Friday, 13 April 2012

# Sharing

သင်္ကြန်အလွမ်းပြေ Live ကြည့်ဖို့


အားလုံးနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေနော်..။
မြန်မာနိုင်ငံမှာ ရှိနေတဲ့သူများကတော့... ဘုရားသွားကျောင်းတက်.. ကုသိုလ်ကောင်းမှုတွေလုပ်.. တချို့တော့ လျှောက်လည်ကြတာနဲ့ နှစ်သစ်သင်္ကြန်ကို ပျော်ပျော်ကြီး ဆင်နွှဲနေကြတဲ့ အချိန်အခါပေါ့...။
အခု Skynet Live Channel ကနေ တိုက်ရိုက်လွှင့်နေတဲ့.... သင်္ကြန်မြင်ကွင်းတွေကို.... အလွမ်းပြေကြည့်ချင်သူများ.... ကြည့်ရှုခံစားနိုင်ဖို့... Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...။
တော်တော်များများတော့ သိပြီးသားဖြစ်သလို... ဒီSoftware နဲ့ပဲဖြစ်ဖြစ်.. တခြားတစ်ခုခုနဲ့ပဲ ဖြစ်ဖြစ်... ကြည့်နေကြပြီးဖြစ်မှာပါ..။ သိပြီးသားသူတွေအတွက်တော့.... အပိုပြောသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါရစေ..။ ကျမအတွက်တော့ အခုတလောမှ သိတာကြောင့်... မသိသေးတဲ့သူများအတွက် TV ကို တိုက်ရိုက်ကြည့်လို့ရအောင် သိတဲ့နည်းနည်းလေးကို ဝေမျှပေးခြင်းပါ..။ Software ရဲ့ နာမည်ကတော့ TVU Player ဖြစ်ပါတယ်..။ Live Channel အတော်များများကို တိုက်ရိုက်ကြည့်လို့ရပါတယ်..။ အောက်ကလင့်မှာ.. Download ချနိုင်ပါတယ်..။ 


Sky Net Channel ကတော့ ၉၉၂၂၁ ဖြစ်ပါတယ်..။ Channel Search မှာ ရှာပြီး ဖွင့်လိုက်ရုံပါပဲ..။
အရင်နှစ်က... နေပြည်တော်သင်္ကြန်ကို တစ်ရက်လျှောက်လည်ဖြစ်တယ်...။ ကျန်တဲ့ရက်တွေကတော့ ဘုန်းကြီးကျောင်းသွားဖြစ်တယ်...:) နှစ်ဆန်းတစ်ရက်နေ့မှာတော့.... အိမ်မှာ မုန့်လုံးရေပေါ်လုပ်ပြီး... အိမ်နီးချင်းတွေကို အလှူလုပ်ကြတယ်...။ ကပ်ကျော်မုန့်လို့ခေါ်တာကြောင့်... တစ်နှစ်ပတ်လုံး ကံကောင်းစေဖို့ရယ်... ကုသိုလ်ရအောင်လို့လည်း လုပ်ဖြစ်ခဲ့တာပါ...။

အရင်နှစ်နေပြည်တော်သင်္ကြန်ကတော့.. တော်တော်စည်ကားတယ်...။ အဓိကကတော့ SkyNet မဏ္ဏပ်ကြောင့်ဖြစ်မယ်..။ Skynet က နာမည်ကြီးမင်းသားမင်းသမီး အဆိုတော်တွေကိုအများကြီးငှားပြီး  ကျင်းပခဲ့တာကိုး..။ သင်္ကြန်လာသမျှကားတွေကလည်း အဲဒီမဏ္ဏပ်ရှေ့မှာပဲ စုပြုံတိုးဝှေ့နေကြတယ်..။ မဏ္ဏပ်ရှေ့အထိ ကားကိုသွားမရလို့.. ခပ်ဝေးဝေးမှာပဲ ကားကိုရပ်ပြီး.. လမ်းလျှောက်ပြီး.. သီချင်းဆိုတာကို သွားအားပေးခဲ့တာလေ..။ အဲဒီတုန်းက ဘိုဖြူက တောင်ကြီးသူမရအောင်ပိုး ဆိုတဲ့သီချင်းကို ခဏခဏဆိုတာပဲ..။ ပရိသတ်တွေကလည်း အဲဒီသီချင်းနဲ့ အောက်ကနေ လိုက်ကကြတာ လူတွေအများကြီးပဲ..။ ရန်အောင်ဆိုပြီး မေသန်းနုကတာတော့ သေချာကြည့်ခဲ့ရတယ်..။ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်သလို နှစ်ယောက်လုံး အသားအရေက အရမ်းလှကြသလို.. အပြင်မှာ ပိုပြီး ကြည့်ကောင်းကြတယ်..။ အရင်နှစ်က သူငယ်ချင်း သီချင်းကို ဆိုတဲ့ ညဏ်လင်းအောင်ဆိုတဲ့ အဆိုတော်လည်း နေပြည်တော်ကိုလာတယ်..။ အဲဒီသီချင်းကို ကြားဖူးနေတာကြာနေပြီး.. အဆိုတော်ကိုတော့ အဲတော့မှ မြင်ဖူးတာ.. ။

