♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီလမ်းလေးထက်ကို သူမ ခြေချမိတဲ့အခိုက်… တစ်ချိန်တုန်းက.. ဖြူစင်စွာချစ်ခဲ့ကြတဲ့.. ချစ်သူနှစ်ဦးရဲ့.. ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့..၀ိုးတ၀ါးပုံရိပ်တွေက.. မြင်ကွင်းရှေ့မှာ.. ပြန်လည်ထင်ဟပ်လာပါတယ်….။
တစ်ချိန်က ပျော်ရွှင်ခဲ့ဖူးတဲ့… ဒီမြို့လေးကို..ဒီလမ်းလေးပေါ်ကို သူမ ပြန်မရောက်ချင်ပေမယ့်လည်း…... တက်ခဲ့ဖူးတဲ့… တက္ကသိုလ်မှာ.. တာဝန်အရ…. ဆရာမတစ်ယောက်အဖြစ်.. ပြန်လည်ရောက်ရှိခဲ့ရပါပြီ…။
ညနေခင်းတွေတိုင်းမှာပေါ့…. စကားတွေတီတီတာတာပြောတတ်တဲ့.. ကောင်မလေးတစ်ယောက်ရယ်.. ပြောသမျှစကားတိုင်းကို… မညည်းမညူနားထောင်ပေးတတ်တဲ့.. ကောင်လေးတစ်ယောက်ရယ်… ဒီလမ်းလေးထက်မှာ… လမ်းလျှောက်လေ့ရှိတဲ့အခါတိုင်း… မြင်သူတိုင်းက…သိပ်ချစ်တဲ့..ချစ်သူနှစ်ဦးပါလားလို့…
ပြောစမှတ်ပြုရလောက်အောင်.. ကောင်လေးရဲ့ ကောင်မလေးအပေါ်မှာ ပေးအပ်ခဲ့တဲ့. အချစ်တွေက.. ကြီးမားလွန်းခဲ့တယ်…။
သူဆုပ်ကိုင်ထားတဲ့အတွက် ဘယ်တော့မှ သူမကို လက်တွဲဖြုတ်ပြီး ထွက်သွားမှာမဟုတ်ဘူးလို့ ယုံကြည်ကာ ပြန်လည်မဆုပ်ကိုင်မိတဲ့အတွက်များ.. အလွယ်တကူလက်တွဲပြုတ်ခဲ့ကြတာလား ဆိုတာကိုတော့.. ဘယ်သူမှ အဖြေရှာလို့… ရနိုင်မှာမဟုတ်ပါဘူး….။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရေတမာပင်တွေ… အုပ်ဆိုင်းနေတဲ့…လမ်းလေးထက်မှာ… အခုတော့… သူမတစ်ယောက်တည်း… လျှောက်လှမ်းနေမိတယ်…. တစ်ချိန်တုန်းကတော့ “ ပန်းလည်းမပွင့်တဲ့ ဒီရေတမာပင်တွေနေရာမှာ… ခရေပင်လေးတွေသာဆို… ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ…” လို့… ပြောတတ်ခဲ့တဲ့အချိန်တိုင်း….“ တစ်ချိန်ချိန် ငါဒီနေရာကို ပြန်ရောက်ခဲ့ရင်.. ငါလုပ်နိုင်တဲ့တစ်နေ့.. နင်ချစ်တဲ့လမ်းလေးထက်မှာ.. ခရေရနံ့တွေ.. မွှေးပျံ့နေအောင်…. ငါဖန်တီးပေးမှာပေါ့..” လို့ သူပြောခဲ့တာကို.. သတိရမိတဲ့အခိုက်.. မျက်ရည်တစ်စက်… လေအဝှေ့မှာ…. လမ်းလေးပေါ်ကို.. လွင့်ကျသွားခဲ့တယ်…။
