Wednesday, 21 March 2012

# Short stories of Love

စွန်လွှတ်သူ ............


photo credit to http://www.123rf.com
 ♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူငယ်ငယ်က ကစားနည်းတွေအများကြီးထဲမှာ.. စွန်လွှတ်တမ်းကစားတာကို.. အနှစ်သက်ဆုံးဖြစ်ခဲ့တယ်..။ သူနေခဲ့တဲ့ မြို့သေးသေးလေးရဲ့...... .မြစ်ကမ်းဘေးနားမြေကွက်လပ်မှာ … သူငယ်ချင်းတွေနဲ့ .. ညနေတိုင်း.. စွန်လွှတ် ကစားလေ့ရှိခဲ့ပြီး…. .ပြန်လာတိုင်း.. သူချစ်တဲ့စွန်ကလေးကို... .ကောင်းကင်ကြီးရဲ့ တစ်နေရာမှာ စွန့်လွှတ်ပြီး..... .ပြန်ခဲ့ရတာချည်းပါပဲ....။ သူ့စွန်ကလေးဆုံးရှုံးသွားမှာ.. စိုးရိမ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ .... မြစ်ကမ်းဘေးတစ်လျှောက် စွန်ကို နိမ့်နိမ့်လေးဆွဲသွားကာ ပျံသန်းစေလေ့ရှိခဲ့တာမို့  နှစ်ယောက်အတူ ပြန်တဲ့အချိန်တိုင်း.. ကလေးလေးနှစ်ယောက်.. တစ်ယောက်က စွန်ကလေး ဆုံးရှုံးသွားလို့.. ငိုမဲ့မဲ့ဖြစ်နေတတ်ပေမယ့်.. တစ်ယောက်ကတော့.. ဘယ်တုန်းကမှ အမြင့်ကို.. ပျံသန်းခွင့်မပေးခဲ့လို့.. လက်ထဲမှာ. မပျောက်မပျက်ရှိနေဆဲဖြစ်တဲ့.. စွန်ကလေးကို ကိုင်ဆွဲလို့.. ။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
မင်းက အမြင့်ကြီးကို.. ပျံခိုင်းတာကိုး.. ။ သူက အဝေးရောက်တော့.. မင်းဆီကို ဘယ်ပြန်လာနိုင်တော့မှာလဲ..။ နောက်တစ်ခါဆို.. ငါ့လိုမျိုး.. နိမ့်နိမ့်လေးပဲပျံခိုင်း.. ။ အဲဒါမှ စွန်လေးကို မင်းမဆုံးရှုံးမှာ..” လို့သူငယ်ချင်းက အမြဲတမ်းပြောတတ်လေ့  ရှိခဲ့ပေမယ့်.. ...စွန်ကလေးအမြင့်ကို ရောက်သွားတိုင်း.. သစ်ပင်တွေ.. ဓါတ်တိုင်တွေ.. တခြားကလေးတွေရဲ့.. စွန်လေးတွေကို .. ကျော်ဖြတ်ပြီး .. မိုးကောင်းကင်မှာ.. လွတ်လပ်စွာ.. ပျံဝဲနေတာကို .. တွေ့တိုင်း..ပျော်တတ်ခဲ့တဲ့သူက… စွန်ကလေးပိုပျော်နိုင်ဖို့.. ပိုလွတ်လပ်ဖို့.. စွန်ကြိုးတွေကို.. အမြဲတမ်း ကိုယ်တိုင်သတိမထားမိဘဲ ..ရစ်ငင်ပေးလေ့ရှိခဲ့တယ်..။ 