မနေ့က အိမ်ကို ဖုန်းဆက်တော့... နှစ်သစ်ပိတ်ရက်ဆိုတော့ တစ်အိမ်လုံးစုံနေပြီး.. ကျမတစ်ယောက်တည်း မရှိတာဆိုတော့ မေမေက သတိရလို့တဲ့ ပြောနေတာ.. ဒီနှစ်ဘယ်မှ မသွားဘဲ ဘုန်းကြီးကျောင်းပဲ သွားကြမယ်တဲ့.. သင်္ကြန်ကိုတော့ TV ကနေကြည့်ရတာပဲ အန္တရာယ်ကင်းပြီး အားလုံးကို ကြည့်ရတယ်တဲ့. 
အဲဒါနဲ့ ကျမလည်း ဒီမှာ အကုန်လုံးကို ကြည့်လို့ရပါတယ်လို့တောင် ပြန်ပြောလိုက်သေးတယ်..။ အရင်နှစ်က နေပြည်တော် ရေပန်းဥယျာဉ်ထဲကိုလည်း လျှောက်လည်ဖြစ်တယ်..။ နေ့လည်စာကိုတော့ နေပြည်တော်မှာ နာမည်ကြီးပြီး လူကြိုက်များတဲ့ မောခမ်းနွံ ဆိုတဲ့ ရှမ်းထမင်းဆိုင်မှာ စားခဲ့ကြတယ်.. ။ နေပြည်တော်ရောက်ရင် အဲဒီဆိုင်မှာ စားဖြစ်အောင်စားကြည့်ကြပါနော်..။ ကျမကတော့ ရှမ်းအစားအစားတွေ ရှမ်းဟင်းတွေ ကြိုက်လို့လားမသိဘူး.. အဲဒီဆိုင်မှာ စားရတာ အရမ်းကြိုက်တယ်..။  နောက်နှစ်သင်္ကြန်တော့ မြန်မာနိုင်ငံကို ခဏ ပြန်ဖြစ်မယ်ထင်ပါတယ်..။

အခုလောလောဆယ် ရန်ကုန်သင်္ကြန်မှာ... မေတ္တာတို့ ကုသိုလ်တို့အဖွဲ့ရဲ့ သံချပ်သီချင်းတွေ လွှင့်နေတယ်..။ အစက သံချပ်တွေ မဆိုရဘူးဆိုပြီး ကြားထားတာ အခုတော့ သင်္ကြန်နဲ့ သံချပ်လိုက်ဖက်ညီမှုကို မြင်တွေ့ရနိုင်ပါပြီ..။ 


မနေ့က သင်္ကြန်အကြိုနေ့မှာ Google က မြန်မာသင်္ကြန်အထိမ်းအမှတ်... အသစ်တင်ပေးခဲ့တဲ့ logo လေးပါ..။ သူတို့လည်း မြန်မာသင်္ကြန်ကို အမှတ်တရ ဖြစ်တဲ့သဘောပေါ့.. :)

တစ်ကယ်တော့ ကျမလိုပဲ အဲဒီလိုဂိုတွေသဘောကျတတ်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဘာသာပြင်ပြီး .... လုပ်ထားတဲ့ လိုဂိုပါ.. Google ကပြောင်းတာမဟုတ်ပါဘူး :P


အားလုံးပျော်ရွှင်ပါစေ :D

3 comments:

ရင်ဆူး said...

ဟုတ်တယ်စနိုးရေ...ငါလည်း အဲ့ဒါဒေါင်းပြီးထည့်ထားတယ်....လိုင်းကတော့ နဲနဲထစ်တယ်....ဒါပေမဲ့ ကြည့်ရတာ အလွမ်းပြေသလို အန္တာရာယ်လည်းကင်းတာပေါ့....အောက်ကလိုဂိုကို ငါကတကယ်ထင်သွားတာ..Google Logo တွေအားလုံးကြည့်ဖူးပါတယ်လို့ မတွေ့ဘူးဘူးထင်နေတာ....နောက်တော့မှ ပြင်ထားတာတဲ့....တော်တော်ဆိုးပါ့..စနိုးရယ်...

ချစ်စံအိမ် said...

ဘာပဲဖြစ်ဖြစ် ရေလောင်းသွားပါတယ်...ဟီး
နှစ်သစ်မှာပျော်ရွှင်ပါစေ..

Snow May said...

:D :D ငါ့ဆီမှာတော့ မထစ်ဘူး.. ကြည့်ရတာတော်တော်အဆင်ပြေတယ်

Follow Us @soratemplates