တဲ့.. တက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ပေါ်ကနေ အရိုးပြိုင်းပြိုင်းကျနေတဲ့…  သစ်ပင်တွေကိုကြည့်လိုက်…. လေထဲမှာ.. တလွင့်လွင့်လိုက်ပါသွားတဲ့.. သစ်ရွက်ခြောက်တွေကိုကြည့်လိုက်…. လက်ထဲက မှတ်စုစာအုပ်ထဲက.. စာတွေကို ပြန်ကြည့်လိုက်နဲ့…  တပေါင်းလရောက်တိုင်း… ဖြေရမယ့်စာမေးပွဲတွေအတွက်.. ရူးကြောင်ကြောင်ဖြစ်မတတ်ပါပဲ….။
ဒီပုံက မြန်မာပြည်တုန်းက နေခဲ့တဲ့.. အဆောင်က ပုံတော့ မဟုတ်ပါဘူး.. အခု ဂျာမနီမှာ. နေနေတဲ့.. အဆောင်ပါ... အပင်တွေကလည်း... ဘာအရွက်အသစ်မှ ထွက်မလာသေးပါဘူး... ခြောက်ကပ်ကပ်နဲ့.. ဆောင်းတွင်းတစ်ခုလုံး.. အပြင်ဘက်မှာ.. နှင်းတွေကို အံတုနေကြရရှာတာ.... သနားစရာကောင်းပါတယ်... လူတွေကတော့... heater တပ်ထားတဲ့.. အခန်းတွေထဲမှာ.. ချမ်းလိုက်တာလို့တောင် ပြောပြီး... ရယ်လို့မောလို့... :)
အရင်က တပေါင်းလရဲ့.. သဘာဝအလှအပတွေကို စာတွေထဲမှာတော့.. ဖတ်ခဲ့ဖူးပါတယ်..။
ဒီအချိန်ဆိုတော်ရုံအလွမ်းဓါတ်ခံမရှိတဲ့သူတောင်… ရာသီဥတုအခြေအနေက လွမ်းစရာကောင်းအောင်.. ဖန်တီးနေသလိုမို့လို့….. လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ကြစမြဲပါ…..။
ကျမကတော့… တပေါင်းလရောက်တိုင်း…. တွေ့ရလေ့ရှိခဲ့တဲ့…. အရွက်မရှိတဲ့..သစ်ပင်တွေ… လမ်းလျှောက်ရင် ဖြတ်တိုက်တတ်တဲ့..လေပွေလေးတွေ… ဦးနှောက်ထဲမှာ…ထည့်ထားရတဲ့စာတွေ… အဆောင်ပေါ်ကနေ… လှမ်းမြင်နေရတတ်တဲ့…. တောမီးတွေ… စသဖြင့်… စသဖြင့်.. ဘယ်ဆီကို မျှော်မှန်းပြီး… လွမ်းရပါ့ ဆိုသလို ဖြစ်နေကျပါ… :D
ကျမရဲ့ ဇာတိမြို့မှာ…လပြည့်နေ့တိုင်း… ကျင်းပတဲ့.. ဘုရားပွဲကတော့…. ဒီနှစ်လည်း… စည်စည်ကားကားနဲ့ပဲ.. ပြီးဆုံးသွားမယ်ထင်ပါတယ်….။
ဘုရားပွဲဈေးတန်းမှာ.. ရောင်းလေ့ရှိတဲ့.. ဗမာမုန့်တွေကိုလည်း…. သတိရမိပါတယ်…..။ သနပ်ခါးစစ်မစစ်မသိပေမယ့်… ဘုရားပွဲတိုင်း.. အညာကနေလာရောင်းတာပါဆိုတဲ့… သနပ်ခါးသည်တွေကိုလည်း.. ဘာမဆိုင်ညာမဆိုင် သတိရလို့…။
ဘုရားပွဲရောက်မှ… တွေ့ရတတ်တဲ့.. ချားရဟတ်တွေ… တခါမှ မကြည့်ဖူးတဲ့.. မိုးကြိုးငှက်ငယ်အဖွဲ့တွေ… ဒီနှစ်မှာရော.. အားပေးတဲ့ ပရိသတ်တွေနဲ့.. ကပြခဲ့လားတော့ မသိပါဘူး..။
Autumn တုန်းက အရောင်စုံစုံနဲ့.. လှနေတဲ့..သစ်ပင်တွေပါ... အဲဒါကြောင့်.. colorful Autumn လို့ တင်စားပြောကြတာ ထင်ပါရဲ့..