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူ့လိုပဲ.. စွန်လွှတ်တာကို.. သဘောကျတတ်တဲ့..သူမကတော့.. စွန်ကလေး မိုးကောင်းကင်ကြီးထဲမှာ.. အနှောင့်အယှက် ကင်းကင်းနဲ့.. ပျံဝဲနေအောင်.. စွန်ကြိုးတွေကို.. သူရစ်ငင်ပေးနေတဲ့အချိန်တိုင်း.. ဘေးနားကနေ ကလေးတစ်ယောက်လို .. ပျော်ရွှင်မြူးထူးစွာ. ခုန်ပေါက်အားပေးလေ့ရှိခဲ့တယ်..။ ဒါပေမယ့်.. စွန်ကလေးကို ကောင်းကင်ကြီးထဲမှာ… တစ်ယောက်တည်း စွန့်လွှတ်ခဲ့ရပြီး.. ပျံသန်းစေခဲ့တဲ့ အချိန်မှာတော့.. သူ့လို ခံစားနှမျောမနေတတ်ပဲ… ကောင်းကင်ကြီးထဲမှာ.. အနှောင်အဖွဲ့တွေ မရှိတော့ဘဲ… လွတ်လွတ်လပ်လပ်.. ပျံသန်းသွားနိုင်ပြီဆိုပြီး… စွန်ကလေးအတွက်.. ကြံဖန်ဂုဏ်ယူနေတတ်ပြန်သေးတယ်..။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူမရဲ့ ရည်မှန်းချက်ကြီးကြီးတွေကို.... .ပြောပြတတ်တဲ့အချိန်တိုင်း.. သူမမျက်ဝန်းရဲ့ အရောင်တွေတလက်လက်နဲ့.. ယုံကြည်ချက်တွေ ကို.. တွေ့ရလေ့ရှိတဲ့အခါတိုင်း… သူ့ရဲ့စွန်ကလေး အဝေးကို ရောက်သွားတော့မှာပါလားဆိုတဲ့ အတွေးမျိုး သူတွေးခဲ့ဖူးတယ်..။

သူသတိမထားဖြစ်ပေမယ့်လည်း… အမှတ်တရနေ့တွေတိုင်းမှာ… ပေးခဲ့တဲ့လက်ဆောင်အချို့ဟာ.. ကဗျာဆန်ဆန်ပန်းစည်းတွေ.. သူမချစ်တတ်တဲ့အရုပ်သေးသေးလေးတွေ..  ချောကလက်တွေ.. ဖြစ်မနေတတ်ပဲ.. သူမလေ့လာဖို့.. IELTS စာအုပ်တွေ.. စိတ်ခွန်အားဖြည့်ဘာသာပြန်စာအုပ်တွေ.. ဖြစ်နေတတ်တယ်…။
ကဗျာစာအုပ်လှလှလေးတွေနေရာမှာ… သူမဖတ်ဖို့… နည်းပညာစာအုပ် ထူထူတွေ … ဖြစ်နေတတ်ပြန်တယ်..။ နားထောင်ချင် စရာ.. အချစ်သီချင်းသံစဉ်ချိုချိုလေးတွေမဟုတ်ဘဲ… သူမလေ့ကျင့်ဖို့.. အင်္ဂလိပ်စကားပြော အခွေတွေပဲ… ပေးဖြစ်နေခဲ့တယ်..။ သူမပိုချစ်လာစေဖို့… စကားလုံးလှလှလေးတွေနဲ့… ကြင်ကြင်နာနာပြောရမယ့်အစား… သူမရဲ့ကြိုးစားမှုတွေ အရာထင်  အောင်မြင်စေဖို့… မချင့်မရဲ အားမနာတမ်းဝေဖန်မှုတွေ.. ဖြစ်နေတတ်ခဲ့တယ်..။
တစ်ခါတစ်ခါ.. သူမရဲ့ Email-Inbox မှာ.. ချစ်တဲ့အကြောင်း.. လွမ်းတဲ့အကြောင်းတွေ.. မဟုတ်ခဲ့ဘဲ…. သူပို့ပေးတတ်တဲ့.. နိုင်ငံတော်တော်များများက.. Scholarship Information တွေ လေ့လာစရာ E-book တွေပဲ.. သူမတွေ့ရ တတ်တယ်…။ သူမရဲ့ Facebook Wall တစ်ခုလုံးမှာ… သူတင်ထားတတ်တဲ့.. Scholarship Link တွေ၊ သူမလေ့လာနေတတ်တဲ့.. ဘာသာရပ်နဲ့ ဆိုင်တဲ့လင့်ခ်တွေနဲ့ ပြည့်နေတတ်ခဲ့တယ်..။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
စွန်ကလေး အမြင့်ကိုရောက်သွားတိုင်း ငယ်ငယ်တုန်းက (ဘာမှမသိတော့) ပျော်ခဲ့မိတယ်...(တကယ်တော့ သံယောဇဉ်ကြိုး နွမ်းနွမ်းလေးနဲ့ လွှတ်တင်ထားတဲ့ စွန်လွှတ်သူရဲ့အဝေးကို   ရောက်မှန်းမသိရောက်သွား တာကို တဖြည်းဖြည်း သိလာရတော့ ... ) လွတ်လပ်စွာ.. ကောင်းကင်ကြီးတစ်နေရာမှာ… ပျံဝဲနေမယ့်.. စွန်လေးအတွက်..… ရစ်ငင်ခဲ့တဲ့… သံယောဇဉ်ကြိုးရှည်ရှည်တွေအတွက်တော့… သူဘယ်တော့မှ .. နောင်တရမိမှာမဟုတ်ပါဘူး…။ 