လမ်းဘေးတစ်ဖက်တစ်ချက်မှာ… ရှင်သန်နေဆဲဖြစ်တဲ့.. အရင်ထက်တောင်.. အုပ်အုပ်ဆိုင်းဆိုင်းနဲ့.. အရွက်တွေဖြာဝေနေတဲ့…ရေတမာပင်တွေသာ.. စကားပြောတတ်ခဲ့ရင်.. အမြဲတမ်းနှစ်ယောက်တွဲလျှောက်ခဲ့တဲ့လမ်းကို.. အခုအချိန်မှ.. တစ်ယောက်တည်း.. ဘာကြောင့်ပြန်လာခဲ့တာလဲလို့… စိတ်မကောင်းစွာ… မေးလာမှာ.. သေချာပါတယ်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ကော်ဖီသောက်တိုင်း သူ့ကော်ဖီခွက်ထဲ အရင်မဖျော်ပဲ သူမအတွက် အရင်ဖျော်ပေးကာ အပူလောင်မှာစိုးရိမ်ပြီး သူမရဲ့ကော်ဖီခွက်ကို နွေးထွေးအောင် ဖန်တီးပေးစဉ်အခါတိုင်း သူ့အတွက် ကော်ဖီပြန်ဖျော်ပေးဖို့.. သူမဘာကြောင့်များ မေ့နေခဲ့မိပါလိမ့်..။
ထမင်းအတူစားတဲ့အချိန်တိုင်း သူမထက် အသက်ကြီးတဲ့သူ့အတွက်.. ၀တ္တရားကျေရုံ ဦးချပြီး စားတတ်ခဲ့ပေမယ့်.. သူကတော့ သူမ ကြိုက်တတ်မယ်ထင်သော ဟင်းများကို သူမရဲ့ပန်းကန်ထဲပဲ ထည့်ပေးကာ… သူမ စားနေတာကို ကြည်နူးစွာ ကြည့်နေတတ်တဲ့အချိန်တိုင်း.. သူမကရော ဘာကြောင့်များ သူကြိုက်တတ်တဲ့ ဟင်းများကို ထည့်ပေးဖို့ ပျက်ကွက်ခဲ့မိပါလိမ့်..။
ကျောင်းပြီးလို့ တစ်ယောက်တစ်နေရာစီဝေးကွာသွားတဲ့အချိန်မှာတော့ သူမ လွမ်းပြီး ငိုနေမှာစိုးရိမ်လို့ဟုဆိုကာ.. ဆက်သွယ်ရခက်ခဲသော နေရာမှာရောက်နေသော်လည်း သူ..သူမဆီကို အမြဲမပြတ်ဖုန်းဆက်လေ့ရှိခဲ့ပါတယ်…။
အမြဲတမ်းလိုလို ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါသည်လို့.. ပြန်ဖြေတတ်သော..ခေါ်ရခက်တဲ့.. သူမရဲ့ ဖုန်းကို သူစိတ်ရှည်ရှည်နဲ့ မတွေ့တွေ့အောင် ထိုင်ဆက်လေ့ရှိပေမယ့်..
သူ့ဆီကို ဖုန်းဆက်လေ့မရှိသော.. တခါတရံမှသာ ဖုန်းဆက်ပြီး.. ချက်ချင်းခေါ်မရလျှင်
“ နင့်ကို ဖုန်းခေါ်ရတာ အချိန်အရမ်းကုန်တာပဲ..” ဟု ပြောလေ့ရှိသော သူမသည်.. အဲဒီစကားအတွက်.. သူဘယ်လောက်ဝမ်းနည်းသွားခဲ့မလဲဆိုတာ.. အဲဒီအချိန်တုန်းကတော့… မတွေးခဲ့မိပါဘူး…။
“ ငါအလွမ်းပြေဖတ်ဖို့.. နင်ပျင်းတဲ့အချိန်..စာရေးမပို့ချင်ဘူးလား..” လို့.. သူတောင်းဆိုတဲ့အခါတိုင်း…
“ စာရေးရမှာကို.. ပျင်းတာ..” ဟု သူမ ပြန်ဖြေလေ့ရှိခဲ့ပေမယ့်.. တစ်ပတ်တစ်ခါလောက်.. သူမ ချစ်သော.. မိုးပြာရောင်စာရွက်လေးများပေါ်မှာ.. မညီမညာ..သူ့လက်ရေးများနှင့်.. စာအိတ်ပြာပြာလေးတွေ.. မိုးပြာရောင်.. ကတ်ကလေးတွေ… သူမဆီကို.. ရောက်ရောက်လာတတ်ခဲ့ပါတယ်…။ အခုအချိန်မှာတော့.. တစ်ချိန်ကအမြဲရခဲ့ဖူးတဲ့… မိုးပြာရောင်စာအိတ်ကလေးတွေ.. ကတ်ကလေးတွေ…. လမ်းကလေးထဲကနေ.. တစ်ဖြောင့်တည်းသွားရင်.. ရောက်သွားတဲ့… အဆောင်က.. အခန်းလေးထဲမှာ… သူတို့ရဲ့ပိုင်ရှင်အတွက်… တိတ်ဆိတ်စွာ.. ကြေကွဲနေကြလေမလား…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တစ်ယောက်တည်း.. လျှောက်လှမ်းလာခဲ့တဲ့လမ်းအဆုံးမှာတော့…. ကျောင်းသူဘ၀က…. ထိုင်နေကျ… အဆောင်ရှေ့က…. အုတ်ခုံလေးဘက်ကို.. သူမရဲ့ အကြည့်တစ်ချက်ရောက်သွားခဲ့ပါတယ်…။ တစ်ချိန်ကတော့… အဲဒီအုတ်ခုံလေးထက်မှာ.. ကောင်လေးနဲ့.. ကောင်မလေး.. ထိုင်နေလေ့ရှိခဲ့ကာ… သူရှင်းပြတဲ့..