ဒီအချိန်ဆိုရင်… တချို့နေရာတွေမှာတော့.. သင်္ကြန်သီချင်းတွေ စဖွင့်နေလောက်ရောပေါ့…။
လွမ်းစရာမရှိ.. လွမ်းချင်နေပါတယ်ဆိုမှ… သင်္ကြန်ကိုလွမ်းအောင်.. အဖြူရောင်သံစဉ်ကလည်း… ခုရက်ပိုင်းမှာ. သင်္ကြန်သီချင်းတွေပဲ.. ပိုလွှင့်နေသလိုပဲ…။ ဖေ့ဘွတ်မှာလည်း… တချို့တွေ… သင်္ကြန်သီချင်း တင်တဲ့သူနဲ့…. သင်္ကြန်ကို လွမ်းလွန်းလို့.. status message တင်တဲ့သူတွေနဲ့… ခဏခဏတွေ့နေရပြန်ပါရောလား….။
ကျမအခုရောက်နေတဲ့… ဂျာမနီနိုင်ငံ အလယ်ပိုင်းက မြို့လေးမှာတော့.. အခုအချိန်က.. နွေဦးရာသီပါ….။
ဆောင်းရာသီကတည်းက… အရွက်ကြွေသွားတဲ့… သစ်ပင်တွေ.. အခုထက်ထိ အရွက်ပြန်မထွက်သေးပါဘူး…။
နှင်းတွေ… တဖွဲဖွဲကျတတ်တဲ့.. ဆောင်းရာသီကနေ.. နွေဦးရာသီကို… ကူးပြောင်းသွားတာ.. ညင်ညင်သာသာလေးပါပဲ…..။ အနှုတ် ၂၅ ဒီဂရီလောက်ကနေ…. တဖြည်းဖြည်း.. အပူချိန်တက်လာခဲ့တာ… အခုဆို ၉ လောက်ပဲ .. ရှိတော့တာမို့… ရာသီဥတုက ကိုယ့်ဘက်မှာ. ပြန်ဖြစ်သွားပါပြီ…။
:) တကယ်တော့... ရေးချင်တဲ့ အကြောင်းအရာက..... နွေဦးမှာ... လွမ်းစရာမရှိ.. လွမ်းစရာရှာပြီး... လွမ်းနေပါတယ်.. ဆိုတဲ့အကြောင်းပါပဲ....:D
စာရေးပါတော့မယ်.....:D
March 09, 2012 2 Comments
အခု.. မနက် ၂ နာရီပါ..။
မနေ့ကပဲ ကျမရဲ့.. semester တစ်ခု စာမေးပွဲတွေ အားလုံးပြီးသွားလို့... စာကြည့်စရာ မလိုသေးတဲ့အခါ... အကျင့်မကောင်းတဲ့... မျက်လုံးက အိပ်လို့မပျော်သေးပါဘူး....။
အဲဒါနဲ့ပဲ.. စာရေးမယ်ဆိုပြီး.. ဖွင့်ထားတဲ့.. ဘလော့ထဲမှာ.. ဟိုပြင်ဒီပြင်လုပ်နေပါတယ်....။
တစ်ယောက်တည်း..မလုပ်တတ်လုပ်တတ်နဲ့... Gadget တွေ ဟိုထည့်ဒီထည့်နဲ့ပါပဲ..။
စာမေးပွဲဖြေနေတဲ့အချိန်တုန်းကတည်းက .. ဒီဘလော့ကိုဖွင့်ပြီးးး ကလိနေတာကြာပါပြီ....။ ဒါပေမယ့်.... စာမေးပွဲကြောင့်... မရေးဖြစ်ခဲ့ပဲ.... အရင်က ရေးထားခဲ့တဲ့... ကဗျာနှစ်ပုဒ်ကို ခပ်တည်တည်နဲ့.... တင်ထားတာပါ... :D
makeoutclub.com
အရင်ကတော့.. စာကြည့်ရင်း....ပင်ပန်းလာတဲ့အခါတိုင်း... ဘလော့တွေလိုက်ဖတ်တာ.... ကျမအတွက်... စိတ်အပန်းဖြေစရာ တစ်ခုလို ဖြစ်နေခဲ့ပါတယ်......။
တစ်ကယ်တော့.... စာရေးတဲ့အလုပ်က မလွယ်ပါလားဆိုတာ.. ကိုယ်တိုင်ရေးကြည့်မှ... သိလာပါတယ်...။
စိတ်ထဲမှာရှိနေပြီး.... ချရေးလိုက်တဲ့အခါ.... ကိုယ့်ခံစားချက်နဲ့.... ထပ်တူမကျဘူးဖြစ်ချင်ဖြစ်သွားပြန်ပါရော...။
အခုလည်း... ရေးချင်တာကတစ်မျိုး.. ချရေးနေမိတာတွေက ... တစ်ခြား....။
ဒီလိုနဲ့ပဲ..... ဒီပို့စ်ကလည်း..... ဟိုမရောက်ဒီမရောက်ပို့စ်တစ်ပုဒ်ပဲ ... ဖြစ်သွားဦးမှာပါပဲ.... :D
အစမို့လို့... သည်းခံပေးကြပါနော်..... :)
နောက်ဆိုရင်တော့....... ဖတ်လို့ကောင်းတဲ့..ပို့စ်လေးတွေ...ရေးဖြစ်နိုင်အောင် ကြိုးစားလိုက်ပါဦးမယ်....။
Semester Break က တစ်လကြာမှာမို့... ဒီတစ်လအတွင်းမှာတော့.... နေ့တိုင်းလိုလို ရေးဖြစ်မယ်လို့... စိတ်ကူးထားပါတယ်.... ကြုံရာခံစားချက်များပေါ့.... :D
Thursday, 8 March 2012
စိတ်ကူးထဲမှာတော့.......