Thanks for reading.. Hoping you all the best!!!!
♥♥ ♥ ♥ ♥♥

8 comments:

Unknown said...

ကောင်းလိုက်တာဗျာ ဖတ်လို့ ...
အားကျလိုက်တာ ...
ကျေးဇူးပါဗျာ...
ဘယ်တော့မှရေးတတ်မလဲ မသိဘူး ကျွန်တော်ကတော့...:)

ရင်ဆူး said...

စွန်လွှတ်သူ ကိုဖတ်သွားတာ ကောင်းတယ်ဗျာ....တင်စားတာလေးတွေ....မိုက်တယ်....တကယ်တော့ စွန်လွှတ်သူဆိုတာ စွန့်လွှတ်သူမဟုတ်ဘူးဆိုတဲ့အကြောင်း......စွန်လေး အဝေးကြီး အမြင့်ကြီးပျံသန်းနိုင်ဖို့ လွှတ်တင်နေတဲ့ မေတ္တာတရားတွေပိုင်ဆိုင်တဲ့ လူတစ်ယောက်သာဖြစ်ကြောင်း ရေးသွားတာအရမ်းမိုက်တယ်....အားပေးနေပါတယ်ဗျာ........

Snow May said...

ဟီးးးးး.. ရေးပြီးမှ.. တော်တော်များ ဇာတ်နာသွားသလားလို့.. စွန်လွှတ်တဲ့သူကို.. ပြန်တောင် သနားနေမိတယ်.. :)

ချစ်စံအိမ် said...

စွန်ကလေး အမြင့်ကိုရောက်သွားတိုင်း ငယ်ငယ်တုန်းက (ဘာမှမသိတော့) ပျော်ခဲ့မိတယ်...(တကယ်တော့ သံယောဇဉ်ကြိုး နွမ်းနွမ်းလေးနဲ့ လွှတ်တင်ထားတဲ့ စွန်လွှတ်သူရဲ့အဝေးကို ရောက်မှန်းမသိရောက်သွား တာကို တဖြည်းဖြည်း သိလာရတော့ ... ) လွတ်လပ်စွာ.. ကောင်းကင်ကြီးတစ်နေရာမှာ… ပျံဝဲနေမယ့်.. စွန်လေးအတွက်..… ရစ်ငင်ခဲ့တဲ့… သံယောဇဉ်ကြိုးရှည်ရှည်တွေအတွက်တော့… သူဘယ်တော့မှ .. နောင်တရမိမှာမဟုတ်ပါဘူး…။

အရမ်းကောင်းတဲ့စာသားလေးတွေပါစနိုးရေ အားကျမိပါတယ်..

မိုးသက် said...

မိုက်လှချည်လားအစ်မ.. ကောင်းလိုက်တာဗျာ.. ။ ဒါတောင်.. နာ့အစ်မရေးတာ မကြာသေးဘူးထင်တယ်နော်...။ (တူများကိုသာ
ပြောရတယ်... ။ ကျနော်လည်းရှေ့ဆင့်နောက်ဆင့်ပဲ..။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှစတာ.. ဟိဟိ)..။ အ တုယူရမယ့်သူတွေကများသထက်များလာပြီ...။ ဆက်ရေးပါအစ်မ. မိုက်တယ်..။ အားပေးနေမယ်နော်..။

လွင်ပြင်လှိုင်းငယ် said...

ဖတ်လို့ အရမ်းကောင်းတယ်
အားကျလျက်

Yoemyaykya said...

စွန်လွှတ်ချင်လိုက်တာ။ဒါပေမယ့် လွှတ်တတ်ဘူး။

Yoemyaykya said...

စွန်လွှတ်ချင်လိုက်တာ။ ဒါပေမယ့်လွှတ်တတ်ဘူးဖြစ်နေတယ်။သင်ပေး။

Follow Us @soratemplates