သင်ခန်းစာတွေကို… ..အိပ်ငိုက်ပြီး… နားထောင်တတ်ခဲ့တဲ့… သူမဟာ… အခုတော့… အဲဒီသင်ခန်းစာတစ်ချို့ကိုပဲ.. ချစ်တဲ့တပည့်တွေကို…. ပြန်ပို့ချနေရတဲ့… ဘ၀မှာ….သူ့ရဲ့အရိပ်တွေက… ဘယ်အချိန်ထိများ… သူမကို.. လွှမ်းမိုးနေဦးမှာပါလိမ့်လို့… တွေးမိတဲ့အခိုက်… မျက်ဝန်းက မျက်ရည်တစ်ချို့.. လမ်းလေးထက်ကို.. ကြွေကျမလာခင်.. ။
ဝိုးတ၀ါးပုံရိပ်တစ်ခု… အုတ်ခုံလေးဘေးမှာပေါ့….♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရင်ခုန်ကြည်နူးစွာနဲ့…. ပြေးကြည့်မိတဲ့အခါ… အပင်အောက်မှာ… ကြဲပြန့်နေတဲ့… ချစ်စရာခရေပွင့်လေးတွေ…. သူမကျောင်းသူဘ၀က… ဒီအုတ်ခုံလေးဘေးမှာ… မတွေ့ဖူးခဲ့တဲ့… သက်တမ်းမရင့်သေးတဲ့… ခရေပင်ပုပုလေးနှစ်ပင်….။ ဒီခရေပန်းလေးတွေရဲ့… လေထဲမှာ.. ပါလာတဲ့ရနံ့က… လမ်းတစ်လျှောက်… ..တစ်စုံတစ်ယောက်ကို… ပိုပြီး… သတိရလာအောင်.. တွန်းအားပေးသလိုများ… ဖြစ်နေခဲ့လေသလားမသိပါ…။ ဒါပေမယ့်... ဒီခရေပင်လေးတွေကို… ဘယ်သူလာစိုက်ခဲ့သလဲဆိုတာကိုတော့… သူမဘယ်တော့မှ.. အဖြေရှာဖြစ်မှာမဟုတ်ပါဘူး…။
(ဖန်တီးရေးဖွဲ့ခဲ့တဲ့.. ဇာတ်လမ်းလေးတစ်ခုပါ...:).. လမ်းလေးရဲ့ပုံလေးကတော့.. တောင်အာဖရိကကို.. Student Project တစ်ခုသွားတုန်းက.. ရိုက်လာခဲ့တဲ့.. ဓါတ်ပုံပါ.. အကြောင်းအရာနဲ့လိုက်ဖက်လို့.. ထည့်ထားတာပါရှင်..)
Thanks A Lot for complete Reading..♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
5 comments:
ပိုစ့်လေးဖတ်သွားပါတယ်
စနိုးရေ.....ပို့စ်လေးကို ဖတ်သွားပါတယ်.....အဲဒီခရေပင်လေး ၂ ပင်က ကောင်မလေးလွမ်းရင် ကြည့်လို့ရအောင် ကောင်လေး စိုက်ပေးခဲ့တာပေါ့....သိဘူးလား.....ဒါတောင်......ဟီးဟီး......စတာနော်.......အရေးအသားလေးတွေ ညက်တယ်.......ကောင်း၏
ပို့စ်ကောင်းလေးကိုဖတ်သွားပါတယ်
စာရေးကောင်းတယ်နော် မမက...
အတွေးလေးတွေလည်း ကောင်းတယ် :D
ခံစားရပါတယ်ဗျာ...ချစ်သူနှစ်ယောက် ပြန်လည်ဆုံစည်းနိုင်ပါစေလို့လဲ ဆုတောင်းမိပါတယ်...
Post a Comment