March 08, 2012 2 Comments
စိတ်ကူးထဲမှာပေါ့......
လရိပ်ပြာအောက် အတူထိုင်ရင်းး
လင်းတစ်ချို့ မှိတ်တစ်ချို့ ကြယ်လေးတွေကိုရေတွက်..
ဆည်းလည်းသံလို သူ့ရယ်သံတွေကြား...
ညလေပြေရဲ့..ကြည်စယ်မှုကို
အတူတူ ကြည်နူးစွာ ခံစားနေချင်မိတယ်.......။
စိတ်ကူးထဲမှာပေါ့.....
တောက်ပတဲ့ နီယွန်မီးဝါ၀ါအောက်
ထာဝရပေးအပ်ထားမယ်ဆိုတဲ့.. သူ့ပခုံးထက်
အပူအပင်မရှိ.. မှီနွဲ့ရင်း
ညင်သာစွာ. ထိခတ်နေတဲ့.. သူ့ဂစ်တာသံကြား..
အချိန်တစ်ချို့ကို ကုန်ဆုံးချင်နေမိတယ်......။
Photo Credit to loletta91.deviantart.com
စိတ်ကူးထဲမှာပေါ့.....
နူးညံ့တဲ့ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း
သြရှရှဆိုတတ်တဲ့.. သူ့သီချင်းသံတွေကြား
ခရေရနံ့ သင်းပျံ့နေတဲ့.. လမ်းလေးတစ်လျှောက်
 နှစ်ယောက်အတူတူ.. ဖြတ်သန်းချင်နေမိပါတယ်.....။
စိတ်ကူးထဲမှာလေ...
သူကြိုက်တတ်တဲ့ စားစရာလေးတွေဖန်တီး
သူချစ်စေမယ့်.. စကားလုံးလေးတွေ.. သီဖွဲ့ဟစ်ကျူးလို့
သူခွံ့ကျွေးမယ့်... ချိုမြမြ ချောကလက်ညိုညိုတွေကို
တပ်မက်စွာ မျှော်လင့်နေမိပြန်တယ်......။
စိတ်ကူးထဲမှာပေါ့...
ခပ်လျော့လျော့မောင်းနှင်တတ်တဲ့.. သူ့ဆိုင်ကယ်ထက်
မြတ်မြတ်နိုးနိုး သူ့ခါးကို ဖက်တွယ်
သူသွားရာနောက် အရိပ်တစ်ခုလိုလိုက်လို့..
ကြင်နာစွာ ပြောတတ်တဲ့ သူ့စကားသံလေးတွေကို...
လေတိုးသံတွေကြား... နားထောင်နေချင်မိပြန်ပါတယ်.......။
လက်တွေ့မှာတော့.....
သူနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံတစ်ခုမှာ
နေ့နဲ့ ညတို့ ကွဲပြားလို့.. ကမ္ဘာကြီးရဲ့ အရှေ့နဲ့ အနောက်ကွာခြား...
ရင်ဆိုင်ရမယ့် စာမေးပွဲတွေအတွက်....
စာအုပ်ထူထူ... စာရွက်ဖိုင်ပေါင်းများစွာကြားမှာ...
ကွန်ပျူတာတစ်လုံးရှေ့မှာ ထိုင်လို့.....
ကောင်မလေးတစ်ယောက်မှာတော့...
သီအိုရီတွေ... ကိန်းဂဏန်းတွေ..... မှတ်စုတွေကြား....
အလွမ်းစိတ်တွေ.. ရင်မှာပိုက်......
အိပ်ငိုက်နေရှာလေရဲ့...........။........။
Follow Us @soratemplates